ဖြစ်မျိုးစုံလင် ဒီတလတွင် ( ဒီဇင်ဘာ )

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နှစ်တခု၏ နောက်ဆုံးလ ဖြစ်သော ကြောင့် သည်နှစ်အတွင်း ထူးခြားစွာ ပေါ်ပေါက်လာသော မြန်မာ့ နိုင်ငံရေး အကြောင်းအရာ အနည်း အကျဉ်းကို တင်ပြချင်သည်။

ဤနှစ်အတွင်း ကမ္ဘာကြီးမှာ စီးပွားပျက်ပြီး နလံထူလာသော နောက်ပိုင်း အမေရိကန် ပြည်ထောင်စု၏ ဒု သမ္မတဟောင်း အယ်လ်ဂိုး၏ ကမ္ဘာကြီး ပူနွေးလာသော အကြောင်း အရင်းအမြစ် တင်ပြချက်သည် လူသန်းပေါင်း များစွာအတွက် မျိုးဆက် ပြဿနာတခုလို့ ထင်မြင်ယူဆ လာကြသည်။ သို့အတွက် သဘာဝ ပတ်ဝန်းကျင်ကို လွန်စွာ ထိန်းသိမ်းသော ဒိန်းမတ် နိုင်ငံမြို့တော် ကိုပင်ဟေဂင် တွင် အိမ်ရှင်အဖြစ် နိုင်ငံတကာနှင့် သက်ဆိုင်သော အဓိက အစည်းအဝေးကြီး တခုကို လက်ခံ ကျင်းပခဲ့ပါသည်။ ထို အစည်းအဝေး၏ အကျိုး ရလဒ်ဟာ ကမ္ဘာသူ ကမ္ဘာသား များအတွက် အကျိုးစုံတရာ ဖြစ်ထွန်း လာလိမ့်မည်လို့ မျှော်လင့်များစွာဖြင့် စောင့်မျှော်နေသူတွေ၊ ထိုပြဿနာဟာ ငါတို့နှင့်လည်း သက်ဆိုင်ပါသည် ဆိုသော အစိုးရ မဟုတ်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တဖွဲဖွဲ ရောက်ရှိလာကြပြီး ကိုယ့်ရဲ့ ဆန္ဒကို ရဲဝံ့စွာလာရောက် ဖေါ်ထုတ်ကြသည်မှာ အားရဖွယ်ရာ ဖြစ်သည်။

သို့ပါသော်လည်း ကမ္ဘာ့ခေါင်းဆောင်များဟာ ကိုယ့်ကျိုးစီးပွား မူဝါဒ ကာကွယ်ရင်းနဲ့ သောင်တင် ရေမကျ ရလဒ်မျှသာ ရခဲ့ကြသည်။ ဒါကြောင့် ကွန်မြူနစ် အတွေးအခေါ်ရှိသော ဗင်နီဇွဲလား သမ္မတက

ဒီပြဿနာဟာ ချမ်းသာတဲ့ သူတွေရဲ့ ဘဏ်တိုက် ဖြစ်မယ်ဆိုရင် ၎င်း အစည်းအဝေးမှ အကျိုးရလဒ် တခု လွယ်ကူစွာ ချမှတ် နိုင်လိမ့်မယ်!!!

