ဖိလစ်ပိုင် မီးတောင် ပေါက်ကွဲနိုင်သဖြင့် ဒေသခံများအား ရွှေ့ပြောင်းပေးလျှက်ရှိ

alt

ဖိလစ်ပိုင် အစိုးရသည် နိုင်ငံ၏ အန္တရာယ် အကြီးဆုံးဟု သတ်မှတ် ခံထား ရသည့် မီးတောင်ကြီး တကျော့ ပြန်လှုပ်ရှား လာပြီးနောက် အနီးအနား ရှိ ဒေသခံ ထောင်နှင့်ချီပြီး ရွှေ့ပြောင်း ပေးခဲ့ ရကြောင်း သိရှိရသည်။

ချော်ရည်များ ဆူပွက်လာပြီး မီးခိုးနှင့် ကျောက်တုံးများ ကန်ထွက်လာမှု ကြောင့် ပေပေါင်း (၈၀၇၀) မြင့်သည့် မေယွန် မီးတောင်အနီး နေထိုင်သူ များအား စစ်တပ် အကူအညီဖြင့် ဖိလစ်ပိုင် အစိုးရက ရွှေ့ပြောင်း ပေးခဲ့ရသည်။

ဒီဇင်ဘာ (၁၅)ရက် နေ့မှစပြီး ယနေ့တိုင် မေယွန် မီးတောင်နှင့် (၅)မိုင် ပတ်ဝန်းကျင်တွင် နေထိုင်သူများကို ရွှေ့ပြောင်း ပေးနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူ များကဆိုသည်။ မျက်မြင်များ၏ အဆိုအရ မီးတောင်၏ အချို့သော တောင်စောင်း တလျှောက် ချော်ရည်ပူများ စီးဆင်း လာနေကြောင်း သိရှိရသည်။

ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း အင်အားကြီးမားသော တိုင်ဖွန်းမုန်တိုင်းများ ၀င်ရောက် တိုက်ခတ်သည့် သဘာဝ ဘေးအန္တရာယ်များကို နဖူးတွေ့ ဒူးတွေ့ ကြံုခဲ့ရပြီးဖြစ်သည်။ အစိုးရသည် ရွှေ့ပြောင်းရေး လုပ်ငန်းများအတွက် စစ်သုံး ထရပ်ကားများ အပါအဝင် မော်တော်ယာဉ် အစင်း(၂၀)ကို ပေးပို့ထားပြီး လူပေါင်း (၅၀၀၀၀)ကျော် အထိ စစ်တပ်မှရွှေ့ပြောင်း ပေးသွားရမည်ဟု မျှော်လင့် ထားသည်။

မီးတောင် တည်ရှိရာ အယ်လ်ဘေခရိုင်မှ အုပ်ချုပ်ရေးမှူး ဂျိုဝီဆယ်ဆီဒါက မိမိတို့အနေနှင့် မီးတောင် ပေါက်ကွဲခဲ့မည် ဆိုပါက လူတဦးမျှ မသေမပျောက်သည်ကို အလိုရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ရွှေ့ပြောင်းခံရသည့် ဒေသခံများအတွက် အရေးပေါ် နေအိမ်များ အလုံအလောက် ဆောက်လုပ်ပေးရန် ကြိုးပမ်း နေရဆဲဟု ၀န်ခံ ထားလိုက်သည်။

သို့သော်လည်း မီးတောင်အနီးရှိ စိုက်ပျိုးမြေများတွင် လယ်သမားများမှာ စိုက်ပျိုးရေးလုပ်ငန်း ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပြီး မီးတောင် ပေါက်ကွဲနိုင်ကြောင်း နောက်ဆုံး အချက်ပေးမှု မရမချင်း ပြောင်းရွှေ့ဦးမည် မဟုတ်ဟု သိရှိရသည်။ ဖိလစ်ပိုင် အစိုးရသည် ထိုသို့ မပြောင်းရွှေ့ လိုသော လယ်သမားများ အတွက် စစ်ထရပ် ကားတစင်း စီစဉ်ပေးထားပြီး အသင့် အနေအထား ပြင်ဆင်ထားကြောင်း ဆယ်ဆီဒါက ဆက်လက် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here