လက်ဘနွန်နှင့် ဆီးရီးယား မဟာမိတ်ပြုခြင်း အစ္စရေးအတွက် ပြဿနာ မရှိနိုင် ဟုဆို

alt

လက်ဘနွန် နှင့် ဆီးရီးယား တို့ မဟာမိတ် အဖြစ် ပူးပေါင်းရန် သဘော တူညီ လိုက်ခြင်းသည် အစ္စရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်မလာ နိုင်ကြောင်း အစ္စရေး နိုင်ငံရေး ပါရဂူ များက လေ့လာသုံးသပ် ခဲ့ကြသည်။

ဒီဇင်ဘာ (၁၉)နှင့် (၂၀)ရက် နေ့များက လက်ဘနွန် ၀န်ကြီးချုပ် ဆာအဒ်ဟာရီရီ သည် ဆီးရီးယား သမ္မတ ဘာဆား အာဆတ် အား လက်ခံ တွေ့ဆုံခဲ့သည်။ ဟာရီရီ သည် လွန်ခဲ့သော (၅)နှစ်ခန့်က ဖခင်ဖြစ်သူ လုပ်ကြံ ခံရပြီးနောက် ဆီးရီးယားသို့ ပထမဆုံး လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လုပ်ကြံမှုတွင် ဆီးရီးယား ပါ၀င် ပတ်သက်နေကြောင်း လက်ဘနွန် ပြည်သူ အများအပြားက ယုံကြည်ခဲ့သည့်တိုင် ဒမတ်စကတ်မြို့ အစိုးရ ကမူ ယင်းဖြစ်ရပ်ကို တွင်တွင်ကြီး ငြင်းဆန်ထားသည်။ ယခုအခါ အိမ်နီးချင်း နှစ်နိုင်ငံ ပြန်လည်ပူးပေါင်းမှု ပြုလုပ်ရန် ခြေလှမ်းပြင်လာပြီး နှစ်ပေါင်း(၆၀)မျှ ကာလအတွင်း အပြန်အလှန် သံရုံးများ ဖွင့်လှစ်ထားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

ထို အခြေအနေသည် အစ္စရေး အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည့်တိုင် အစ္စရေးကမူ ယခုမှ ပြန်လည် တိုးတက်ကာစ ရှိသေးသည့် နှစ်နိုင်ငံကြား ဆက်ဆံမှုသည် ၎င်းတို့အတွက် ကြီးမားသော ဖိအားမျိုး ရှိမလာ စေနိုင်သေးကြောင်း သုံးသပ် ထားကြသည်။ အစ္စရေး နိုင်ငံရေး သုတေသီများက လက်ဘနွန်သည် အမေရိကန် လိုလားသော အစိုးရ ဖြစ်နေခြင်းကြောင့် ပြဿနာ ကြီးကြီးမားမား မဖြစ်လာနိုင်ဟု ယူဆနေကြသည်။

အစ္စရေး အစိုးရကလည်း မိမိတို့သည် လက်ဘနွန်က စ၍ မတိုက်သ၍ မည်သည့် နည်းနှင့်မျှ လက်ဘနွန်ကို ကျူးကျော် စစ်ပြုမည် မဟုတ်ကြောင်း ကြေညာထားသည်။ ထို့အပြင် အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူ ကိုယ်တိုင်ကလည်း ၎င်းသည် လက်ဘနွန်နှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာသည်ကို လိုလားကြောင်း ၀န်ခံထားသည်။

သို့သော်လည်း အစ္စရေး အနေနှင့် (၁၉၆၇) ခုနှစ်၊ စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့သည့် ဂိုလန်ကုန်းမြင့် ဒေသကို ဆီးရီးယား လက်သို့ ပြန်လည် မလွှဲပေးမချင်း လက်ဘနွန် အစိုးရနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုမှာ ဖြစ်လာဖွယ် မရှိကြောင်း အစ္စရေး နိုင်ငံရေး သုတေသီ များက သုံးသပ် ပြောဆိုလိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here