လို့ တင်စား ပြောဆိုခဲ့တယ်။ တဖက်အမြင်နဲ့ စဉ်းစားရမယ်ဆိုလျှင် နလံထ လာစ ကမ္ဘာ့စီးပွားရေး အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချမယ် ဆိုရင် စက်ရုံအလုပ်ရုံများ ပြန်ပိတ်ရမဲ့ အနေအထား ရောက်လာပြီး သန်းပေါင်း များစွာသော အခြေခံလူတန်းစား အလုပ်သမားများ အတွက် ရပ်တည်မှုဟာ လွန်စွာ ခက်ခဲတဲ့ အခြေအနေတခုကို သက်ရောက် လာနိုင်သည်။ သို့အတွက်ကြောင့် ထိုအစည်းအဝေးမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဟာ မောင်ပိုလဲ မောင်ပိုနေရာပြန်သွား ကျားလဲ ကျားနေရာ ပြန်နေဆိုသော အနေအထားမျှသာ သက်ရောက်လိမ့်မည်။ ဒီပြဿနာဟာ ကိုယ့်ရှုး ကိုယ်ပတ်သလို ဆုပ်လဲစူး စားလဲရူးပါပဲ။ ထိုအစည်းအဝေး၏ ဘယ်သို့သော ရလဒ်ပဲ ထွက်လာထွက်လာ လက်ရှိ ဦးဆောင်နေတဲ့ ကမာ္ဘ့ ခေါင်းဆောင်များရဲ့ သူတို့ ဆုံးဖြတ်ခဲ့သော ရလဒ်အတွက် လက်သည် တရာခံ မဟုတ်တာတော့ သေခြာပါတယ်။

ထို အစည်းအဝေးကို မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာတက်မည်ဟု ပြည်ပ နာမည်ကြီး သတင်းဌာန များက တင်ကြိုစွာ သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတကာရောက် အတိုက်အခံ အင်အားစုများကလဲ ဒိန်းမတ် နိုင်ငံအတွင်း မြန်မာ့အရေးကို စိတ်ဝင်စားသော သူများဦးစီးပြီး ဗိုလ်သိန်းစိန်အား ပြင်းထန်စွာ ဆန္ဒပြရန် ဆော်ဩခဲ့တယ်၊ ဒီတင် သတင်းဌာနများ၏ သတင်းမှားလား။ ဒါမဟုတ် ဗိုလ်သိန်းစိန်တို့ အဖွဲ့ကပဲ ကြိုတင် သတင်းရသွားလား မသိ။ ထိုဆန္ဒပြမည့် နေ့ရက်ကို သူတို့ ရောက်ရှိလာခြင်း မရှိပေ။ ထိုအချိန်တွင် ဗိုလ်သိန်းစိန်က လောနိုင်ငံတွင် ကျင်းပနေသော Sea Game ဖွင့်ပွဲ ကျင်းပသည့် နေရာသို့ ရောက်နေသည်။

ရက် အနည်းငယ်ကြာမှ နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သော အဖွဲ့တဖွဲ့ ခပ်သုတ်သုတ် ရောက်ရှိလာသည်။ သို့အတွက် ဒိန်းမတ်ရောက် မြန်မာအရေး လှုပ်ရှားတဲ့သူ များအတွက် နောက်တခေါက် ထပ်သွားရန် အခြေအနေက ဖန်တီးလာခဲ့ပြန်သည်။ တချို့ အားလပ်ရက် ရှိသော သူများ အတွက်တော့ မထောင်းသာပေမဲ့ အလုပ် လုပ်နေတဲ့ သူများအတွက် နောက်တကြိမ် အလုပ်မှ ခွင့်ယူရန် အတွက် မဖြစ်နိုင်တဲ့ အနေအထား ရောက်လာသဖြင့် ထိုဆန္ဒပြပွဲ အတွက် အင်အား ယုတ်လျှော့သွားတာ အမှန်ပင် ဖြစ်သည်။ ဦးစွာတင်ပြ ပထမ ဖြစ်ချင်တဲ့ သတင်းဌာနများကို အပြစ်တင်ရမလား မသိတော့ချေ။

