တာဝန်ရှိသည့် ကောင်းမွေ၊ ဆိုးမွေ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အမွေဆိုတဲ့ စကားလုံးနဲ့ စာရေးသူရဲ့ အယူအဆကို ဖွင့်ဟ ချင်ပါတယ်။ သားသမီး ဆိုတာ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို ခံယူ ရစမြဲပါ။ ဒီလိုပါပဲ လူ့အဖွဲ့အစည်း တခုမှာလည်း မျိုးဆက် တဆက်ပြီး တဆက်၊ ကောင်းမွေ၊ ဆိုးမွေတွေကို လက်ဆင့်ကမ်း ထိန်းသိမ်း သယ်ဆောင်နေကြ ရတာပါပဲ။

စာရေးသူတို့ နိုင်ငံတော် သီချင်းမှာကိုက “… ဒို့ဘိုးဘွား အမွေစစ်မို့ … ချစ်မြတ်နိုးပေ..” လို့ ပါရှိနေတာပါပဲ။ အမွေကို လူတိုင်းနှစ်သက် လိုလား ကြပါတယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အစဉ်အလာတွေကို ကောင်းမြတ်တဲ့ အမွေတခုအဖြစ် စာရေးသူတို့ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြတာပါပဲ။ ဒီလိုပါပဲ။ ကိုယ့်မိဘရဲ့ လက်ငုတ်လက်ရင်း၊ အတတ်ပညာ၊ ဂုဏ်ပုဒ် စသည်ဖြင့် မိမွေ၊ ဘမွေကို သားသမီးတွေက မြတ်မြတ်နိုးနိုးနဲ့ ဆက်ခံတတ်ကြပါတယ်။ ဒီလမ်းကြောင်းကနေ ချော်ထွက် သွားတာလည်း ရှိမှာပါ ဓမ္မတာပေကိုး။ စာရေးသူ ပြောချင်တာက အမွေဆိုတဲ့နေရာမှာ ကောင်းတဲ့၊ သင့်တော်တဲ့ အမွေမျိုးရှိသလို ဆိုးတဲ့၊ မခံယူသင့်တဲ့ အမွေလည်း ရှိတာပါပဲ။ ဥပမာ အနေနဲ့ အရက်သမား လူရမ်းကားတယောက်ရဲ့သားဟာ သူ့ဖအေ အရက်သမား လူရမ်းကားလိုပဲ အမွေဆက်ခံပြီး အရက်သမား လုပ်ရမှာလား။ ဘယ်သူမဆို ဒီလိုအဖြစ်မျိုးကို လက်မခံဖို့ဘဲ ပြောကြမှာပါ။ လက်သင့်မခံရမယ့် အမွေမျိုးလည်း ဖြစ်ပါတယ်။

စာရေးသူတို့ လူ့အဖွဲ့အစည်းမှာလည်း မျိုးဆက်သစ်များ အနေနဲ့ လက်မခံရမယ့် အမွေတွေ အများကြီး ရှိနေပါတယ်။ ကျနော်တို့ အဘိုးအဘွားတွေဟာ သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင်၊ ကျနော် တို့လို မျိုးဆက်သစ်တွေ အနေနဲ့ လွတ်လပ်တဲ့လူမျိုး၊ လွတ်လပ်တဲ့ နိုင်ငံသားတွေ ဖြစ်အောင် သူတို့ ပခုံးနဲ့ထမ်းပြီး တင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ကြီးမြတ်တဲ့ စိတ်ဓာတ်တွေ၊ လေးစား အတုယူ အားကျဖွယ် စိတ်ဓာတ်တွေ၊ စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေနဲ့ အသက်၊ သွေး၊ ချွေးများစွာရင်းပြီး ငါတို့ နောင်လာနောက်သား မျိုးဆက်သစ်တွေ လွတ်လွတ်လပ်လပ် နေရပါစေတော့ဆိုတဲ့ စေတနာ အရင်းခံနဲ့ တွန်းတင်ပေးခဲ့ပါတယ်။ သူတို့ခေတ်၊ သူတို့ ကာလအနေနဲ့ သူတို့နိုင်တဲ့ဝန်ထက် အဆပေါင်းများစွာ မနိုင်ဝန်ထမ်းပြီး ကြိုးပမ်းခဲ့ကြတာပါ၊ ပေးဆပ် သွားကြတာပါ။ ဒါပေမယ့် သူတို့ကိုဆက်ခံတဲ့ သားသမီးတွေ ကတော့ တာဝန် မကျေခဲ့ပါဘူး။

