ယီမင်နိုင်ငံတွင် အယ်ကိုင်းဒါး အဖွဲ့ဝင် အများအပြားအား တိုက်ခိုက်ချေမှုန်း

alt

ယီမင် နိုင်ငံတွင် အယ်ကိုင်းဒါး တပ်ဖွဲ့ များနှင့် ဆက်စပ်နေသည်ဟု ယူဆ ရသည့် နေရာများအား ၀င်ရောက် စီးနင်းရာ အနည်းဆုံး (၃၄)ဦးမျှ သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ယီမင် အာဏာပိုင်များက မိမိတို့သည် အကြမ်းဖက် သမားများ စစ်ရေး လေ့ကျင့်ရာ နေရာဟု ယူဆရသည့် စခန်းများအား ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း အတည်ပြု ခဲ့သည်။ ဒီဇင်ဘာ (၁၇)ရက် နေ့က နိုင်ငံတောင်ပိုင်း အာဘယန်ရှိ မက်ဆက် ဧရိယာကို အင်အားသုံး စီးနင်းခဲ့ရာ စစ်သွေးကြွ တိုက်ခိုက်ရေး သမားဟု ယူဆရသူ အနည်းဆုံး (၃၀)မျှ သေကြေခဲ့သည်။

ထို့အပြင် နိုင်ငံ အရှေ့မြောက်ပိုင်း အာဟပ်ရှိ ဆန်နာမြို့တွင်လည်း အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ (၄)ဦး သေဆုံးပြီး (၁၇)ဦး အဖမ်းခံ ခဲ့ရကြောင်း သိရသည်။ ယီမင်ပြည်ထဲရေး ၀န်ကြီးဌာနက အကြမ်းဖက် သမားများသည် ကျောင်းများနှင့် လူနေအိမ်များအား ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ထောက်လှမ်းရေး သတင်းများအရ ကြိုတင် လက်ဦးမှုယူ စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားသည်။

သို့သော်လည်း အာဘယန်တွင် နေထိုင်သော ဒေသခံအချို့က စီးနင်း တိုက်ခိုက်ခဲ့သည့် ဧရိယာအတွင်း အကြမ်းဖက် သမားများ ခိုအောင်းနေခြင်း မရှိကြောင်းနှင့် ယခုလို အစိုးရ တပ်များက တိုက်ခိုက်မှုကြောင့် အိမ်ခြေ အများအပြား ပျက်စီးခဲ့ကြောင်း ကန့်ကွက် အရေးဆို နေကြသည်။

အစိုးရ အနေနှင့် ထိုတိုက်ပွဲတွင် လူ(၃၀)မျှ သေကြေကြောင်း ပြောကြားထားသည့်တိုင် ဒေသခံ လူ့အခွင့်အရေး အဖွဲ့တခုမှ အဘက် အယ်အာဆိုင် ဆိုသူက ကလေး (၂၃)ဦးနှင့် အမျိုးသမီး (၁၇)ဦး အပါအဝင် လူ(၆၄)ဦး သေဆုံးကြောင်း သတင်းထောက် များထံ ပြောကြား သွားခဲ့သည်။

ယခု ကိစ္စသည် အစိုးရက ၎င်းတို့အနေနှင့် အကြမ်းဖက်မှုကို ဖိဖိစီးစီး နှိမ်နင်းနေကြောင်း ကမာ္ဘသို့ ပြသရန် အားထုတ်မှုသာ ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများက အချောင်သက်သက် အသေခံခဲ့ရကြောင်း အယ်အာဆိုင်က AP သတင်းဌာနနှင့် တယ်လီဖုန်း အင်တာဗျူး အတွင်း ပြစ်တင် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here