မည်သူ မှန်သလဲ မည်သူ မှားသလဲ အိုဘယ့် နိုဘယ်လ်ဆုရှင်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့။ ဒီနေ့ဟာ အမေရိကန် ပြည်သူတွေအတွက် အမှတ်ရစရာ အကောင်းဆုံး နေ့တနေ့ ဖြစ်ခဲ့ ရပါတယ်။ သန်းပေါင်း များစွာ သော ပြည်သူတွေဟာ သမ္မတ ရွေးကောက်ပွဲမှာ သူတို့ ချစ်ခင်လေးစားတဲ့ ဘာရက် အိုဘားမားကို ၀ိုင်းဝန်း မဲပေးခဲ့ကြပါတယ်။

ဒါပေမယ့် အိုဘားမားကို ထောက်ခံ အားပေးတဲ့ အမေရိကန် ပြည်သူတွေ ကိုယ်တိုင်က လူမည်း တယောက်အနေနဲ့ သမိုင်းတလျှောက် ပထဆုံး အကြိမ်အဖြစ် အိမ်ဖြူတော်ရဲ့ အရှင်သခင် ဖြစ်လာတဲ့ သူဟာ သမ္မတသက်တမ်း (၁၀)လ မပြည့်ခင် နိုင်ငံရေးအရ အထွဋ်အခေါင် ဂုဏ်ပြုဆုကြီး တခုကို ရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုရဲ့ (၄၄)ဆက်မြောက် သမ္မတဟာ ရုံးထိုင် သက်တမ်း (၁၀)လ အကြာမှာပဲ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကြီးကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဝေဖန်မှုတွေ၊ သဘောမတူမှုတွေ ရှိနေလင့်ကစား နော်ဝေးနိုင်ငံ၊ နိုဘယ်လ်ဆု ရွေးချယ်ရေး ညီလာခံက အမေရိကန် သမ္မတဟာ သူ့ရဲ့တိုတောင်းလှတဲ့ သမ္မတ သက်တမ်းမှာ လုပ်ပြခဲ့တာတွေ အတွက် ဒီဆုနဲ့ ထိုက်တန်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

အမှန်လည်း အိုဘားမားဟာ အရည်အချင်း၊ အရည်အသွေးတွေ ပြည့်ဝနေတဲ့ နိုင်ငံ့ခေါင်းဆောင် တယောက်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ သူဟာ စကတည်းက ယဉ်သကို ဆိုသလို သမ္မတရာထူးကို လက်ခံ ရယူပြီးတာနဲ့ အမေရိကန်နိုင်ငံက စတင်ခဲ့တဲ့ ကမာ္ဘ့စီးပွား ပျက်ကပ် ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သမ္မတဟာ ဂျော့ဘုရှ် လက်ထက်က စီးပွားရေး အကြပ်အတည်း တွေကြောင့် ဩဇာအတန်ငယ် ကျဆင်းလာတဲ့ အမေရိကန် ပြည်ထောင်စုကို နေရာမှန် ရောက်အောင် ပြန်ပြီး ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ ကမာ္ဘ့နိုင်ငံ အစိုးရတိုင်းနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ကြိုးစားတယ်။ အမေရိကန်ရဲ့ မူဝါဒ တချို့ကို ပြင်ဆင်တယ်။ ဒီလိုနဲ့ အိုဘားမားဟာ နိုင်ငံ ခေါင်းဆောင်တွေချင်း တောင် လေးလေးစားစား ဆက်ဆံရတဲ့ ပုဂ္ဂိုလ် တယောက်နေရာကို အခိုင်အမာ ရလာခဲ့ပါတယ်။