လူငယ်ဟာ လူကြီးရဲ့ ပခုံးပေါ်ကိုတက်ပြီး ကြည့်ရမယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးပါတယ်။ ဒါမှလည်း မျိုးဆက် တဆက်ပြီးတဆက် တိုးတက်တော့မှာပါ။ မိဘဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ ကောင်းမြတ်တဲ့ အမွေကို နောက်မျိုးဆက်တွေက ဆထက် ထမ်းပိုးတိုးအောင် ကြံဆောင်ကြိုးပမ်းမှုမရှိဘဲ အစိတ်စိတ် အမြွှာမြွှာခွဲပြီး သူများတယ်၊ ငါများတယ်နဲ့ အမွေလုနေရင်းနဲ့ပဲ တစတစ လုံးပါးပါးပြီး နောက်ဆုံး ဆင်းရဲမွဲတေရတဲ့အဖြစ်ကို ရောက်ခဲ့ရတာလို့ မြင်မိပါတယ်။

ညီအစ်ကို မောင်နှမတွေကြား မထား သင့်တဲ့၊ မလိုလားအပ်တဲ့ လောဘ၊ ဒေါသ၊ အာဃာတတွေ၊ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတွေ ကြောင့် စိတ်ဝမ်းကွဲပြီး မဖြစ်သင့်တာတွေ ဖြစ်လာရတာပါ။ တဦးတယောက်၊ တဖွဲ့တသင်းက အာဏာကို လက်ဝါးကြီးအုပ် ဗိုလ်မကျဘဲနဲ့ အားလုံး ညှိညှိနှိုင်းနှိုင်း ၀ိုင်းဝန်းတိုင်ပင်လို့ ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်နိုင်ခဲ့ရင် အခုလောက်ဆိုရင် စာရေးသူတို့ ဘိုးဘွားတွေရဲ့အမွေဟာ အတိုင်းထက် အလွန်တိုးပွားလို့ ပေးဆပ်သွားခဲ့ရတဲ့ သူတွေလည်း ရောက်ရာ ဘဝကနေ သာဓု အနုမောဒနာ ခေါ် နေကြမှာပါ။

အခုတော့ မိဘဘိုးဘွားတွေ ထားခဲ့တဲ့ ကျေးဇူးကိုလည်း ဆပ်ရာမရောက်၊ နောင်လာနောက်သား မျိုးဆက်တွေအတွက်လည်း ဘာတခုမှ အမွေခံကောင်းတွေ ချန်မထားရစ်ဘဲ မကောင်းတဲ့အကျင့် ဆိုးတွေ၊ စိတ်ဓာတ်တွေ၊ အယူဆိုးတွေ၊ စနစ်ဆိုးတွေပဲထားခဲ့လို့ အခုလက်ရှိ ကျနော်တို့မျိုးဆက် တွေလည်း ဒီအမွေဆိုးတွေရဲ့ဆိုးကျိုးကို ခံစားနေကြရပါပြီ။ ကြွေးဟောင်းလည်း မကြေ၊ ကြွေးသစ်လည်း မချနိုင်နဲ့ ရှိရင်းစွဲ အမွေလေးပါ ချွတ်ခြံုကျနေရတဲ့ အဖြစ်ကို ရောက်နေရပါပြီ။ လွတ်လပ်တဲ့ နိုင်ငံသား၊ လွတ်လပ်တဲ့ လူမျိုးအဖြစ်နဲ့ အများအလယ်မှာတောင် မော်မကြွား ၀ံ့ပါဘူး၊ ဂုဏ်ယူစရာလည်း တချက်မှမရှိပါဘူး။ ဟိုး ရှေးရှေးတုန်းက ဘိုးဘွားဘီဘင်တွေ လုပ်ထားခဲ့တဲ့ ကောင်းမှု လေးတွေ၊ အမွေကောင်းလေးတွေ ကြောင့်သာ နည်းနည်း ခံသာ နေရတာပါ။