ကမ္ဘာကျော် စီးပွားရေး ပညာရှင် နိုဗယ်ဆုရ ပါမောက္ခ ဂျိုးဇက် စတက်ဂလစ်က မြန်မာနိုင်ငံကို လာရောက်ပြီး ဆင်းရဲ မွဲတေနေသော အခြေခံ လူတန်းစားများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ သီးစားချေးငွေ စနစ်ကို ပြောင်းလဲရန် အကြံပေးခဲ့တယ် ဆိုပါတယ်။ ဂျိုးဇက် စတက်ဂလစ် မသိလိုက်တဲ့အချက်က စစ်အုပ်စုဟာ စိုက်ပျိုးရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးမှုကို ၈၈ အာဏာသိမ်းအစိုးရက စတင်တာ ဟုတ်ပါဘူး ။ ၆၂ အာဏာသိမ်း ခေါင်းဆောင် ဦးနေဝင်းလဲ စိုက်ပျိုးရေးကို အခြေခံပြီး ဘယ်ပန်းတိုင်ကို ဘာညာ တိုင်းပြည်ဖြစ်အောင် တိုးတက်ရမယ် တကြော်ကြော် အော်ခဲ့ဖူးပါတယ်။ သေချာတာကတော့ ချေးခွင့် ရရှိသွားတဲ့ လယ်သမားတွေ အတွက်တော့ ဂျိုးဇက် စကက်ဂလစ်ဟာ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ရှင်အဇ္ဇဂေါဏ ဖြစ်သွားတာပေါ့။ ဘာဖြစ်ဖြစ် ကောင်းပါတယ်။

ရွေးကောက်ပွဲ အတွက် စည်းရုံးနေတာ လူတိုင်း သိပါတယ်။ ဗမာလူမျိုးအကြောင်း ကောင်းကောင်းသိတဲ့ စိတ်ဓါတ် စစ်ဆင်ရေးကို ကိုင်တွယ်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ရိုက်ချက်တွေ ပါမှာပါ။ အာဏာဆက်လက် တည်မြဲဖို့ အတွက် ကြည့်နေမှာပါ ဂျိုးဇက် မလာလဲ သူတို့ ချေးမှာပါ။ပြန်ဆပ်တဲ့ အချိန်မှာ ပြဿနာကတော့ ကြီးကျယ် ခမ်းနားစွာ ပေါ်လာဦးမှာ သေချာတယ်။ ငွေပြန်ဆပ်နိုင် မဆပ်နိုင်တဲ့ ဂယက်ပေါ့။ ကြည့်စမ်း ဘယ်လောက် ကောင်းလိုက်တဲ့ မဲဆွယ်မှုလဲ ဆိုတာ ပြည်သူအပေါ် စေတနာ ရှိလိုက်ပုံများ။ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ မဲဆွယ်ကြရင် နိုင်ငံရေးပါတီတွေက ပြည်သူများအပေါ် အပေးပဲရှိတာ ချေးငှားပြီး မဲဆွယ်တာ မကြားဖူးပါဘူး။ ထိုင်းနိုင်ငံ သက်ဆင် ခေတ်ကောင်းစဉ်က ကာလက သူတို့ မဲဆွယ်ရင် အနည်းဆုံး လူတယောက် ဘတ် ၅၀၀ ရသေးတယ်။ နောက်ပြီး ကျေးရွာများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးတယ်။ ဆည်မြောင်းများ အခမဲ့ ဖောက်ပေးတယ်။ ဒါကပ်နေတဲ့ နိုင်ငံတွေရဲ့  လူတိုင်းသိတဲ့ ပြယုဂ်။