တကယ့်ကို အချိန်တိုတိုလေး အတွင်း နိုင်ငံရေးအရ အောင်မြင်မှုတွေ ရလာတဲ့ အိုဘားမားဟာ ဉာဏ်ပြေးသူ၊ အမျှော်အမြင်ရှိသူ တယောက်ဆိုတာ လူတိုင်းလက်ခံ ထားပြီးသားပါ။ ဒါပေမယ့် ဒီနေရာမှာ မေးသင့်တဲ့ အချက်တခုက သူဟာ လုပ်သမျှ အမှန်ဖြစ်အောင် စွမ်းဆောင် ထားသူလားဆိုတဲ့ အချက်ပါပဲ။ ဒီနေရာမှာ ထည့်စဉ်းစား သင့်တာ အမေရိကန်ရဲ့ အခန်းကဏ္ဍပါ။ ကမာ္ဘစစ်ကြီးတွေ နောက်ပိုင်း အမေရိကန်ဟာ အင်အားကြီးနိုင်ငံ ဖြစ်လာသလို စစ်အေးကာလ နောက်ပိုင်းမှာတော့ ပြိုင်ဘက်မရှိ တောင့်တင်းလှတဲ့ ပြည်ထောင်စုကြီး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ ကမာ္ဘကို ဦးဆောင်သူ နိုင်ငံကြီး ဖြစ်လာပါတယ်။ အမေရိကန် သမ္မတ တယောက်ဟာလည်း ကိုယ့်နိုင်ငံ အရေးတင်မက၊ ကမာ္ဘတခုလုံးရဲ့ အရေးကိစ္စ မှန်သမျှကို ကိုင်တွယ် ဖြေရှင်းရတဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်တွေ ဖြစ်လာတယ်ဆိုတာ လက်မခံချင်သူတွေ ရှိနေပေမယ့် ကန့်ကွက်လို့ မရတဲ့ အမှန်တရားဆိုတာ ထင်ထင်ရှားရှားကြီးပါ။

သမိုင်းတလျှောက် အမေရိကန် သမ္မတတွေဟာ ကမာ္ဘ့အရေးတွေမှာ ကိုယ်ပိုင် မူဝါဒတွေနဲ့ ဖြေရှင်းကိုင်တွယ် ခဲ့ကြပါတယ်။ ဥပမာ။ ။ အိုဘားမား မတိုင်ခင်က နောက်ဆုံး သမ္မတဖြစ်သူ ဘုရှ်ဟာ သဘောထား တင်းမာသူ ဖြစ်ပါတယ်။ အရာရာကို စစ်အင်အားနဲ့ ဆုံးဖြတ်ချင်သူဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြ နေပါတယ်။ ဘုရှ် လက်ထက်မှာ အမေရိကန် ပြည်ထောင်စုဟာ အီရတ်၊ အာဖဂန်နစ္စတန် တို့နဲ့ စစ်ပွဲကြီးတွေ ဖြစ်ခဲ့ပြီး ကိုယ့်ဇာတ်ကိုယ် မနိုင်မှုကြောင့် ဘုရှ် တယောက် သိက္ခာကျစရာတွေ ဖြစ်ခဲ့တာ တွေ့မြင်နိုင်ပါတယ်။ ဒီစစ်ပွဲတွေရဲ့ ဂယက်ဟာ အိုဘားမား လက်ထက်အထိ မပြီးဆုံးသေးပါဘူး။