မွေးချင်းတယောက်ရဲ့ အကျင့်ဆိုးကို ကျန်တဲ့ မွေးချင်း ညီအစ်ကိုများက ၀ိုင်းဝန်းပြုပြင် မပေးနိုင်ခဲ့ပါဘူး။ လမ်းမှား ရောက်နေလည်း ပြန်မဆွဲခေါ်နိုင်ခဲ့ပါဘူး။ အဲဒီလို လုပ်နိုင်တဲ့ အင်အားလည်းမရှိဘဲ ကျန်သူများလည်း အချင်းချင်း ဝေစုမတည့်ဖြစ်နေပြီး အချိန်ကုန်ခဲ့တာပါ။ ဒီလိုဖြစ်နေစရာလား။ ဘာလို့ အဲဒီလိုဖြစ်နေခဲ့တာလဲ။ အမွေကိုကောင်းအောင်၊ ကြီးကျယ်ပွားစီးအောင်လို့ လုပ်ချင်စိတ် မရှိခဲ့လို့လား။ နောက်မျိုးဆက်တွေ အတွက်ရော မစဉ်းစားခဲ့ဘူးလား။ ဟန်ပြဖုံးကွယ်မှုတွေ၊ သကာ ရည်လောင်းထားတဲ့ အနှစ်မရှိတဲ့ မက်လုံးတွေ၊ မစားရဝခမန်း လုပ်ကြံထားတဲ့ စိတ်ကူးယဉ်မှုတွေကို ခင်းကျင်းပြီး ဟုတ်လိမ့်နိုးနိုးနဲ့သာ ရွှေပြည်တော် မျှော်တိုင်းဝေး စေခဲ့ပါတယ်။

တိုင်းပြည်အတွက်၊ လူမျိုးအတွက်ဆိုတဲ့ စကားလုံး လှလှလေးတွေသုံးပြီး တကယ်တမ်းကျတော့ ငါ့ဘို့ဆိုတဲ့ ဘို့တဘို့တည်း ကြည့်သွားခဲ့ကြတာပါ။ တကယ်တမ်းကောင်းအောင်၊ တိုးတက်အောင် လုပ်ချင်တဲ့စိတ် မရှိခဲ့ကြပါဘူး။ ရှိခဲ့ရင်လည်း အဲဒီစိတ်က တပြား၊ နှစ်ပြားဖိုးထက် မပိုပါဘူး။

ရနိုင် သမျှ ချကြ၊ မင်းအလှည့်ရောက်ရင် မင်းလုပ်၊ ငါတို့တုန်းက ဘယ်လို၊ ဘယ်လို စွန့်လွှတ်ခဲ့တာ၊ ဘယ်လို တိုက်ယူခဲ့ရတာဆိုပြီး နောက်လူတွေအတွက် မကြည့်ခဲ့ကြပါဘူး။

ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ် မရှိခဲ့ကြပါဘူး။ လူဆန်တဲ့ နှလုံးသားတောင် မရှိခဲ့ကြပါဘူး။ အဲလို လူတွေက နောက်လူတွေကို ပေးသွားတဲ့အမွေက ဒါပဲဖြစ်ပါတယ်။ အဲဒီနောက် မျိုးဆက်တွေကလည်း ဒီလို အယူဆိုး၊ အကျင့်ဆိုးတွေ၊ အမွေဆိုးတွေကို အလျားသင့်ပဲ ဆက်ခံကြပါတယ်။ ကောင်းအောင် လုပ်ဖို့၊ တိုးတက်အောင်လုပ်ဖို့၊ ပျက်စီးနေတာကိုပြင်ဖို့၊ မဖြစ်သင့်တာတွေကို ထိန်းသိမ်းဖို့ဆိုတာ ဝေလာဝေး၊ သူ့ထက်ကဲ၊ ရွှေပြည်စိုးဆိုတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတာကြောင့် ဘိုးဘွား အမွေအနှစ်ကို ဆေးသကြားနဲ့ ထပ်မံ အုပ်ထားခဲ့ကြပါတယ်။

