အယ်လ်ကိုင်းဒါ နှင့် ဆက်စပ်သည့် ဗြိတိန် ကျောင်းသား အမေရိကန် လေယာဉ်အား ဖေါက်ခွဲမှု လုပ်

alt

နယ်သာလန် နိုင်ငံမှ အမေရိကန်နိုင်ငံ ဒက်ထရွိုက် မြို့ဆီ ပျံသန်းလာသော နော့သ်ဝက်(စ်) လေကြောင်းလိုင်းပိုင် ဒယ်လ်တာ လေယာဉ် ခရီးစဉ် အမှတ် ၂၅၃ မှာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မှု ရှိသည်ဟု ယူဆရသော

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား တဦးမှ လေယာဉ်ပေါ်တွင် မအောင်မြင်သော ဖေါက်ခွဲမှု ပြုလုပ်ခဲ့ သဖြင့် ဒက်ထရွိုက် မက်ထရိုပိုလီတန် လေဆိပ်သို့ သောကြာနေ့ နေ့လည်က အရေးပေါ် ဆင်းသက် လိုက်ရသည်။

အမေရိကန်နိုင်ငံ ပြည်ထဲရေးဋ္ဌာနမှ လွှတ်တော်အမတ် ပီတာကင်းမှ ထုတ်ဖေါ် ပြောကြားရာတွင် အကြမ်ဖက် သမားမှာ နိုင်ဂျီးရီးယား နိုင်ငံသား အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ် ဆိုသူဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက် သမားများ လေယာဉ် စီးခွင့် ပိတ်ပင်ထားသော စာရင်းတွင် မပါဝင်ဘဲ၊ ယခု ဖေါက်ခွဲရေး ပစ္စည်းမှာ ယီမင်နိုင်ငံမှ ရောက်ရှိလာကာ ထိုလူငယ်မှာ လန်ဒန် အင်ဂျင်နီယာ တက္ကသိုလ် တခုတွင် ကျောင်းတက်နေသူဟု ဆိုသည်။

ယခု ခရစ္စမတ်နေ့ ဖြစ်ရပ်ကြောင့် နိုင်ငံတကာ ခရီးစဉ်များ ခရီးသွားများထံ အမေရိကန်မှ လုံခြံုရေးဆိုင်ရာ တပ်လှန့် ထားလိုက်ပြီး၊ ခရစ္စမတ် အပမ်းဖြေခရီး ဟာဝိုင်ယီသို့ ရောက်ရှိနေသော အမေရိကန် သမ္မတ ဘားရက် အိုဘားမား မှလည်း တိုက်ရိုက်ကိုင်တွယ် ညွှန်ကြား လျှက်ရှိသည်ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဘီလ်ဘာတန်မှ ဆိုသည်။

အကြမ်းဖက်သူမှာ နိုင်ဂျီးရီးယား နိုင်ငံ လာဂို့(စ်)မှ KLM Flight 588 နှင့် နယ်သာလန် နိုင်ငံ အမ်စတာဒမ်တွင် ဒယ်လ်တာ လေကြောင်း လိုင်းသို့ လေယာဉ်ပြောင်းစီးပြီး အမေရိကန်နိုင်ငံ ဒက်ထရွိုက်သို့ ဦးတည် ပျံသန်းလာခြင်းဟု ဆိုသည်။ ခရီးသည် ၂၇၈ဦးနှင့် လေယာဉ် အမှုထမ်း ၁၁ဦး တင်ဆောင်လာသော အဲယားဘတ်(စ်) ၃၃၀ အမျိုးအစား လေယာဉ်တွင် လိုက်ပါလာသော အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ်မှာ လေဆိပ်လုံခြံုရေး ကင်မရာ၊ စစ်ဆေးရေး ကိရိယာများအား ဖြတ်ကျော်နိုင်ရန် နည်းလမ်းသစ်ဖြင့် ပေါင်ဒါ အမှုန့်တမျိုးကို ခြေထောက်တွင် တိပ်နှင့် ပတ်ကာ သယ်ဆောင်လာသည်ဟု ကျွမ်းကျင်သူ ပညာရှင်တဦးမှ ဆိုသည်။

ထို့နောက် ထိုအမှုန့်ရှိရာကို ဓါတုဗေဒ အရည်တမျိုးအား ဆေးထိုးအပ်ဖြင့် ထိုးသွင်း ဓါတ်ပြုစေကာ မီးကူးစေသည့် ကိရိယာဖြင့် ဖေါက်ခွဲမည် လုပ်စဉ် လွဲချော်မှုဖြစ်၍ မပေါက်ကွဲဘဲ အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ် ၏ ခြေထောက်ကိုသာ မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု အေဘီစီ ရုပ်မြင်သံကြားတွင် အကြမ်ဖက်ရန် ကာကွယ်ရေးဋ္ဌာနမှ ဒေါက်တာ ဆယ်လီ လေဗက်စလီ က ပြောဆို သွားခဲ့သည်။

မျက်မြင် သက်သေများ ပြောဆိုချက်အရ “အာဖဂန်နစ္စတန်” ဟု အော်သံကြီး ကြားရပြီး မီးခိုးလုံးကြီးများ မီတောက် မီးလျှံများ လေယာဉ် ပေါ်တွင် တွေ့မြင် လိုက်ရသည်ဟု ဆိုသည်။ ထိုလေယာဉ်ပါ ခရီးသည်ဖြစ်သူ မယ်လင်ဒါ ဒဲနစ် ပြောပြချက်အရ ထိုအကြမ်းဖက် သမားမှာ ခြေထောက်တွင် မီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ဒဏ်ရာ ရရှိသွားပြီး မီးသတ်ဘူးများ၊ ရေများဖြင့်လည်း ငြိမ်းသတ် ပေးခဲ့ရသေးသည့် ဆို၏။ ယင်းဖြစ်ရပ်မှာ ဒက်ထရွိုက်မြို့ မရောက်ခင် မိနစ်၂၀ အလို အမေရိကန်နိုင်ငံ ကောင်းကင်ယံတွင် ဖြစ်ပွား ခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here