မြန်မာနိုင်ငံမှ ဓာတ်ငွေ့ ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် စဉ်းစားနေ

alt

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို ၀ယ်ယူ တင်သွင်းသွားရန် စဉ်းစား နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဌာန အတွင်းရေးမှူး မိုဟာမက် မီဂျာရူကွာရက်က ဒီဇင်ဘာ (၂၉) ရက်

နေ့၊ ဒါကာတွင် ကျင်းပမည့် ၀န်ကြီး အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယခု ကိစ္စအား အဓိကထား ဆွေးနွေး သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ စွမ်းအင် ၀ယ်ယူခြင်းဖြင့် တိုင်းပြည် တိုးတက်ရေး စီမံကိန်းများ တည်ဆောက် ရာတွင် ပိုမို အဆင့်မြှင့်တင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည် ကြောင်း မစ္စတာ မိုဟာမက် က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်သည် ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို ပြည်ပမှ ၀ယ်ယူရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာ စစ်အစိုးရ ကလည်း ရောင်းချရန် အသင့် ရှိနေသောကြောင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိအောင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မစ္စတာမိုဟာမက်က မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ် စက်ရုံအချို့ ဆောက်လုပ်ခွင့်နှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများသို့ ရောက်နေသည့် ရိုဟင်ဂျာ မွတ်ဆလင် (၂၈၀၀၀)ကျော် တို့အား ပြန်ပို့ရေး ကိစ္စများ အတွက်ပါ ဆွေးနွေး သွားမည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

လေ့လာသူ များက ဘင်္ဂလားဒေ့ရှ်သည် ဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းများနှင့် စီးပွားရေး ထူထောင်မှု လုပ်ငန်းများ အတွက် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ပမာဏကို (၆)ရာခိုင်နှုန်း မျှအထိ ပြည်ပမှ တိုးမြှင့် ၀ယ်ယူရမည်ဟု ခန့်မှန်း ထားကြသည်။ ဘင်္ဂလားဒေ့ရှ် တွင် ဓာတ်ငွေ့ ပမာဏ (၇.၂)ထရီလီယံ ကျုဘစ်ပေ အထိ တွေ့ရှိထားပြီး နောက်ထပ် ကျုဘီပေ (၅.၅) ထရီလီယံ အထိ ရှိနေသေးသော်လည်း ထိုပမာဏသည် လာမည့်နှစ် အနည်းငယ်အတွင်း ကုန်ဆုံးသွားဖွယ် ရှိကြောင်း ပညာရှင်များက မှန်းဆိုကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here