ကိုယ့်နောက်မှ လူဖြစ်လာကြတဲ့သူတွေ (နောက်မှ လွတ်လပ်ရေး ရကြတဲ့သူတွေ) က ကိုယ့်ကို ထိပ်ပုတ်သွားတာ ခံနေရပြီ။ အိမ်ထောင်ဦးစီးတယောက်က လူရမ်းကားဖြစ်နေလို့ သူ့သားသမီးတွေက လူရမ်းကား သားသမီးတွေလို့ ပတ်ဝန်းကျင်က ပြောတာ ခံနေရပါပြီ။ လူဘုံအလယ်မှာ အရှက်ရနေပါပြီ။ လူမလေး ခွေးမခန့် ဖြစ်နေပါပြီ။ တကယ်ဆို ကျနော်တို့မျိုးဆက်တွေ အနေနဲ့ အဲလို အပြောခံသင့်သလား။ ကျနော်တို့မှာ ဘာအပြစ်ရှိလို့လဲ။ ဒီပြဿနာတွေက ကျနော်တို့ လုပ်ခဲ့တာဟုတ်လို့လား။ ကျနော်တို့ နောက်မျိုးဆက်တွေနဲ့ ဘာဆိုင်လို့လဲ။ ကျနော်တို့မမွေးခင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ အကျိုးဆက်တွေကို ကျနော်တို့က ဆက်ခံရမှာလား။ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို လက်ခံရတယ်ဆိုပေမယ့် ဒါမျိုးကို လက်သင့်ခံ သင့်သလား။ ဆိုးမွေကို ဘာလို့ယူမှာလဲ။ ကျနော်တို့ မလုပ်ခဲ့တဲ့ ပြဿနာတွေ၊ အမွေဆိုးတွေကို ဆက်ခံပြီး ဒီလိုပဲ သူ့ဘက်၊ ကိုယ့်ဘက် ဆက်ချနေကြမလား။ အမွေ လုနေကြဦးမှာလား။

ဟိုတုန်းက ၀တ္ထုတအုပ်ထဲမှာ ဖတ်ဖူးတယ်။ အခု စာရေးဆရာကော၊ စာအုပ်နာမယ်ကော စဉ်းစားလို့ မရတော့ဘူး။ ဘာလဲဆိုတော့ “တို့ခေတ်တုန်းက လူငယ်တွေက တိုင်းပြည်အတွက် ဘာပေးရမလဲ ဆိုတာပဲ စဉ်းစားကြတယ်တဲ့၊ အခုလူငယ်တွေက တိုင်းပြည်က ကိုယ့်ကို ဘာပြန် လုပ်ပေးမလဲ ဆိုတာပဲ စဉ်းစားကြတယ်” လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ ဒီစာကြောင်းလေး တကြောင်းပဲ ပြန်အမှတ်ရပါတယ်။ ကြိုက်လွန်းလို့ပါ။ ဒီစာလိုပဲ ကျနော်တို့လူငယ်တွေ ဖြစ်နေပြီလား။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့လိုချင်တာက အမွေခံကောင်း လေးတွေပါ။ သားသမီးကတော့ မိဘဆီက ဆင်းရဲရဲ၊ ချမ်းသာသာ အမှတ်တရပဲဖြစ်ဖြစ် အမွေ ပစ္စည်းလေးတော့ လိုချင်တာပါပဲ။ မတတ်နိုင်မှန်းသိရက်နဲ့တော့ ဇွတ်မတောင်းပါဘူး။ အမွေဆိုတာ ကိုယ်နဲ့ထိုက်မှ ကိုယ်ရတာပါ။ မဖြစ်နိုင်တဲ့ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး၊ မတောင်းပါဘူး။

