Air Force 1 အစမ်း ပျံသန်းမှု မှတ်တမ်းများ ပင်တဂွန် ထုတ်ပြန်

alt

အမေရိကန် သမ္မတ စီးနင်းသည့် Air Force 1 လေယာဉ် အစမ်းပျံသန်းမှု မှတ်တမ်း ဓာတ်ပုံများအား ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန် ကြေညာလိုက် သည်။ ယခုနှစ် ဧပြီလ အတွင်းက နယူးယောက် မြို့တော်တွင်

အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည့် သမ္မတ လေယာဉ် အစမ်းလေ့ကျင့် ပျံသန်းမှု နှင့် ပတ်သက်သည့် ဓာတ်ပုံ ပေါင်း (၁၄၆) ပုံကို ဒီဇင်ဘာ (၁၇)ရက် နေ့က အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်ဝေလိုက်ကြောင်း စစ်ဌာနချုပ်က အတည်ပြု ကြေညာသည်။

ထိုစဉ်က မန်ဟမ်တန်ရှိ တိုက်များအပေါ်တွင် အနိမ့်ပျံ သွားသည့် Boeing 747 အမျိုးအစား လေယာဉ်ကြီးအား နယူးယောက်မြို့ခံ ထောင်ပေါင်း များစွာက တွေ့မြင်ခဲ့ကြရ ပြီးနောက် အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

အထူးသဖြင့် လေယာဉ်ကြီး နောက်တွင် ခြံရံ လိုက်ပါလာသည့် အမေရိကန်လေတပ် တိုက်လေယာဉ်ကြောင့် ထိုလေယာဉ်ကြီးမှာ ပြန်ပေးဆွဲ ခံရခြင်းဟု ယုံကြည် လာကြကာ (၂၀၀၁) ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် (၉/၁၁) အကြမ်းဖက်မှုမျိုး ထပ်မံ ဖြစ်လာမည်ဟု တွေးတော ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အိမ်ဖြူတော်က နောက်ပိုင်းတွင် ဓာတ်ပုံ ရိုက်ကူးရန် တရားဝင် ပြုလုပ်သည့် ပျံသန်းမှု တခုအဖြစ် ချက်ခြင်းတုန့်ပြန် ကြေညာခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သမ္မတ ဘာရက် အိုဘားမား ၏ အစိုးရ အဖွဲ့သည် ပြည်သူများအား ကြိုတင် အသိမပေးခဲ့သည့် အတွက် ဝေဖန်မှုများ တွေ့ကြံု ခဲ့ရသေးသည်။ ထို အပြုအမူသည် လက်ခံနိုင်စရာ ကိစ္စ မဟုတ်ကြောင်း နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘတ် အပါအဝင် မြို့ခံလူ အမြောက်အမြားက ကန့်ကွက်ခဲ့သဖြင့် ကာကွယ်ရေးဌာနက ပြန်လည် တောင်းပန်ခဲ့ရဖူးသည်။

ယခုအခါ ထိုစဉ်က လေယာဉ်ပျံသန်းမှု ဓာတ်ပုံများအား တရားဝင် ဖြန့်ဝေလိုက်ပြီ ဖြစ်ပြီး၊ ထိုစဉ်က လေယာဉ် ပျံသန်းမှုသည် အစမ်း လေ့ကျင့်မှုနှင့် လေယာဉ်တွင် တပ်ဆင်ထားသည့် ကင်မရာ စံနစ်များ အဆင့်မြှင့်တင်မှုကို လက်တွေ့ အသုံးချကြည့်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သတင်းများ၏ အဆိုအရ ထိုနေ့က လေယာဉ် ပျံသန်းစဉ် အိုဘားမား ကိုယ်တိုင်မူ လေယာဉ်ပေါ်တွင် ရှိမနေခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here