နောက်တခုက စာရေးသူက စီးပွားရေး ပညာရှင်မဟုတ် ပေမဲ့ ကြံုလာတဲ့ အတွေ့အကြုံ တခုကို မျှဝေချင်ပါတယ်။ ပွင့်လင်းရာသီ ရောက်ြပြီး စပါးတွေ ပေါ်လာပြီဆိုပါတော့။ လယ်သမားတွေ အတွက် ခေါင်းစားရတာက စစ်တပ်က စပါး လာဝယ်ခြင်း။ ဒီအပေါ်မှာ ရှင်းပြချင်တာတာက ဟုတ်ပါပီ စပါး စပေါ်ခြင်း လယ်ထဲကို စတင် ရောက်ရှိလာတာက လက်နက်ကိုင်ထားတဲ့ စစ်တပ်ပါပဲ။ သူကိုယ်သူ ရှေးခေတ် ချစ်တီးများလား အောက်မေ့နေသလား မသိ။ ကာလပေါက်ဈေး ဘာညာ သူတို့ နားမလည်ပါ၊ သူတို့ သတ်မှတ်လိုက်တဲ့ ဈေးနဲ့ ဆမတန် ဈေးနှိမ်ပြီး ၀ယ်သားကြတယ်။ လယ်သမားတွေ ခမျှာမှာ လက်ကျန် စပါးများကိုသာ ကုန်သည်ဆီ ကာလပေါက်ဈေးဖြင့် ရောင်းချရတယ်။ ဥပမာ လယ်သမားတယောက် စပါး အတင်း ၁၀၀ ထွက်သည်ဆိုပါစို့ ။ ကာလ ပေါက်ဈေးက တတင်းကို ၁၀၀၀ ကျပ် အဖြစ် ထားလိုက်ပါ။ စစ်တပ်က ခွဲတမ်း စနစ်အရ စပါးတွေကို သူတို့ သတ်မှတ်ထားတဲ့ တတင်း ၅၀၀ ကျပ်နှုန်းနဲ့ စပါး အတင်း ၃၀ အတင်းအကြပ် ၀ယ်ယူသွားတယ်။ နောက်ပြီး ကျွဲနွား ဋ္ဌားရမ်းခ၊ ကောက်စိုက် သမား ဋ္ဌားခ၊ လယ်သူရင်း ဋ္ဌားခ .. ဒီကြား အမတော်ကြေး ကလဲ ပြန်ဆပ်ရတာနဲ့ လယ်သမားတွေ ခမျှာ လက်ကျန် စပါးအတင်း ရ၀ ဟာ သူတို့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရတဲ့ ဘဝပါ။ ဒီအဖြစ်အပျက်တွေက မြန်မာ့ လယ်သမားတွေ ခံစားရခဲ့တာ ရာစုနှစ်နဲ့ ချီနေပါပြီလေ။

အခုလဲ ပိုက်ဆံတော့ ချေးပါတယ်။ အတိုးနည်းတယ်။ ဟုတ်ပါပြီ ကောင်းပါတယ်။ ဖြစ်ရမှာက နောက်တနှစ် စပါးပေါ်ရင် စစ်တပ်က ခွဲတမ်းချပြီး စပါးဝယ်တဲ့ အချိန်မှာ ကာလပေါက်ဈေး ဈေးပြိုင်စနစ်နဲ့ ၀ယ်မှသာ လယ်သမားများအတွက် အနည်းအကျဉ်း အမြတ်ရမှပေါ့။ အခုက အမြတ်ရမဲ့ စပါးတွေကို စစ်တပ်က အတင်းအကြပ် ကိုယ်လိုတဲ့ ဈေးနဲ့ လာဝယ်နေတယ် ဆိုတော့ .. လယ်သမားဘဝ မြှင့်တင်ဖို့ ဆိုတာက အိပ်မက်ပါပဲ .. စိုက်ပျိုးရေးကို အခြေခံပြီး ဘာတွေညာတွေ၊ လယ်သမား လူတန်းစား မြင့်တင်ရန် ဘာတွေ ညာတွေ အော်နေတာက ကြာပါပြီ။ လယ်သမားများဘဝ လယ်လုပ်ရင်း လယ်ဆုံးရခဲ့တဲ့ ဘဝတွေ ဒုနဲ့ဒေးပါ။

