တောထဲ၊ တောင်ထဲမှာ ပြုလုပ်သည့် ၈ကြိမ်မြောက် မြန်မာ့ ဆိုက်ဘာပြပွဲ

alt

မြန်မာနိုင်ငံ၏ ပထမဆုံး နည်းပညာ မြို့တော်ဟု ဆိုသော ရတနာပုံ ဆိုက်ဘာစီးတီး (Yatanarpon Cyber City) တွင် ရတနာပုံ တယ်လီပို့ Company Limited မှ စီစဉ်သည့် ၈ကြိမ်မြောက် မြန်မာ့ဆိုက်ဘာ ပြပွဲကို

စတင်ဖွင့်လှစ် ပြသလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် Myanmar ICT Week နည်းပညာ ပြပွဲကို ၂၀၀၂ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှ စတင်ကာ အဆိုပါပြပွဲအား ရတနာပုံ ဆိုက်ဘာစီးတီးတွင် ပြောင်းလဲ ကျင်းပခဲ့ကာ ယခု ၈ကြိမ်မြောက် မြန်မာ့ဆိုက်ဘာ ပြပွဲကို ဒီဇင်ဘာ၂၆ ရက်မှ ၃၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ပြုလုပ်သည့် အိုင်စီတီ ပြပွဲမှာ အများ ပြည်သူ အလွယ်တကူ သွားရောက် ကြည့်ရှုနိုင်သည့် နေရာ မဟုတ်သောကြောင့် စိတ်ဝင်စားသူ နည်းပါးကြောင်း မန္တလေးမြို့ရှိ နည်းပညာ ဝါသနာရှင်များပင် သွားရောက်ရန် စိတ်ဝင်စားမှု မရှိကြ ဘလော့ဂ္ဂါတဦးမှ လူထုအသံသို့ ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အိုင်တီ ဝါသနာရှင်၊ ပညာရှင်နှင့် သုံးစွဲသူ အများစုမှာ ရန်ကုန် မြို့တွင်သာ အဓိက ရှိနေသည့် အလျောက် ရန်ကုန်မြို့ရှိ တပ်မတော် ခမ်းမတွင် ပြုလုပ်သည့် အိုင်စီတီ ပြပွဲများမှာမူ လူစိတ်ဝင်စားမှု များပြီး အောင်မြင်လေ့ ရှိကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန် အိုင်စီတီပြပွဲမှာ သွားလာရ အဆင်ပြေသဖြင့် ပြပွဲ လာရောက်သူ အထူးများပြားပြီး ကွန်ပြူတာနှင့် ဆက်စပ် ပစ္စည်းရောင်းချသည့် ကုမ္မဏီများ အလုပ် ဖြစ်ခဲ့ကြသည်ဟု ရန်ကုန်မှ ကွန်ပြုတာတက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။

ပြင်ဦးလွင် ရတနာပုံ အိုင်စီတီပွဲမှာမူ စစ်အစိုးရ၏ ပေါ်လစီ အရသာ မဖြစ်မနေ ပြုလုပ်နေသည့် ပွဲတခုဖြစ်ပြီး သွားရောက် ပြသသော ကုမ္ပဏီများ အတွက်လည်း ခရီးဝေးလံ ခေါင်ပါး၍ အကျိုးအမြတ် တစုံတရာ မရှိကြောင်း သိရသည်။ ကုမ္မဏီ အများစုမှာ သက်ဆိုင်ရာ အာဏာပိုင်တို့၏ အလိုကျ လိုက်လံပြသ ပေးနေရခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ရတနာပုံ အိုင်စီတီပြပွဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ မြန်မာနိုင်ငံ၏ ပထမဆုံး တခါသုံး FEC ၁၀တန်နှင့် ၂၀တန် ကဒ်ဖုန်းများ စတင် တွဲဖက်ရောင်းချ ဈေးမြူခဲ့၍ လူစည်ကား ခဲ့ဖူးသည်။

