အမေရိကန် စစ်သမီးများ ကိုယ်ဝန်ရှိပါက စစ်ခုံရုံး တင်မည်ဆိုခြင်း မဟုတ်မှန် ဟုဆို

alt

အမေရိကန် စစ်တပ်တွင် တာဝန် ထမ်းဆောင်နေသည့် စစ်သမီးများ ကိုယ်ဝန် ရှိလာပါက စစ်ခုံရုံး တင်မည် ဆိုသော သတင်းများအား ထိုကိစ္စ အတွက် တာဝန်ယူ ကိုင်တွယ် ဆောင်ရွက် နေသည့် ဗိုလ်ချုပ်တဦးက

မဟုတ် မှန်ကြောင်း ငြင်းဆန် ပြောဆို သွားခဲ့သည်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်သို့ ရောက်ရှိ နေသည့် ဗိုလ်ချုပ်ကြီး အန်တိုနီကူကိုလို က ယင်း ပြဿနာအတွက် စစ်ခုံရုံး တင်ရန် သင့်မသင့် စဉ်းစားခဲ့သေး ကြောင်း၊ သို့သော်လည်း ထိုသို့သော ဖြေရှင်းနည်းသည် အခြေအနေ ပိုဆိုး ရန်သာ ရှိနေသဖြင့် မူဝါဒ အတည်ပြု ချမှတ်ရန် မဖြစ်နိုင်ကြောင်း မှတ်ချက် ပြုခဲ့သည်။

၎င်းသည် ဘဂ္ဂဒက်တွင် တာဝန် ထမ်းဆောင်နေသည့် အမေရိကန် စစ်သမီးများ ကိုယ်ဝန် ရှိလာသည့် အရေအတွက်ကို စာရင်း ပြုစုရန် တာဝန် ယူထားရသူ ဖြစ်ပြီး၊ ထိုကိစ္စအတွက် စစ်သမီးကိုရော၊ သူမ၏ချစ်သူ စစ်သားကိုပါ စစ်ခုံရုံးတင်မည် မဟုတ်ကြောင်း ဗိုလ်ချုပ် အန်တိုနီက ပြောဆိုခဲ့သော်လည်း စစ်သမီးများ ကိုယ်ဝန် ရှိလာခြင်းကိုမူ မလိုလားကြောင်း ၀န်ခံခဲ့သည်။

ဘဂ္ဂဒက်တွင် စစ်သည်များ လိုအပ်နေကြောင်း၊ ကိုယ်ဝန် ရှိသည့်အခါ စစ်မှုထမ်း အမျိုးသမီးများသည် နေရပ်သို့ ပြန်သွားကြရသည့် အတွက် တပ်သား အင်အား လျော့နည်း သွားရကြောင်း ဗိုလ်ချုပ်က ရှင်းပြခဲ့သည်။

စစ်သားများ အနေနှင့် ဆင်ခြင်သည်ကို မိမိ အလိုရှိကြောင်း၊ မိမိ အမြင်အရမူ ထိုသို့သော ကိစ္စတခု အတွက် စစ်သား တယောက်ကို ဖမ်းဆီး ထောင်ချရန် မည်သို့မျှ လက်မခံကြောင်း အန်တိုနီက အတည်ပြု ပြောဆိုခဲ့သည်။ အန်တိုနီသည် ၎င်း၏ လက်အောက်တွင် စစ်သား (၂၂၀၀၀)ကို ကွပ်ကဲရသူဖြစ်ပြီး အီရတ်မြောက်ပိုင်း တီကရစ်၊ ကီကွတ် နှင့် မိုဆူးမြို့ များကိုပါ တာဝန် ယူထားရသည်။

အန်တိုနီက ၎င်း လက်အောက်တွင် အမျိုးသမီး စစ်မှုထမ်း (၁၆၈၂)ဦး ရှိကြောင်း၊ ကိုယ်ဝန် ရှိလာသော အမျိုးသမီး စစ်သည်များမှာ ရှေ့တန်းဌာနနှင့် မသင့်တော်သဖြင့် ချက်ချင်း နေရပ်သို့ ပြန်ပို့ရန် စီစဉ်ထားရကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here