၂၀၁၀ ရွေးကောက်ပွဲ အမှီ မြန်မာနိုင်ငံရေး လောကမှာ တစခန်း ထလာတာကတော့ တတိယလှိုင်း၊ တတိယအုပ်စု ဖြစ်တယ်။ ဒီ အာဂျင်တာက ပြည်တွင်း အတိုက်အခံ အုပ်စုမှာရော ၊ အဝေးရောက် အတိုက်အခံ မြန်မာအတွင်းမှာ ပွက်လောရိုက်သွားတဲ့ အခင်းအကျင်း တခုပါပဲ။ ဒီ အအတွေးအခေါ်ကို ဘယ်သူက စ ထွင်လိုက်သလဲတော့ မသိ။ ယုတ္တိကျကျ စဉ်းစားရမည် ဆိုလျှင် စစ်အုပ်စု အသိုင်းအဝိုင်းက ထုတ်လွှင့်လိုက်တဲ့ သပ်ရှိုဖြိုခွဲခြင်း တခုလို့ မှတ်ယူလို့ ရပါ့မယ်။ ဒီအတွေးအခေါ်ကို လက်ခံ ယူငင်ကြသော သူများကို အပိုင်း ၂ပိုင်းဖြင့် ခွဲခြားပြီး သတ်မှတ်ရမည်။ တပိုင်းက ပြည်ပရောက် မြန်မာ့များနှင့် နောက်တပိုင်းက ပြည်တွင်း အတိုက်အခံ ဆိုသော အုပ်စုများ ဖြစ်သည်။

ပြည်ပရောက် မြန်မာများအပေါ် ဒီ အယူအဆ လွှမ်းမိုးမှုရှိလာတာက ၈၈ နောက်ပိုင်း နိုင်ငံရပ်ခြား အခြေချခဲ့သော လက်နက်ကိုင် လမ်းစဉ်မှ စွန့်လွှတ်လာခဲ့ကြသော အတိုက်အခံများနှင့် တခြားသော အတိုက်အခံ အုပ်စုတွေ ကွဲလွဲမှု၊ ၈၈ အရေးတော်ပုံ နောက်ပိုင်း အထူးသဖြင့် ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပတွင် အခြေချသူ အများစု နှင့် ၂၀၀၀ နောက်ပိုင်း ပြည်ပသို့ အခြေချလာသော မြန်မာလူမျိုးအတွင်း သဘောထားများ ကွဲလွဲမှုက စတင်ပြီလို့ အခြေခံရပါ့မယ်။ သဘောထား ကွဲလွဲမှုများ အခြေခံ အကြောင်းတရား မတူညီသော အချက်များဖြင့် တဦးကို တဦး ယုံကြည်မှု ကင်းမဲ့လာခြင်း၊ သိုမဟုတ် စစ်အုပ်စုမှ ပြည်ပသို့ လွတ်လိုက်သော သူလျှိုဒလန်များ၏ သပ်လျှိုမှုများက ထို တတိယလှိုင်း တတိယအုပ်စု ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းဟု ယေဘုယျ မှတ်ယူရမည်။ ဥပမာ။ ။ ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် အခြေချလာသူများဟာ အများသော အားဖြင့် ရန်ငါစည်းပြတ်ခဲ့သော သူများဖြစ်သည်။

