ဖိလစ်ပိုင် မီးတောင် မကြာမီ ရက်ပိုင်းအတွင်း အကြီးအကျယ် ပေါက်ကွဲဖွယ်ရှိ

alt

ဖိလစ်ပိုင် နိုင်ငံ၏ အန္တရာယ် အကြီးဆုံး မီးတောင် အဖြစ် သတ်မှတ်ခံထား ရသည့် မေယွန်သည် မကြာမီ ရက်ပိုင်း အတွင်း ပေါက်ကွဲဖွယ် ရှိနေကြောင်း ပညာရှင် များက ခန့်မှန်း ထားကြသည်။

ဒီဇင်ဘာ (၂၀)ရက် နေ့က ဖိလစ်ပိုင်ရှိ ပညာရှင်များက မြေအောက် ငလျင်များ လှုပ်ရှားနေမှုကို ထောက်လှမ်းမိနေပြီး မီးတောင်၏ တောင်ခြေသို့ နီးကပ်စွာ ဦးတည်နေသဖြင့် မီးတောင် ပေါက်ကွဲ မည့်အချိန် နီးကပ်နေပြီဟု ယူဆ ရကြောင်း သတိပေး ပြောဆို သွားခဲ့သည်။

မီးတောင်အနီး ငလျင်ကြောများ (၄၅၃)ကြိမ် ထက်မနည်း လှုပ်ရှား နေသည်ကို ပညာရှင်များက ဖမ်းယူ သိရှိခဲ့ပြီးနောက် ယခုအခါ ဒုတိယ အမြင့်ဆုံး ဖြစ်သည့် အဆင့်(၄) သတိပေးချက်ကို ထုတ်ပြန်ထားပြီ ဖြစ်သည်။

မူလ ကတည်းက မီးတောင်အနီး ဒေသခံများကို ရွှေ့ပြောင်း ပေးထားသော်လည်း ဖိလစ်ပိုင် စစ်တပ်နှင့် ရဲဌာနမှ မော်တော်ယာဉ် များသည် မီးတောင်နှင့် (၅)မိုင် ပတ်လည်အတွင်း ကျေးရွာများသို့ ကင်းလှည့်ကာ ကျန်ရှိနေသူများအား ရှာဖွေ ခေါ်ငင်လျက် ရှိသည်။ မနီလာ မြို့တော် အရှေ့တောင်ပိုင်း အယ်ဘီရှိ ဒေသခံ (၄၀၀၀၀)ကျော် တို့သည် စာသင်ကျောင်းများနှင့် အရေးပေါ် စခန်းများတွင် ပြောင်းရွှေ့ ခိုလှုံနေကြောင်း အယ်လ်ဘေခရိုင်ဝန် ဂျိုဝီဆယ်စီဒိုက သတင်းထောက် များအား ပြောကြားခဲ့သည်။

မေယွန်သည် ဖိလစ်ပိုင်၏ ကြောက်စရာ အကောင်းဆုံး မီးတောင်အဖြစ် ယခင် ကတည်းက သတ်မှတ် ခံထားရပြီး မကြာသေးမီ ရက်ပိုင်းကမှ ချော်ရည်များ စီးထွက်ကာ အပြင်းအထန် လှုပ်ရှားလာခဲ့သည်။ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီးနောက် ရွာသူရွာသား (၅၀၀၀) ခန့်မှာ ထပ်မံရွှေ့ပြောင်း သွားကြောင်းလည်း ဆယ်စီဒို က ဆိုသည်။

မေယွန်သည် (၂၀၀၆) ခုနှစ်က နောက်ဆုံး ပေါက်ကွဲခဲ့ပြီး ထိုစဉ်က လူပေါင်း (၃၀၀၀၀)ကျော် အချိန်မီ ရွှေ့ပြောင်း ထားသဖြင့် သေကြေ ထိခိုက်မှု မရှိခဲ့ပေ။ (၁၉၉၃) ခုနှစ်တွင် ပေါက်ကွဲစဉ် ကမူ (၇၉)ဦး သေဆုံးခဲ့သည်။ မေယွန် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပထမဆုံး မှတ်တမ်း တင်ထားသည်မှာ (၁၆၁၆)ခုနှစ်က ဖြစ်ပြီး (၁၉၁၄)ခုနှစ် တွင်မူ သေကြေထိခိုက်မှု အများဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထိုစဉ်က လူပေါင်း (၁၂၀၀)ကျော် သေကြေခဲ့ပြီး မြို့တမြို့မှာ မီးတောင်ချော်ခဲများ အတိ ဖုံးလွှမ်း သွားခဲ့ဖူးသည်။ (၁၈၁၄) ခုနှစ် မေယွန် ပေါက်ကွဲစဉ်က ပျက်စီးခဲ့သည့် ကာဆာဝါမြို့ ဘုရားရှိခိုးကျောင်း အပျက်အစီးများမှာ ယခုတိုင် ကမာ္ဘလှည့် ခရီးသည်များ အတွက် ဆွဲဆောင်မှု အရှိဆုံး နေရာတခုအဖြစ် ထင်ကျန်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here