အဆိပ်ရှိသည့် ဒိုင်နိုဆော မျိုးစိတ်တခု ရှာဖွေတွေ့ရှိ

alt

တရုတ်နှင့် အမေရိကန်တို့မှ ပူးပေါင်း ပညာရှင် အဖွဲ့တဖွဲ့သည် သွားတွင် အဆိပ်များ ပါ၀င်နေသည့် ဒိုင်နိုဆော မျိုးစိတ် တမျိုးအား တွေ့ရှိခဲ့ရကြောင်း တရားဝင် ကြေညာ လိုက်သည်။

ယင်း ဒိုင်နိုဆောသည် ယခုခေတ် မြွေများကဲ့သို့ပင် အဆိပ်ကို ၎င်း၏ အစွယ်များ မှတဆင့် သားကောင်၏ ခန္ဓာကိုယ်ထဲ ထိုးသွင်း လိုက်နိုင်သည်။ အဆိုပါ ဒိုင်နိုဆော များသည် လွန်ခဲ့သော နှစ်ပေါင်း(၁၂၅)သန်း ၀န်းကျင်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် ကျက်စား နေထိုင်ခဲ့ကြောင်း တရုတ် အရှေ့မြောက် တက္ကသိုလ်မှ ပါမောက္ခ ဂွမ်အန်ပူ က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခ ဂွမ်နှင့် အဖွဲ့သည် Sinornithosaurus ဟု အမည် ပေးထားသည့် အဆိုပါ ဒိုင်နိုဆော၏ နေထိုင်မှု ပုံစံ အလေ့အထများကို ဆက်လက် လေ့လာနေဆဲ ဖြစ်သည်။ ဂွမ်၏ အဖွဲ့တွင် ပါ၀င်သည့် အမေရိကန် သုတေသီ လယ်ရီမာတင် က ယခု ဒိုင်နိုဆောမှာ ယနေ့ခေတ် မြွေနှင့် ပုတ်သင်၊ ကင်းလိပ်ချော များ၏ ပထမဆုံး မူရင်း မျိုးစိတ် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

၎င်းတို့သည် ဒိုင်နိုဆော၏ အပေါ်မေးရိုးရှိ အဆိပ် သိုလှောင်ရာ အခေါင်း ပေါက်လေးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း လယ်ရီ ကဆိုသည်။ ဒိုင်နိုဆော၏ သွားများသည် ရှည်လွန်းကြောင်း၊ ထိုအနေအထားဖြင့် သားကောင်အား ကိုက်ဆွဲ တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် Sinornithosaurus သည် သားကောင်အား အဆိပ်အလျင် ထိုးသွင်းပြီး သတ်ဖြတ်ရန် အတွက်သာ အစွယ်များကို အားကိုး ခဲ့ဟန်ရှိကြောင်း လယ်ရီက ရှင်းပြခဲ့သည်။

ပညာရှင် များသည် သေးငယ်သော ယင်း ဒိုင်နိုဆော၏ ပထမဆုံး ရုပ်ကြွင်းကို (၁၉၉၆)ခုနှစ် ကတည်းက စတင် တွေ့ရှိခဲ့ပြီး ထိုစဉ်က ငှက်များသည် ဒိုင်နိုဆောများမှ ဆင်းသက်လာသည် ဆိုသော အယူအဆအား ခိုင်မာ လာစေခဲ့သည်။ ဂွမ်နှင့် အဖွဲ့သည် အရှည်(၁) မီတာထက် ပိုမကြီး ထွားနိုင်သည့် ထိုဒိုင်နိုဆောအား အခြား ရည်ရွယ်ချက်များဖြင့် သုတေသန ပြုခဲ့ခြင်း ဖြစ်သော်လည်း အဆိပ် သိုလှောင်နိုင်သည့် သွားများအား အမှတ်မထင် ဖော်ထုတ် တွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here