ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသည့် လက်နက်တင် လေယာဉ်ကိစ္စ ယူကရိန်း ငြင်းဆို

alt

ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိသည့် မြောက် ကိုရီးယား မှလာသော လက်နက်တင် လေယာဉ်နှင့် ဆက်စပ် နေသည်ဆိုသော သတင်းများအား ယူကရိန်း နိုင်ငံက ငြင်းဆန်လိုက်သည်။

ထိုလေယာဉ်သည် ဘန်ကောက်မြို့၊ ဒွန်မောင်း လေဆိပ်တွင် ဆီဝင်ဖြည့် နေစဉ် ဒီဇင်ဘာ (၁၂)ရက် နေ့က အဖမ်းဆီး ခံရပြီး လေယာဉ်နှင့် လိုက်ပါလာသူ (၅)ဦး ကိုလည်း ထိုင်း ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားလိုက်သည်။ ကာဇက်စတန် နှင့် ဘီလားရုစ် နိုင်ငံသားများ ပါ၀င်သည့် လေယာဉ်၏ ဦးတည်ရာ အရပ်ကို တိတိကျကျ မသိရသေးဘဲ ခန့်မှန်းမှုများသာ အမျိုးမျိုး ထွက်ပေါ်နေခဲ့သည်။

Il-76 အမျိုးအစား ကုန်တင် လေယာဉ်ကြီးသည် လက်နက်နှင့် ခဲယမ်း မီးကျောက်တန်ချိန် (၃၅)တန်ကို တင်ဆောင်လာခြင်း ဖြစ်ပြီး၊ လေယာဉ် ပိုင်းလော့ဖြစ်သူ ကာဇက်လူမျိုး အီယက်အစ်ဇာကော့ က မိမိတို့အား ယူကရိန်းကုမ္မဏီ Aviatek က ငှားရမ်းခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားပြီးနောက် ယူကရိန်းက ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယူကရိန်း အစိုးရက ခရစ္စမတ် နေ့တွင် ထိုလေယာဉ်နှင့် ကုမ္မဏီအကြား မည်သို့မျှ ဆက်ဆံမှု မရှိကြောင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။ လုံခြံုရေး ကောင်စီကမူ ထိုလေယာဉ်သည် ယူကရိန်း အစိုးရနှင့် ပတ်သက်ခြင်း မရှိသည့်တိုင် ယူကရိန်းကို အခြေပြုထားသည့် လက်နက် မှောင်ခိုသမားများနှင့် ဆက်စပ် နေနိုင်ကြောင်း ပြောကြားခဲ့သည်။

လုံခြံုရေး ကောင်စီ၏ အဆိုအရ မိမိတို့သည် Il-76 အမျိုးအစား လေယာဉ်တစင်းသည် အောက်တိုဘာ (၁၃)ရက် နေ့က ကုန်စည်များ တင်ဆောင်ခြင်း မရှိဘဲ ကိယက်မြို့အနီး လေဆိပ်တခုသို့ ဆင်းသက်ကာ ပြင်ဆင်မှုများ ကာလကြာရှည် ပြုလုပ်နေကြောင်း သတင်းများ ရရှိထားသည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ထိုလေယာဉ်သည် ဒီဇင်ဘာ (၈)ရက် နေ့က မည်သည့် ပစ္စည်းမျှ တင်ဆောင်ခြင်း မရှိဘဲ အဇာဘိုင်ဂျန်သို့ ပျံသန်းထွက်ခွာ သွားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here