အခုလက်ရှိ အာဏာရလာတဲ့ အိုဘားမား ကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကြီး ရထားသူပီပီ တကယ့် ငြိမ်းချမ်းရေး ၀ါဒီတယောက် အသွင်ကို ဆောင်ပါတယ်။ သူဟာ သမ္မတဖြစ်ပြီး မကြာခင်မှာပဲ တကမာ္ဘလုံးက နျူကလီးယား အဖျက် လက်နက်တွေ အားလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။ နောက်ပြီး မူဝါဒ မတူညီတဲ့၊ ကမာ္ဘမှာ နာမည်ဆိုး တွင်နေတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း အပြုသဘော ညှိနှိုင်းမှုတွေ လုပ်ချင်တဲ့ သဘောထားတွေ ပြလာပါတယ်။ ဥပမာ။ ။ ဘုရှ် လက်ထက်က အမေရိကန်ရဲ့ အတင်းမာဆုံး အရေးယူမှုကို ခံနေရတဲ့ မြန်မာ စစ်အစိုးရကို အိုဘားမားက ညှိနှိုင်းရေး လမ်းစဉ်နဲ့ ချဉ်းကပ်ချင်တယ်လို့ ၀န်ခံခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုပဲ နျူကလီးယား အားကိုးနဲ့ ငပွကြီး လုပ်နေတဲ့ မြောက်ကိုရီးယား၊ အမေရိကန်နဲ့ ရပ်တည်ချက်ခြင်း ကွဲပြားနေတဲ့ တရုတ်၊ ရုရှား အစိုးရတွေကို အိုဘားမားက ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေတာ အထင်အရှားပါပဲ။

နောက်ပြီးတော့ အီရန်ရဲ့ နျူကလီးယား ဖော်ဆောင်ရေးမှာ အိုဘားမားဟာ နည်းနည်းလေး တင်းမာပုံ ပြနေပေမယ့် သူ့လုပ်ရပ်တွေက အီရန်သမ္မတ မာမွတ်အာမက် ဒီနီဂျက် အတွက်တော့ ဝါးရင်းတုတ် ထက်က ထမင်းထုပ်လို ဖြစ်နေတာ အမှန်ပါ။ ကမာ္ဘ့နိုင်ငံရေး သုတေသီ တချို့က အဲဒီအချက်ကိုပဲ အိုဘားမားအတွက် အားနည်းချက် ဖြစ်လာနိုင်တယ် ဆိုပြီး ဝေဖန်ထောက်ရှု သုံးသပ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိုဘားမားဟာ နာမည်ပျက်နဲ့ ကျော်ကြားတဲ့ နိုင်ငံအစိုးရတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အရမ်း အာရုံစိုက် နေတာဟာ တဖက်မှာ ဆန့်ကျင်ဖက် အဓိပ္ပါယ်တွေ ထွက်လာ နိုင်တာကြောင့်မို့ပါပဲ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက အီရန်နိုင်ငံ ရွေးကောက်ပွဲမှာ အာမက်ဒီနီဂျက် နောက်တကြိမ် သမ္မတ ဖြစ်လာတာကို မကျေနပ်တာကြောင့် တဟီရန်မြို့ခံ အီရန်ပြည်သူ (၃)သိန်းကျော်ဟာ အပြင်းအထန် ဆန္ဒပြခဲ့ကြ ပါတယ်။ ဒီကိစ္စကို ကမာ္ဘ့နိုင်ငံ အသီးသီးက ထောက်ခံခဲ့ကြပေမယ့် အိုဘားမား ကိုယ်တိုင်ကတော့ အံ့ဩစရာ ကောင်းလောက်အောင် ဆန္ဒပြ ပြည်သူတွေဖက်က ထောက်ခံပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သမ္မတကြီးက

ကျနော့ အထင် ဒီလို လုပ်ရပ်ကြောင့် အပြုသဘော ဆောင်တဲ့ ရလဒ်တွေ ဖြစ်လာမယ် မထင်ပါဘူး။ သမိုင်းတလျှောက် ခုလို ပြဿနာမျိုး ဖြစ်လာတိုင်း အမေရိကန်နဲ့ အီရန် ဆက်ဆံရေးက ပိုပိုပြီး ဆိုးလာ တတ်ပါတယ်

