၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု မက်ဆီ ရရှိ

alt

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် (၂၀၀၉) ခုနှစ် ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ခံ လိုက်ရကြောင်း သိရှိ ရသည်။

ဒီဇင်ဘာ (၂၁)ရက် နေ့က ကမာ္ဘ့ ဘောလုံး အဖွဲ့ချုပ် (FIFA) မှ မက်ဆီ အား ကမာ္ဘ့ အကောင်းဆုံး ဘောလုံး သမားဆု ရရှိသည်ဟု အတည်ပြု ကြေညာ လိုက်သည်။ ထိုဆုအား မက်ဆီသည် ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် မြို့တွင် အခမ်းအနားဖြင့် ရယူမည် ဖြစ်သည်။

တောင်ပံ ထိုးစစ်တွင် အထူး ခြေစွမ်းပြ ခဲ့သည့် အသက် (၂၂)နှစ် အရွယ် တိုက်စစ်မှူး သည် ယခုနှစ်တွင် အနီးကပ် ပြိုင်ဘက်များ ဖြစ်သည့် (၂၀၀၈) အကောင်းဆုံး ဆုရှင် ခရစ်စတီယာနို ရော်နာဒို နှင့် (၂၀၀၇) အကောင်းဆုံး ဆုရှင် ရီကာဒို ကာကာ တို့အား ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဘာစီလိုနာ အသင်းဖော်များ ဖြစ်သည့် ဇာဗီဟာနန်ဒက် နှင့် အန်ဒရက် အင်နစ်စတာ တို့သည်လည်း အကောင်းဆုံး(၅)ဦး စာရင်းအတွက် ရွေးချယ် ခံကြရသည်။ မာရာဒိုနာ လက်သစ်ဟု တင်စားခံရသူ မက်ဆီသည် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် နှစ်က ဘာစီလိုနာအား ဖလား(၃)လုံး တပြိုင်တည်း ဆွတ်ခူး စေခဲ့သည့် မက်ဆီသည် ၎င်းဘဝတွင် မရရှိဖူးသော အဓိက ဆုဖလားဟူ၍ ကမာ္ဘ့ဖလား တခုသာ ကျန်တော့သည် အထိ ပြိုင်ပွဲ အရပ်ရပ်တွင် အောင်ပန်း ဆင်နိုင်ခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာ အတွက် (၅၁)ပွဲ ကစားပြီး (၃၈)ဂိုး သွင်းပေးခဲ့သူ မက်ဆီသည် နိုင်ငံတကာ ဘောလုံးအသင်း ခေါင်းဆောင်များနှင့် နည်းပြများက ဆန္ဒပြု ရွေးချယ်သည့် မဲအရေအတွက် (၁၀၄၇)မှတ် ရရှိခဲ့ပြီး ဒုတိယရသူ ရော်နာဒိုမှာ (၃၅၂)မဲသာ ရခဲ့သည်။ ဘာစီလိုနာ အလယ်တန်းသမား ဇာဗီသည် (၁၉၆)မဲဖြင့် တတိယသာ ချိတ် နိုင်ခဲ့သည်။

အမျိုးသမီး ဆုအတွက်မူ ဘရာဇီး လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မာတာ က အသင်းဖော် ခရစ်စတီနီ၊ အင်္ဂလန်မှ ကယ်လီစမစ်၊ ဂျာမနီမှ ဘရီဂစ်ပရင့် နှင့် အင်ကာဂရင်း တို့အား ကျော်ဖြတ်ကာ ကမာ္ဘ့ အကောင်းဆုံးဆုကို (၄)နှစ် ဆက်တိုက် ဆွတ်ခူး ရရှိသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here