ထို့နောက် ၂၀၀၀ နောက်ပိုင်း လူသားခြင်း စာနာသော ပရိုဂရမ်နှင့် နိုင်ငံရပ်ခြား အခြေချနေထိုင်ရန် ထွက်ခွာခဲ့သော သူများအတွင်း ရန်ငါစည်းပြတ်မှုကို ကိုင်စွဲသော အရေအတွက်ဟာ ရာနှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ရှိခဲ့သော်ငြားလည်း ကျန် ရန်ငါစည်း မပြတ်နိုင်သော ရ၀ ရာနှုန်းလောက်ဟာ လှေကြုံစီး အခွင့်သာဖြင့် ရောက်လာသော သူများနှင့် စစ်အစိုးရက တာဝန် ပေးအပ်လိုက်သော ဒေါင်းယောင်ဆောင်သည့် ကျီးများ ဖြစ်သည်။ ဤသည်မှာ ရှေ့ရောက်နှင့်နေသော ရန်ငါစည်း ပြတ်သော သူများက ထို ရ၀ ရာနှုန်းလောက် ရှိသော အဝေးရောက် မြန်မာများစုအပေါ် အမြင်မကြည်လင် ခဲ့ကြပေ။ ထို အမြင် မကြည်လင်မှုမှ အစပြု၍ ရ၀ ရာခိုင်နှုန်းရှိ အချို့သော သူများအတွင်း နိုင်ငံရေး မူဝါဒအရ ရန်ငါစည်း ပြတ်ချင်သော်ငြားလည်း ၈၈ အရေးတော်ပုံမှ ထွက်ခွာလာသော ပထမဦးစွာ ရောက်ရှိနေသော သူများ၏ အမြင်မကြည်လင်မှု ဒဏ်၊ ပြည်တွင်း မိသားစုများ ထိခိုက်နိုင်မှာလား ဒဏ် စသော သို့လော သို့လော အတွေးအခေါ်များဖြင့် တတိယလှိုင်း ဆိုသော တတိယ အုပ်စု အယူအဆဟာ ပြည်ပရောက် မြန်မာလူမျိုးများ အတွင်း ခေတ်စားလာတော့ အမှန်ပင် ဖြစ်သည်။

နောက်တပိုင်း အားဖြင့် ပြည်တွင်း နိုင်ငံရေးအတွင်း ထိုအယူအဆကို လက်ခံသော သူများကို တချက် စောင်းငဲ့ကြည့်ပြီး သုံးသပ်ရရင်…ဖြင့် ထိုသူများဟာ မြန်မာ့နိုင်ငံအတွင်း အထင်ကရ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အဖွဲ့၊ ကိုမင်းကိုနိုင်တို့ ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှာ သဘောထား ကွဲလွဲပြီး ထွက်ခွာလာသော သူများ ၊ မူလ အစကတည်းက အမြင် မကြည်လင်သူများ ဖြစ်သည်။ ထိုသူများဟာ အဓိက အတိုက်ခံများနှင့် ကွဲလွဲပြီး သကာလ သူတို့ ရှေ့ဆက် လျှောက်လမ်းရမဲ့ နိုင်ငံရေးမှုဟာ မည်မည်ရရ မရှိခဲ့ပေ။ သို့ဖြစ်ပါ၍ ရုတ်တရက် ပေါ်ထွက်လာသော တတိယလှိုင်း သို့မဟုတ် တတိယ အုပ်စု ဆိုသော အတွေးအခေါ် အပေါ် ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ အနာဂတ် ရပ်တည်မှုနှင့် ပေါင်းစပ်ကာ ထိုအယူအဆကို တွင်တွင်ကျယ်ကျယ် လက်ခံယူငင် သုံးစွဲလာသည်ကို တွေ့ရှိရသည်။

တတိယလှိုင်း သို့မဟုတ် တတိယအုပ်စု၏ အတွေးအခေါ် အယူအဆဟာ ဘက်မလိုက် ကြားနေ ၀ါဒပါပဲ။ အမေရိကန် ဆိုဗီယက် စစ်အေးတိုက်ပွဲ ကာလကို ကြည့်လိုက်ပါ.. အရင်းရှင်စနစ် (ထိုစဉ်က နယ်ချဲ့ဝါဒကို မုန်းတီးနေ) ကို လက်မခံတဲ့ နိုင်ငံများ၊ ကွန်မြူနစ် စံနစ်အား လက်ခံတဲ့ နိုင်ငံများနှင့် ဟိုမရောက် ဒီမရောက် စံနစ်နှင့် အမျိုးသားရေးကို လက်ခံသော နိုင်ငံများက တတိယအုပ်စုကို ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမဲ့ ကြားနေဝါဒဟာ ဘက်မလိုက်ဘူး ဆိုသော်ငြားလည်း မမြင်နိုင်သော အပိုင်းက ဘက်တခုအတွင်း ရှိနေသည်ကို တွေ့ရသည်။