ယခုနှစ်တွင်မူ ထိုကဲ့သို့ လူ စိတ်ဝင်စားစရာ ထူးခြားသည့် အကြောင်းအရာများ မပါဝင်ကြောင်း၊ ထို ပြပွဲအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည်ဟု နာမည် ခံထားသော်လည်း အမှန်တကယ်မှာမူ ၎င်း ဝန်ကြီးဌာနနှင့် ဆက်နွယ် ပတ်သက်နေသည့် အိုင်တီနှင့်မီဒီယာ ကုမ္မဏီကြီး တခုမှသာ လူစည်ကားစေရန် ဖျော်ဖြေရေး အပါအဝင် ကဏ္ဍ အတော်များများကို တာဝန်ယူ ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ ယခင် ၂၀၀၈ ခုနှစ်ပြပွဲကိုလည်း ထိုကုမ္မဏီမှပင် နောက်ကွယ်မှ တာဝန်ယူ ဆောင်ရွက်ပေးရခြင်း ဖြစ်ပြီး ထိုအချက်မှာ အစိုးရ ဝန်ကြီးဌာနများ စွမ်းဆောင်ရည် မရှိမှုကို ပေါ်လွင်စေသည်ဟု အိုင်တီ နည်းပညာရှင် တဦးမှ ဆိုသည်။

မန္တလေးနည်းပညာ ပြပွဲနှင့် ပတ်သက်၍ ပြည်တွင်းမှ အိုင်တီသမားများ မည်သူမျှ စိတ်ဝင်စားမှု မရှိကြပေ။ ကုမ္မဏီများမှာလည်း ပြင်ဦးလွင် မြို့နယ်အတွင်း တောထဲတောင်ထဲရှိ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် သွားရောက်ပြသ ရခြင်းမှာ လူမနေသည့် အရပ်တွင် ရွှေဆိုင် သွားဖွင့် သလိုသာ ဖြစ်နေ၏ဟု ဆိုကြသည်။ ထိုပြပွဲသို့ လာရောက်ကြသူ များမှာလည်း ပြင်ဦးလွင် မြို့နယ်နှင့် အနီးအနား ကျေးရွာများမှ ပြည်သူများသာ အများစု ဖြစ်ကြပြီး ၎င်းတို့မှာ ကွန်ပြူတာ နည်းပညာနှင့် နည်းပညာ ပစ္စည်းများထက် ဖျော်ဖြေရေး အစီအစဉ် များကိုသာ လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်ဟု ယမန်နှစ်က ပြပွဲသို့ သွားရောက်ရသော ကုမ္မဏီ ဝန်ထမ်း တဦးမှ မှတ်ချက်ပြုသည်။

စစ်အစိုးရ၏ ရတနာပုံ ဆိုက်ဘာစီးတီး လုပ်ငန်းများမှာ ၎င်းတို့ အကောင်အထည် ဖော်သည်ဟု အမည်သာရှိပြီး အမှန်တကယ် တွင်မူ ကျွမ်းကျင်သည့် ကုမ္မဏီ၊ လူပုဂ္ဂိုလ်များကိုသာ အခွင့်အရေးများ၊ မက်လုံးများပေး၍ နောက်ကွယ်မှ ဆောင်ရွက်စေခြင်း ဖြစ်လေသည်။ အစိုးရ ဝန်ကြီးဌာနများမှ ဝန်ထမ်း အတော်များများမှာလည်း ကွန်ပြူတာ၊ အင်တာနက် စသည်တို့နှင့် ယနေ့တိုင် အလွန် အလှမ်းကွာနေစဲ ဖြစ်သည်။ အစိုးရ ဌာနများတွင် စာရွက်နှင့် ဘောလ်ပင် တွင်တွင်ကြီး သုံးနေကြဆဲဟု ရန်ကုန်မြို့မှ ဝန်ထမ်းတဦးက ထောက်ပြ ပြောဆိုသည်။