လို့ ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အိမ်ဖြူတော်က အခု စကားကြောင့် အိုဘားမားကို ထောက်ခံသူတွေ အထင်အမြင် လွဲသွားမှာ စိုးရိမ်တဲ့ အကြောင်း၊ သမ္မတဟာ အီရန် ပြည်သူတွေရဲ့ သဘောဆန္ဒကို လေးစားပါကြောင်း ဖာဖာထေးထေး ကြေညာခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အိုဘားမားဟာ တဖက်က အစိုးရတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားလေလေ၊ အာဏာရှင် အစိုးရတွေ လက်အောက်က ပြည်သူတွေနဲ့ ကင်းကွာလေလေ ဖြစ်သွားနိုင်တယ် ဆိုတာ သိသာမြင်သာ ဖြစ်စေခဲ့ပါတယ်။ ဘုရှ်ဟာ အမေရိကန်ရဲ့ အင်အားကို ယုံကြည်ပြီး စွာ,ခဲ့တဲ့အတွက် သူ သမ္မတဖြစ်နေချိန်မှာ အမေရိကန်ဟာ ငပွကြီးအဖြစ် နာမည်ကြီး ခဲ့ပါတယ်။

အိုဘားမား လက်ထက်မှာတော့ အရာရာဟာ ပြောင်းလဲ သွားခဲ့ပါပြီ။ သူဟာ ငြိမ်းချမ်းရေး လိုလားသူ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်ပါ။ ဘာကိုမဆို ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းဖို့ ကြံစည်နေခြင်းဟာ သူ့အတွက် တချိန်မှာ အဆိပ်တခွက် ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် စစ်အစိုးရကို တိုက်ပွဲ ၀င်နေပါတယ်။ အဲဒီ အချိန်မှာပဲ တခြား ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တယောက်ဖြစ်တဲ့ သမ္မတကြီး ကတော့ မြန်မာ စစ်အစိုးရကို ချော့ပေါင်းဖို့ ကြံနေပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဝေဖန်စရာ မရှိပေမယ့် လူ့အခွင့်အရေး စံနှုန်းနဲ့ တိုင်းတာ ကြည့်ရင်တော့ ရင်ထိတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဥပမာ၊ ဘုရှ် လက်ထက်က ဆော်မယ်၊ နှက်မယ် တကဲကဲနဲ့ ကြိမ်းဝါး နေတာတောင် တိုင်းပြည်ရဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုခဲ့တဲ့ မြန်မာ စစ်အစိုးရ ညှိနှိုင်းရေး လမ်းစဉ်နဲ့ ချဉ်းကပ်မယ်ဆိုတာ တော်တော်လေး အံ့ဩစရာပါ။ ဒါဟာ အာဏာကို မက်မော ရူးသွပ်ပြီး အသိဉာဏ် ပျောက်နေတဲ့ ခွေးရူးလို ပုဂ္ဂိုလ်တွေကို ဓားနဲ့မခုတ်ဘဲ ထန်းလျက် ကျွေးသလို ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သူဟာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ကြီး ပီသစွာနဲ့ ကမာ္ဘ့ နာမည်ပျက်နိုင်ငံ အစိုးရတွေကို ငြိမ်းငြိမ်းချမ်းချမ်း လက်ကမ်းနေချိန်မှာ အဖိနှိပ်ခံ နင်းပြား ပြည်သူတွေအတွက် လွတ်လပ်ခွင့် မျှော်လင့်ချက် ကတော့ ပိုပိုပြီး ဝေးကွာလာနိုင်တာ သတိပြု သင့်ပါတယ်။ နော်ဝေးနိုင်ငံ အော်စလိုမြို့က မိန့်ခွန်းပြောပွဲမှာ အိုဘားမားက အမေရိကန် နိုင်ငံဟာ တကယ်ကြံုရတဲ့ အရှုပ်အထွေးတွေကို အမှန်အတိုင်း မရှုမြင် နိုင်သေးဘူးလို့ ပြောသွားခဲ့ပါတယ်။ သူဟာ လူ့အခွင့်အရေးကို လေးစား လိုက်နာတတ်တဲ့ ခေါင်းဆောင်ကောင်း တယောက်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် မြန်မာ၊ ဇင်ဘာဘွေ တို့လို အာဏာရူး အစိုးရ လက်အောက်က ပြည်သူတွေ အတွက် စစ်မှန်တဲ့ လူ့အခွင့်အရေးကို ဆောင်ကြဉ်း ပေးရေး အတွက် ထိုက်ထိုက်တန်တန် လုပ်ပြနိုင်ပါ့မလား ဆိုတာတော့ တွေးစရာ ဖြစ်နေခဲ့ပါတယ်။

