အင်တာနက် ဘေလ် မဆောင်ဟုဆိုကာ မှားယွင်းစွာ ဖြတ်တောက်မှုများ ဖြစ်ပေါ်နေ

alt

ယခင် MPT က ၀န်ဆောင်မှု ပေးခဲ့ သည့် MPT Korea လိုင်း သုံးစွဲသူ အင်တာနက် User အချို့ အနေဖြင့် ပုံမှန် လစဉ်ကြေးများ ပေးသွင်း နေပါလျှက် ဘေလ် မဆောင်ဟု ဆိုကာ မှားယွင်း ဖြတ်တောက်မှုများ ခံနေ ရကြောင်း ကြားသိရသည်။

ယင်း အင်တာနက် User များ အနေဖြင့် လစဉ်ကြေး နှစ်စဉ်ကြေး များအား ငွေစာရင်း ဌာနသို့ ပုံမှန် ပေးသွင်းရခြင်း ဖြစ်ပြီး ပေးသွင်းရန် ပျက်ကွက်မှုများ၊ ကြွေးကျန်များ ရှိပါက လိုင်း ဖြတ်တောက်ခြင်း ခံရသည်။ သို့သော် ယခု ရက်ပိုင်းအတွက် ပုံမှန် ငွေကြေးပေးသွင်း ထားပါလျှက် ဖြတ်တောက် ခံနေရသူများ ရှိနေပြီး တချို့ User များမှာ တနှစ်စာ ကြိုတင်ငွေ ပေးသွင်း ထားပါလျှက်ပင် ဖြတ်တောက်ခြင်း ခံနေရကြောင်း သိရှိရသည်။

“ကျွန်တော်တို့ လိုင်းပြတ်သွားတော့ ဘာကြောင့်လဲ သေချာ မသိတာနဲ့ ဖုန်းဆက်ပြီး မေးပါတယ်။ ဟို စမ်းခိုင်း၊ ဒီ စမ်းခိုင်းနဲ့ နောက်ဆုံး Complaint တင်ပါလို့ ဆိုပါတယ်။ ညနေ ၄နာရီ ပြန်ဆက်ပါ ဆိုလို့ ဆက်လိုက်တော့ နောက်တနေ့ ၁၀နာရီ ပြန်ဆက်ပါလို့ ပြောပြန်တယ်။ ဒါနဲ့ စနေနေ့ မနက် ၁၀နာရီ ပြန်ဆက်တော့ ဘေလ် မဆောင် ထားလို့ပါလို့ ပြောတယ်။ ကျွန်တော်တို့က အကုန် ဘေလ်ဆောင် ထားတာဆိုတော့ စာအုပ်နဲ့တကွ စာရွက်စာတမ်း အပြည့်အစုံကို သွားပြီး ပြပါတယ်။ အဲ့ဒီတော့ တခါ နှစ်စဉ်ကြေး မသွင်းထားလို့ ဆိုပြန်ပါတယ်။ တခါ နှစ်စဉ်ကြေး သွင်းထားတဲ့ ဘေလ် မိတ္တူ စာရွက်ကိုပါ ပြပြန်တော့ ဒါက MPT ဘက်က ဖြတ်ခိုင်းလို့ ဖြတ်တာပါ ပြောပြန်ပါတယ်။ အဲ့ဒီလိုနဲ့ စနေ နေ့တဝက် ကုန်လို့ ရုံးဆင်းသွားပြီး တနင်္လာနေ့ အထိ စောင့်နေ ခဲ့ရပါတယ်” ဟု အင်တာနက် ဖြတ်တောက် ခံရသူ ရန်ကုန်မှ Internet User တဦးက ပြောကြားသည်။

“ကျွန်တော်တို့ တနင်္လာနေ့ MPT ငွေစာရင်း ဌာနကို သွားတော့ သူတို့ မှားသွားတာပါ။ ဘာညာနဲ့ အခု Fax ပို့ပေးလိုက်ပါ့မယ်။ ပြောပါတယ်။ ဒါနဲ့ နေ့လည်ကျတော့ Link မီး တက်လာပြီး DHCP မရပြန်ဘူး။ တခါ ပုဂံကို မေးတော့ သူတို့ဆီ အခုထိ Fax မဝင်လာပါဘူး ပြောပြန်ပါတယ်။ MPT ကို မေးတော့ ကင်းရှင်းကြောင်း စာရွက် ထုတ်ပေးမယ့် ဌာနကလည်း Fax မရဘူး ပြောပြန်ပါတယ်။ ဒါနဲ့ ပထမ Fax ပို့ပေးမယ် ဆိုပြီး ပြောခဲ့တဲ့ ဘေလ်ဌာနကို လှမ်းမေးတော့ ပြန်ပို့ပေးမယ် ပြောပါတယ်။ တခါ MPT ၈မိုင်ရုံးကို မေးတော့ အကုန်လုံး အသုဘ သွားပို့တယ်တဲ့။ ဒီလိုနဲ့ တရက် ကုန်သွားပြန်ပါတယ်။ အခု ဒီနေ့ မနက် အထိလည်း ဟိုလိုလို ဒီလိုလိုနဲ့ ဘာမှ ဖြစ်မလာပါဘူး။ အခုထက်ထိ အင်တာနက်က ပြန်မရ ပါဘူး။ ဘယ်သူ့ကို ပြောပြီး ဘယ်သူ့ကို အကူအညီ တောင်းရမယ် မှန်းလည်း မသိတော့ပါဘူး။ သူတို့လည်း မှားသေးတယ်။ သူတို့ကိုလည်း လိုက်တောင်းပန် နေရသေးတယ် ဆိုတာက နားလည်ရ တော်တော်ခက်တဲ့ ကိစ္စပါ။” ဟု ၎င်းပုဂ္ဂိုလ်က ဆက်လက်၍ ရင်ဖွင့် ပြောကြား သွားခဲ့သည်။

အမည် မဖော်လိုသူ အတွင်းလူ တဦး၏ အဆိုအရ ယင်းကဲ့သို့ ဖြစ်ပွားနေမှု များမှာ ခဏခဏ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ငွေစာရင်းဌာန အနေဖြင့် သေသေချာချာ စိစစ်ခြင်း မပြုဘဲ မှားယွင်း ဖြတ်တောက် ခိုင်းမှုများ ရှိနေမှုကြောင့်ဟု ၀န်ခံ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here