A/H1N1 ကာကွယ်ဆေး ဖော်ထုတ်နိုင်ပြီဟု ဩစတြေးလျ သုတေသီများ ကြေညာ

alt

ဩစတြေးလျ သုတေသီများက ၎င်းတို့ သည် A/H1N1 တုပ်ကွေးကို ကာကွယ် နိုင်ပြီး ကလေး သူငယ်များ အတွက်ပါ အာနိသင်ရှိသည့် ထိုးဆေး တမျိုးအား အောင်မြင်စွာ ဖော်ထုတ်နိုင်ပြီ ဖြစ် ကြောင်း ကြေညာခဲ့သည်။

ယင်း ထိုးဆေးသည် တကြိမ်သာ ထိုးရန် လိုအပ်ပြီး တုပ်ကွေးကို အပြည့်အဝ ကာကွယ်နိုင်ကြောင်း သိရှိရသည်။ ယခင်က ထိုးဆေးများသည် တကြိမ် ထက် မနည်း ထိုးရသလို ကလေးများ အတွက်လည်း ကာကွယ် နိုင်စွမ်း အားနည်းမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် ယခု ထိုးဆေးမှာ အဆင်ပြေဖွယ် ရှိကြောင်း ဒီဇင်ဘာ (၂၁)ရက် နေ့ထုတ် အမေရိကန် Medical Association မှ ထုတ်ဝေသည့် ဂျာနယ်တွင် ဖော်ပြ ထားသည်။

အမေရိကန် ကျန်းမာရေး အာဏာပိုင် များကမူ ယခုဆေးသည် ကလေးများ အတွက် အမှန်တကယ် အကျိုး အာနိသင် ရှိမရှိကို စံနစ်တကျ လေ့လာပြီးမှ ထောက်ခံချက် ပေးမည်ဟု ကြေညာထားသည်။ ဩစတြေးလျ သုတေသီများက အမေရိကန်ထုတ် နှစ်ကြိမ် ထိုးရသည့် ဆေးဝါးများအား အခြေခံ သုတေသန ပြုလုပ်ကာ ထိုးဆေးသစ်ကို စမ်းသပ်ခဲ့ပြီး ဖြစ်သည်။

ပညာရှင် များသည် ဩစတြေးလျထုတ် ဆေးဝါးနှင့် အမေရိကန်ထုတ် ဆေးဝါးများအား မတူညီသော ကလေးငယ် အုပ်စုများတွင် စမ်းသပ် ထိုးနှံပေးပြီး ရလဒ်များကို စနစ်တကျ လေ့လာ မှတ်တမ်းတင်ကာ ကွဲလွဲချက် များအား စာရင်းပြုစု မှတ်သားနေကြောင်း သိရသည်။

မက္ကစီကို နိုင်ငံမှ စတင် ပျံ့နှံ့လာသည့် A/H1N1 တုပ်ကွေးသည် ကမာ္ဘ့နိုင်ငံ အသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့ သွားပြီးနောက် ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါ အဆင့်ထိ သတ်မှတ်ခံခဲ့ရပြီး နိုင်ငံအသီးသီးက ယင်းတုပ်ကွေးအား အပြည့်အဝ ကာကွယ်နိုင်မည့် ဆေးဝါးကို သုတေသနပြု ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here