ဒါကို ဒီမိုကရက်ရော၊ ရီပတ်ဘလစ်ကန်တွေပါ နားလည်နေသလို သမ္မတဟောင်း ဂျင်မီကာတာ ကလည်း ထောက်ပြဖူး ပါတယ်။ အိုဘားမားဟာ သူ့ရဲ့သမ္မတ သက်တမ်းတလျှောက် နိုင်ငံစုံလှည့်ပြီး ဆွေးနွေးမှုတွေ မျိုးစုံ လုပ်ခဲ့သူပါ။ သူဟာ ငြိမ်းချမ်းရေး ရည်မှန်းချက်ကို အပြည့်အဝ ဖော်ဆောင်ဖို့ စိုင်းပြင်းနေတယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် နိုင်ငံရေး သုတေသီ တချို့ကတော့ အိုဘားမားရဲ့ တကမာ္ဘလုံး ဒီမိုကရေစီ မြှင့်တင်ရေး စီမံကိန်း တွေမှာတော့ အားနည်းချက်တွေ ရှိနေဦးမယ်လို့ ရှုမြင်နေဆဲပါ။ အိုဘားမားဟာ သူရပ်တည်တဲ့ လမ်းကြောင်းကို သေချာစီစစ် ရွေးချယ်ခဲ့တာ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ရဲ့ နိုင်ငံရေး ခံယူချက် ပြောင်းလဲသွားခြင်းရဲ့ နောက်ကွယ်မှာ သိမ်မွေ့ နက်နဲတွေ အကြောင်းပြချက်တွေ အများကြီး ရှိနေဦးမှာ အသေအချာပါပဲ။

အိုဘားမားဟာ အရင် သမ္မတဟောင်း ဘုရှ် လက်ထက်က ကြံုခဲ့တဲ့ ပြဿနာတွေကို အခြေခံပြီး ကြိုတင် ပြင်ဆင်မှုတွေ အသင့်အနေအထား ဆောင်ရွက် ထားခဲ့တာပါ။ အမေရိကန်လို လူ့အခွင့်အရေးကို အရမ်း တန်ဖိုးထားတဲ့ နိုင်ငံတခုရဲ့ သမ္မတကြီးဘုရှ်ဟာ အီရတ် ကျူးကျော်စစ်ပွဲကြောင့် ကမာ္ဘ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြစ်တင် ရှုတ်ချခြင်းကို ခံခဲ့ရဖူးပါတယ်။ အိုဘားမားကတော့ စစ်ပွဲတခု နွှဲလိုက်ခြင်းကြောင့် အမေရိကန် ရလာမယ့် အကျိုးအပြစ်ကို အရမ်းစီစစ် တွက်ချက်တတ်တဲ့ ဉာဉ်မျိုး ရှိနေပုံပါပဲ။ သူဟာ သမ္မတ ဖြစ်လာတာနဲ့ အီရတ်က အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ လျင်လျင်မြန်မြန်ပဲ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး အီရတ်မှာ ဒီမိုကရေစီ ဖော်ဆောင်ရေး အကူအညီတွေ ပေးသွားမယ်လို့ ကတိပြုခဲ့သလို အမေရိကန် အစိုးရပိုင် ဒီမိုကရေစီ ထောက်ပံ့ရေး ရံပုံငွေကိုလည်း တိုးမြှင့် လိုက်ပြန်ပါတယ်။ ဘုရှ် လက်ထက်က လက်နက် အားကိုးနဲ့ အီရတ်ကို ကျူးကျော်ခဲ့တာကြောင့် အမေရိကန် အစိုးရရဲ့ လူ့အခွင့်အရေး ကဏ္ဍမှာ အမည်းစက် စွန်းသွားခဲ့တာကို အိုဘားမားက အဖတ်ဆည်ဖို့ ကြိုးစားလာတာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတက သူဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပိုပြီးလည်း လုပ်သွားပါ့မယ်လို့ ကြေညာ စကားပစ် လိုက်ပါတယ်။