ဝန်ကြီးဌာန များတွင် လုပ်ငန်းသုံး ကွန်ပြူတာ စံနစ်(ဆော့ဖ်ဝဲ) တပ်ဆင် အသုံးပြုမည် ဆိုပါက ထိုဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဆော့ဖ်ဝဲလ် အသုံးပြုပုံ သင်ဖို့ထက် ကွန်ပျူတာ အခြေခံကိုပင် အတော် သင်ပေးကြရကြောင်း သိရသည်။ အခြေခံပညာကျောင်း တက်ရောက်စဉ် ကတည်းက ကွန်ပြူတာပညာကို အမှန်တကယ် မသင်ယူနိုင်ခဲ့ခြင်းမှာ ပြဿနာ တရပ် ဖြစ်နေသည်ဟု စင်္ကာပူမှ ဘလော့ဂ္ဂါတဦးက ပြောဆိုလိုက်ပြီး၊ အခြေခံ ပညာကျောင်းများတွင် ကွန်ပြူတာခန်း ဆိုသည်မှာ ဘုရားခန်းပမာ ဖြစ်သည်ဟု ဆိုပြန်သည်။ ထိုကျောင်းများပင် မဆိုထားနှင့် မြန်မာနိုင်ငံ၏ ကွန်ပြူတာ တက္ကသိုလ်တွင်လည်း ကျောင်းသားကျောင်းသူများ ကွန်ပြူတာ သုံးစွဲခွင့် လွတ်လပ်စွာ မရရှာကြ။ ကွန်ပြူတာ သုံးရန်အတွက် အာမခံ စာချုပ်စာတမ်းနှင့် သုံးရမလိုဖြစ်သည်ဟု ကျောင်းသား တဦးက ပြောဆိုဖူးသည်။

ထို့ကြောင့်ပင် ကွန်ပြူတာ တက္ကသိုလ် ကျောင်းဆင်းပြီး စာစီစာရိုက် လုပ်နေသူတွေ ရှိနေခြင်းပင် ဖြစ်သည်ဟု ဝမ်းနည်းပက်လက် ဆိုသူပင်ရှိသည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ပစ္စည်းများ ဝယ်ယူ ထောက်ပံ့နိုင်ရန် ဘဏ္ဍာငွေများမှာ နေပြည်တော်ဆောက်၊ လှိုဏ်ခေါင်းဖောက် လိုက်တာကြောင့်လည်း ဖြစ်နိုင်ပါသည် ညွှန်ပြ ပြောဆိုသူများပင် ရှိလာသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးဟု တွင်တွင် အော်နေသော်လည်း ထို အခြေအနေတွေက ရုပ်ဆိုး လွန်းလှသည်ဟု ဝါရင့် နိုင်ငံရေး သမားကြီး တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နည်းပညာတတ် လူ့စွမ်းအား အရင်းအမြစ်များ၊ အစိုးရ ဝန်ထမ်းများ အလွန်ပင် လိုအပ်နေသည်မှာ ထင်ရှားလှသည်။ မကြာသေးမီက ရတနာပုံ ဝက်ဘ်ပေါ်တယ် အတွက် ဝန်ထမ်း ခေါ်ယူရာမှာလည်း လိုအပ်သော ကျွမ်းကျင်ဝန်ထမ်း မရမည်ကို စိုးရိမ်မိကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပုဂ္ဂို်လ်တဦးက ငြီးငြူ ပြောကြားဖူးသည်။ များသောအားဖြင့် ကျွမ်းကျင်သူ ပညာတတ် အများစုမှာ နိုင်ငံခြား ထွက်ကုန်ကြသောကြောင့်ဟု ထိုပုဂ္ဂိုလ်၏ ပြောစကားကို ပြည်တွင်း ထုတ်နာမည်ကြီး ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

ရတနာပုံ တယ်လီပို့ Company Limited မှ စီစဉ် တင်ဆက်သူများ အနေဖြင့် ပရိသတ်များကို စတိတ်ရှိုးများ၊ မော်ဒယ်ရှိုး တင်ဆက်မှုများနှင့်အတူ အိုင်တီ Gadget Show ၊ CEO Interview များဖြင့် ဆွဲဆောင်ထားသည့် အတွက်ကြောင့် ယခင်နှစ်များထက် ပိုမို လာရောက်ကြရန် မျှော်မှန်းထားကာ၊ မန္တလေး၊ ပြင်ဦးလွင် ၊ လားရှိုး ၊ တောင်ကြီး၊ မုံရွာ၊ စစ်ကိုင်းနှင့် ရန်ကုန် မြို့များမှ လာရောက်ကြမည်ဟု ထင်ကြေးပေး နေကြသည်။ ယမန်နေ့က ဖွင့်ပွဲနေ့တွင် မနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း Yatanarpon Cyber Hall ဖွင့်ပွဲ အခမ်းအနားကို ကျင်းပကာ Gadget Show များ၊ Lucky Draw Product Presentationများနှင့် Entertainment အစီစဉ် များစွာဖြင့် တင်ဆက် ပြသခဲ့သော်လည်း၊ အစီအစဉ်များကို ညနေ ၄ နာရီတွင် ရပ်နားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here