ဆိုခဲ့သော အပိုင်းကို ကျွနု်ပ်တို့ အတွေ့အကြုံအရ ထောက်ရှု့ ရလျှင် ABSDF အဖွဲ့အတွင်း နှစ်ခြမ်းကွဲခဲ့သော ကာလတခုကို သတိရ လိုက်မိပါရဲ့  … ထိုစဉ်က တဖွဲ့လုံးကို မဆိုလိုပါ၊ စာရေးသူတို့ တောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကွဲပြဲမှု အနေအထားနှင့် ယခု မြန်မာနိုင်ငံရေး လောကအတွင်း ပေါ်ထွက်လာသည့် တတိယအုပ်စုနှင့် အခြေခံ တူညီနေကြောင်းကို သက်သေပြုလိုသောကြောင့် နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။ ဟိုး ယခင် ဂျီစီဘီအေ၊ ဖဆပလ၊ ဗကပ အကွဲအပြဲကို ခဏ ထားလိုက်ပါ။ ABSDF ဗဟိုကွဲခဲ့ပြီး နောက်ပိုင်း တောင်ပိုင်း ABSDF တပ်ရင်းများသို့ အကွဲအပြဲ ဂယက် ရိုက်ခတ်ခဲ့လာသည်။ ထိုရိုက်ခတ်မှုများကြောင့် စုစုစည်းစည်း ရှိခဲ့သော တပ်ရင်းများဟာ ဒေါက်တာနိုင်အောင် အဖွဲ့ကို လက်ခံသော အဖွဲ့၊ မိုးသီးဇွန်အား လက်ခံသော အဖွဲ့နှင့် ဘက်မလိုက် ကြားနေအဖွဲ့ စသော အဖွဲ့ ၃ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

ထို ဘက်မလိုက် ကြားနေဝါဒကို လက်ခံခဲ့သော သူများသည် ဘက်မလိုက်ဘူးဟု တကြော်ကြော် အော်နေသော် ငြားလည်း အများအားဖြင့် မိုးသီးဇွန်အား လက်ခံနေသည်ကို တွေ့ရသည်။ သို့သော် သူတို့ အကြောင်းပြတာက အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းစပ် နိုင်ရန်အတွက် ထိုဘက်မလိုက် အယူအဆကို လက်ခံခဲ့သည်ဟု ဆိုခဲ့သည်။ မည်သို့ပင် အကြောင်းပြ စေကာမူ ထို အတွေးအခေါ်ကို ထွင်လိုက်သော အဓိက လူများမှာ စခန်း ကိုယ်စားလှယ် ပြန်လည် မရွေးချယ် ခံရသောသူများနှင့် မိုးသီးဇွန်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစား နေသူများ ဖြစ်သည်။ ဆိုလိုသည်မှာ ထို ABSDF အဖွဲ့ဝင်များကို အပြစ်မြင် ပုတ်ခတ်နေသည် မဟုတ်၊ ယခု ဖြစ်ပေါ်နေသော တတိယလှိုင်း (သို့) တတိယ အုပ်စုသည်လည်း ABSDF အဖွဲ့အတွင်း ဖြစ်ပွားသကဲ့သို့ ဘက်မလိုက် ကြားနေ တတိယ အတွေးအခေါ်သည် ဘက်တခုအား မျက်ကွယ်ပြု၍ တခြားသော ဘက်တခုကို အားပြုနေသောကြောင့် ဆင်ခြင် တွေးတောနိုင်ရန် နှိုင်းယှဉ် တင်ပြချက်မျှသာ ဖြစ်၏။

လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ နိုင်ငံရေးအတွင်း စစ်ဗျူရိုကရက် စနစ်ကို လက်ခံသူများ၊ ကွန်မြူနစ်များနှင့် အမျိုးသား ဆိုရှယ်လစ်ဝါဒကို လက်ခံသူများ နိုင်ငံကို ပဲ့ကိုင်ခဲ့ကြသည်။ တဦးကိုတဦး တိုက်ခိုက်ခဲ့သည်။ တဖွဲ့နှင့်တဖွဲ့ ပြိုင်ဆိုင်ခဲ့သည်။ သိုသော်လည်း ၆၂ ခုနှစ် နောက်ပိုင်းတွင် စစ်ဗျူရိုကရက်များက နိုင်ငံကို အကြွင်းမဲ့ ချုပ်ကိုင် နိုင်ခဲ့ကြလေသည်။ ဒါလည်း အထင်ကရ နိုင်ငံရေး သမားများသည် နိုင်ငံကောင်းကျိုး အမျိုးသား ကောင်းစားရေးကို အဓိကမထားပဲ၊ မိမိအဖွဲ့ အာဏာရရှိရေးကို လက်ကိုင်ပြု၍ အပြိုင်အဆိုင် ကွဲလွဲကြပြီးနောက် ပြိုင်ဆိုင်မှု ကာလများအတွင်း အမိန့်နှင့်စည်းကမ်း စနစ်တကျ အပြည့်အဝဖြင့် တည်ဆောက်ထားသည့် စစ်ဗျူရိုကရက် အုပ်စုမှ အနိုင်ရလာခဲ့သည်ဟု ပြောရင် မှားနိုင်မည်ဟု မထင်ပေ။

စစ်အေး တိုက်ပွဲအတွင်း အင်အားကြီး နိုင်ငံများ၏ ချမှတ်ခဲ့သော ၀ါဒကို အကြွင်းမဲ့ လက်မခံခဲ့လျှင် နိုင်ငံသည် ယခုလို ဆင်းရဲ မွဲတေရမည် မဟုတ်ပါ။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြိုင်ဆိုင်မှုဟာ အာဏာရ စစ်ဗျူရိုကရက် အာဏာရှင်စနစ်နှင့် တဦးတယောက်အတွင်း အာဏာကို နှစ်ရှည်လများ ချုပ်ကိုင်ခွင့် မရှိသော ဒီမိုကရေစီဝါဒ သမားများ၏ တိုက်ပွဲသာ ဖြစ်သည်။ ထို့ကြောင့် တတိယလှိုင်းကို လက်ခံသော သူများဟာ ဘက်တဘက်တွင် ရပ်နေသော စစ်အာဏာရှင် ဗျူရိုကရက်တို့ကို အထူး သတိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော် အာဏာ အကြွင်းမဲ့ဖြစ်အောင် ဆုပ်ကိုင်ထားသော စစ်ဗျူရိုကရက်များ၏ အချုပ်အခြာ အာဏာကို ထိပါးလာရင် ရက်စက်ဖို့ အဆင်အသင့် ရှိနေတတ်သည်။ ပြီးနောက် ထိုအတွေးအခေါ်(တတိယအုပ်စု) ရှိသူများကို ဘက်တဘက်မှ မူတခုအား အသေဆုပ်ကိုင်ပြီး ရပ်နေသော သူများက လုံးဝဥသုံ လက်မခံကြပေ။ သံသယ ရှိ၏။

ထို သံသယ၏ အကျိုးအဆက် အရ ခွပ်ဒေါင်း၊ ကဒေါင်း အမှတ်တံဆိပ်ရှိ အလံ အောက်ကသူ သို့တည်းမဟုတ် အရာဝတ္တု တခုခုကို မြင်လျှင် ကန့်လန့်တိုက်မည်၊ အကုန်ရိုက်မည် အယူအဆကို ရိုက်သွင်း ခံထားရသော ဘက်တဘက်မှ အညံစား လူတန်းစားများနှင့် တွေ့ဆုံခဲ့လျှင် မိမိတို့သာလျှင် ကိုယ်ကျိုးနဲရမည် ဖြစ်ပါကြောင်း။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here