တဖက်ကတော့ တချို့ အမေရိကန် အာဏာပိုင်တွေ ကိုယ်တိုင်က လူမြင်ကွင်း နောက်ကွယ်က လူ့အခွင့်အရေး ဖောက်ဖျက်မှု တွေကို ဖော်ထုတ် အရေးဆိုဖို့ ပိုပြီး ခက်လာနိုင်မယ်လို့ ခန့်မှန်း နေကြပါတယ်။ အမေရိကန် အစိုးရဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နာမည်ဆိုး ထွက်နေတဲ့ အစိုးရတွေကို ညှိနှိုင်းတဲ့နည်းနဲ့ ချဉ်းကပ်ဖို့အတွက် တတ်နိုင်သလောက် အဆင်ပြေအောင် ပြောဆိုဆက်ဆံရမှာ ဖြစ်ပါတယ်။ ဒီတော့ သူ့အနေနဲ့ အဲဒီ အစိုးရတွေရဲ့ ပြစ်ချက်တွေကို သိနေသည့်တိုင် ပွင့်ပွင့်လင်းလင်း ထောက်ပြ အရေးဆိုနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီနေရာမှာ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ သူနဲ့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ တွေ့ခဲ့တုန်းက အိုဘားမား အနေနဲ့ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောခဲ့တာလောက်ပဲ ပြုလုပ်ခဲ့တာပါပဲ။ စင်္ကာပူ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တွေ့ဆုံခဲ့သူဟာ အိုဘားမား မဟုတ်ဘဲ ဘုရှ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်မလဲ ဆိုတာ စိတ်ကူးယဉ် ကြည့်ချင်စရာပါ။ ခုတော့ အိုဘားမားဟာ တကမာ္ဘလုံး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုပြီးသား ပြောပြီးသား အချက်တခုကိုပဲ ပြောသွားခဲ့တာပါ။ ဒီလောက်နဲ့တော့ အရှက်ကင်းမဲ့ပြီး အရေထူနေတဲ့ မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှ ပြန်မလွှတ်ပေးနိုင်တာ အိုဘားမား မသိဘဲ မနေလောက်ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ ညှိနှိုင်းရေး မူဝါဒတွေကပဲ သူ့ကိုပြန်ပြီး ချုပ်နှောင်သလို ဖြစ်ခဲ့တာလို့ သုံးသပ် မိနိုင်ပါတယ်။

အခုဆိုရင် အိုဘားမား အနေနဲ့ နျူကလီးယား ပြဿနာ၊ ကမာ္ဘ့ရာသီဥတု ဖောက်ပြန် လာခြင်းကို ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရပါတယ်။ နောက်ပြီးတော့ ဒေါ်လာဘီလျံ (၈၀၀)လောက် အနည်းဆုံး အကြွေးတင်နေတဲ့ တရုတ် အစိုးရကိုလည်း ပြေလည်အောင် ပေါင်းနေရပါတယ်။ ဒါပေမယ့် အိုဘားမားက သူဟာ ဘယ်လို ကိစ္စကိုမဆို အကြမ်းနည်းနဲ့ မဖြေရှင်းဘဲ အောင်မြင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားသူပါ။ အရာရာကို သမားရိုးကျ ချဉ်းကပ် ဖြေရှင်းနိုင်ဖို့ သမ္မတက အသင့်ပြင် ထားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မဟာဗျူဟာ နည်းလမ်းတွေ အောင်မြင်တယ်ဆိုတာ သက်သေပြနိုင်မယ့် အထောက်အထား ကတော့ နည်းနည်းလေးပဲ ရှိပါသေးတယ်။ ဥပမာ၊ အိုဘားမားရဲ့ ညှိနှိုင်းရေး မူဝါဒကြောင့် မြောက်ကိုရီးယား နဲ့ အီရန်တို့က သူတို့ရဲ့ နျူကလီးယား စီမံကိန်းတွေကို ရပ်ပစ်ဖို့ အရိပ်အယောင်လေးတောင် မတွေ့ရသေးတာ အထင်အရှားပါပဲ။

