F.B.I က ဆိုင်ဘာ တိုက်ခိုက်မှု သတိပေးသော်လည်း ဂုဏ်သိက္ခာကြောင့် ငြင်းဆန်နေသည့် စီးတီးဘဏ်များ အုပ်စု

alt

ဗဟိုအစိုးရ ထောက်လှမ်းရေး အဖွဲ့ကြီး FBI သည် အမေရိကန် ဘဏ်များ၏ ဆိုင်ဘာ ထိုးဖောက် တိုက်ခိုက်မှု များအတွက် စုံစမ်းမှုများ ပြုလုပ် နေကြောင်း သိရှိရသည်။

ဝေါစထရိ ဂျာနယ်က ဒီဇင်ဘာ (၂၂)ရက် နေ့တွင် ဖော်ပြမှုများ အရ FBI သည် Citigroup Inc သို့ ထိုးဖောက်ကာ ဒေါ်လာ သန်းပေါင်း ဆယ်ဂဏန်း အတော်များများ အတွက် ခိုးယူနိုင်ရန် ပြုလုပ်ခဲ့သည့် ဆိုင်ဘာ တိုက်ခိုက်မှု တခုအား လိုက်လံ စုံစမ်းနေကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်းဘဏ်၏ ငွေကြေးစီမံမှု အဖွဲ့ကြီးက ၎င်းတို့၏ ကွန်ရက် စံနစ်တွင် ယိုပေါက် များ ရှိနေသည် ဆိုသော သတင်းအား ဂုဏ်သိက္ခာကြောင့် တွင်တွင်ကြီး ငြင်းဆန် ခဲ့ကြသည်။ Citigroup က မိမိတို့ လုံခြံုရေး ကွန်ရက် ထိုးဖောက်ခံရသည် ဆိုခြင်းမှာ မဟုတ်ကြောင်း၊ မည်သည့် ဆုံးရှုံးမှု မှလည်း မရှိကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ဆိုင်ဘာ တိုက်ခိုက်မှုတခု ဖြစ်ခဲ့သည့်တိုင် မိမိတို့ဖက်မှ အပြည့်အဝ လုံခြံုစွာ ကာကွယ်ထားနိုင် ကြောင်း၊ Citigroup အတွက်ဖြစ်စေ၊ ယုံကြည် အပ်နှံသည့် အများပြည်သူ အတွက်ဖြစ်စေ နစ်နာမှုမရှိဟု ယင်း ငွေကြေးလုပ်ငန်းကြီးက ဆိုသည်။ ဝေါစထရိ ဂျာနယ်ကပင်  အမေရိကန် အစိုးရ အေဂျင်စီ အပါအဝင် အခြားလုပ်ငန်း နှစ်ခုကိုလည်း Hacker များက ထိုးဖောက်ခဲ့သေးပြီး ယခု လုပ်ငန်းများကို ရုရှား Hacker များက စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

FBI အဖွဲ့ကမူ ၎င်းတို့အနေနှင့် မည်သို့သော ဆောင်ရွက် စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း၊ FBI ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရစ်ချယ်ကော်ကို က ၎င်းတို့အဖွဲ့၏ ပေါ်လစီအရ စုံစမ်းမှုများ ပြုလုပ်နေစဉ် ၀န်ခံမှု၊ ငြင်းဆန်မှုများ မည်သည့် အခါမျှ မပြုလုပ်ဟု ပြောဆိုသွားသည်။

ယခု ပြဿနာ ဖြစ်ပွားပြီးနောက် အမေရိကန် ငွေကြေးအပ်နှံမှု လုပ်ငန်းများအား Hacker များက ထိုးဖောက် ၀င်ရောက်နိုင်မှု အန္တရာယ် အတွက် စိုးရိမ်မှုများ မြင့်တက် လာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here