ကျနော်တို့ လူငယ်တွေမှာ ကြိုးစားချင်စိတ်၊ စွန့်လွှတ်ချင်စိတ်၊ အနစ်နာခံချင်စိတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ တက်ကြွတဲ့စိတ်၊ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ပေးဆပ်ချင်တဲ့ စိတ်တွေ အပြည့်အဝ ရှိပါတယ်။ ဒါဟာ ကမာ္ဘပေါ်မှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းက လူငယ်တွေရဲ့ စိတ်ထားပါပဲ။ လူကြီး တွေလည်း တချိန်တုန်းက ဒါမျိုးရှိခဲ့တာပဲ။ အခု အဲဒါတွေကို သတိမရတော့ ဘူးလား။ အမှန်တရား မြတ်နိုးပြီး လောက ကောင်းကျိုးကို လူ့ဘဝ ရတုန်းမှာ သယ်ပိုးသွားမယ်လို့ စိတ်မရှိကြတော့ ဘူးလား။ ကျနော်တို့ လူငယ်တွေဟာ မိမိတို့ရဲ့ အနာဂတ်ကို ယုံကြည်ချက် အပြည့်နဲ့ လျှောက်လှမ်းချင်ပါတယ်။ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေ ရှင်သန်ပေါက်ဖွားဖို့ ရေခံမြေခံ၊ အမွေခံကောင်းဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်မလဲလို့ မျှော်လင့်ရတာပါ။ ပန်းလေးတွေဟာ လူ့လောကကို အရောင်၊ အနံ့တို့နဲ့ အကျိုးပြုဖို့ ပွင့်ဖူးမလာခင်မှာ ရှင်သန်ကြီး ထွားလာဖို့အတွက် မြေတို့ ရေတို့ လိုပါတယ်။ အခု အနာဂတ်ပန်းတွေ ရှင်သန်ဖို့အတွက် ရှေးဘိုးဘွား အမွေအနှစ် မြေဆီ ရှိနေပါပြီ။ ဆက်လက် ပွင့်လန်းဖို့အတွက် ရေနဲ့တူတဲ့ အခု တိုင်းပြည်က ပံ့ပိုးပေးမယ့် အမွေ လိုပါတယ်။ ဒါ ငါတို့ရတဲ့ အမွေကွ ဆိုပြီး လူဘုံအလယ်မှာ မျက်နှာပန်း လှချင်ပါတယ်။ တိုင်းပြည်အတွက် ဂုဏ်ယူချင်ပါတယ်။ တိုင်းပြည် အကျိုးကိုလည်း ဆထက် ထမ်ပိုးတိုးပြီး ထမ်းဆောင်ချင် ပါတယ်။ ကျနော်တို့က ဖြစ်လာမယ့် မျိုးဆက်တွေကိုလည်း အမွေခံကောင်းတွေ၊ အခြေခံကောင်း တွေသာ ပေးထားရစ် ခဲ့ချင်ပါတယ်။

အစွမ်းကုန် ဖူးပွင့်ချင်ပေမယ့် မြေခံ၊ ရေခံ၊ အမွေခံ မကောင်းရင်တော့ မည်သည့် အနာဂတ်ပန်းမျှ လှပ လာမည် မဟုတ်ပါ။ ဒီလိုဆိုရင် နောက်နောင် မျိုးဆက်တွေမှာ ပို၍ ဆိုးရွားဖွယ်သာ ရှိပါတော့တယ်။

မျိုးစေ့မမှန်လို့ ပင်မသန်ရတာ မဟုတ်ဘဲ အထိန်းအသိမ်း မတတ်လို့ ပျက်စီးရခြင်းသာ ဖြစ်ပါကြောင်း။

Mr.John AMH

LEAVE A REPLY

Please enter your comment!
Please enter your name here