ဒါပေမယ့် ကမာ္ဘ့ရာသီဥတု ဖောက်ပြန်နေမှုကို ကာကွယ်ဖို့ တရုတ်နိုင်ငံကို အဓိက လက်တွဲဖက် အဖြစ် အိုဘားမားရဲ့ နည်းဗျူဟာက စည်းရုံးလိုက်နိုင် ပြန်ပါတယ်။ ကမာ္ဘ့ ဒီမိုကရေစီ ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ Freedom House က အမှုဆောင် ဒါရိုက်တာ တင်မီလီယာက အမေရိကန် အစိုးရအနေနဲ့ ဆွေးနွေးပွဲတွေ၊ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေ အများကြီးလုပ်လာပြီး တကယ်တန်း လိုအပ်တဲ့ ဒီမိုကရေစီရေး ထောက်ပံ့မှုတွေမှာ အားနည်းသွားရင် လူ့အခွင့်အရေး ပြဿနာကို ပိုဆိုး သွားစေနိုင်တယ်လို့ ပြောခဲ့တာကို ကြည့်ရင် အိုဘားမားရဲ့ နည်းပရိယာယ် အပေါ် သံသယ ပွားသူတွေ ရှိနေတယ်ဆိုတာ တစေ့တစောင်း တွေ့မြင်နိုင်ပါတယ်။

နောက်တခါ အိုဘားမား အနေနဲ့ လူ့အခွင့်အရေးကို အမှန်တကယ် ဦးစားပေး မပေးဆိုတာ သေခြာ စဉ်းစားရမယ့် နောက်ထပ် ကိစ္စတခုက ရှိနေပြန်ပါတယ်။ ဒီနှစ်ထဲမှာ အိုဘားမားဟာ ဒလိုင်းလားမား ကိုယ်တော်ကြီးကို တွေ့ဆုံဖို့ အခြေအနေတခု ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ အဲဒီတုန်းက အိမ်ဖြူတော်က သမ္မတဟာ လုပ်ငန်း တာဝန်တွေ များလွန်းတာကြောင့် တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင်ကြီးကို မတွေ့ဆုံ ဖြစ်တာပါလို့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် လေ့လာသူတွေက အိုဘားမား ငြင်းဆန်ရခြင်းဟာ အဲဒီတုန်းက တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ တွေ့ဆုံဖို့ ကြိုစီစဉ်ထားတာကို မထိခိုက်စေချင်လို့ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ အားလုံးသိတဲ့ အတိုင်း ဒလိုင်းလားမား ဆိုတာက တိဘက် လူ့အခွင့်အရေး အတွက် ဦးဆောင် လှုပ်ရှားနေတဲ့ ဘာသာရေး ခေါင်းဆောင်ဖြစ်ပြီး တရုတ် အစိုးရရဲ့ မဟာ ရန်သူတော်အဖြစ် သတ်မှတ် ခံထားရသူပါ။ တကယ်လို့ နိုင်ငံရေး သုတေသီတွေ ခန့်မှန်းတဲ့အတိုင်း မှန်ခဲ့မယ်ဆိုရင် အိုဘားမားဟာ အာရှ အင်အားကြီး တရုတ်မျက်နှာကို ကြည့်ပြီး ကမာ္ဘသိ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုယ်တော်ကြီးကို မျက်ကွယ်ပြု လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ညွှန်ပြနေတာပဲ မဟုတ်လား။

တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုတဲ့ စကားလည်း ရှိခဲ့ပါတယ်။ တကယ်တော့ တိုင်းရေးပြည်ရေး၊ နိုင်ငံရေးဆိုတာ ရှုပ်ထွေး နက်နဲတယ်ဆိုတာ လူတိုင်း သဘောပေါက်ကြမှာပါ။ အထက်က ပြောခဲ့သလို ကမာ္ဘ့ဦးဆောင် နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ရဲ့ သမ္မတရာထူးကို လက်ခံထားသူ တယောက် အနေနဲ့ အိုဘားမားဟာ တကယ့်ကို ဖိအားတွေနဲ့ ရင်ဆိုင်ရမှာ အမှန်ပါပဲ။ ဒါပေမယ့် အရည်အချင်းရှိသူ တယောက်ပီပီ ကမာ္ဘ့ စီးပွားပျက်ကပ်၊ ကျူဘားက ဂွာတာနာမို အကျဉ်းထောင်ကိစ္စ၊ အာဖဂန်နစ္စတန်မှာ တပ်တွေ တိုးမြှင့်ရေး၊ ရာသီဥတု ဖောက်ပြန်မှု ဖြေရှင်းရေးစတဲ့ နယ်ပယ်စုံက ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာခဲ့သူပါ။ ဒါပေမယ့် အီရန်၊ မြောက်ကိုရီးယား တို့ရဲ့ နျူကလီးယား ကိစ္စလို ဟာတွေကိုတော့ သူ့ရဲ့ ညှိနှိုင်းရေး မူဝါဒနဲ့ ဆက်ပြီးချဉ်းကပ်ဖိ်ု့ ဘယ်လောက် စိတ်ရှည်ရှည် ကြိုးစားမလဲ စောင့်ကြည့်ရမှာပါ။ သိုးဆောင်း စကားပုံမှာ

No one is perfect

ဆိုတဲ့ စကား ရှိပါတယ်။ အိုဘားမား ဟာလည်း ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်း တယောက်ပီပီ နိုင်ငံရေး နယ်ပယ်မှာ အကောင်းဆုံး ခြေလှမ်းတွေနဲ့ ခရီးဆက်နေပေမယ့် တခြားသော နေရာတွေမှာ အားနည်းချက်လေးတွေ ရှိနေတာလည်း သိပ်တော့ မဆန်းပါဘူး။

ဒါပေမယ့်လည်း မြန်မာ့အရေးလို ကိစ္စမျိုးတွေမှာ အိုဘားမား ဒီထက်ပိုပြီး ပြတ်သားသင့်တယ်လို့ ထင်ပါတယ်။ မြန်မာ စစ်အစိုးရရဲ့ မတရား ဖမ်းဆီးခြင်းကို ခံထားရရှာတဲ့ အိုဘားမားလို နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဆွတ်ခူး ထားနိုင်သူ မြန်မာ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို မြင်ယောင်မိတိုင်း

မစ္စတာ အိုဘားမား၊ ခင်ဗျား မှားများ နေသလား

ဆိုတဲ့ သံသယလေး ခိုဝင် လာမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကမာ္ဘ့ ငြိမ်းချမ်းရေးကို လိုလားသူ အိုဘားမား တယောက် မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး အတွက်ပါ ဦးဆောင် လမ်းပြပေးနိုင်ဖို့ မျှော်လင့် နေမိပါတော့တယ်။

ဘာသာပြန် – အောင်ခိုင်

ဝန်ခံချက် ။ ။ ယခင် အပါတ်ထုတ် ဝါရှင်တန်ပို့(စ်) သတင်းစာပါ စာရေးသူ ဂျော့ရှုဝါ ကာလန်ဇစ် ၏ သုံးသပ်ချက် ဆောင်းပါး A Nobel Winner Who Went Wrong on Rights အား ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here