ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု KNU အဖွဲ့အား စစ်အစိုးရ စွပ်စွဲ

alt

ကရင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗုံး ပေါက်ကွဲမှု အတွက် ခွဲထွက်ရေး သူပုန် များအား မြန်မာ စစ်အစိုးရက ပြစ်တင် ပြောကြားလိုက်ကြောင်း သိရှိရသည်။

ယခု ကိစ္စတွင် KNU ခွဲထွက်ရေး တပ်ဖွဲ့များက အဓိက တာဝန်ရှိကြောင်း ဒီဇင်ဘာ (၁၈)ရက် နေ့ထုတ် စစ်အစိုးရ အာဘော် New Light of Myanmar သတင်းစာက စွပ်စွဲဖော်ပြ ထားသည်။

ဒီဇင်ဘာ (၁၆)ရက် နေ့က ကရင် ပြည်နယ်၊ ဖာပွန်မြို့ရှိ အမှတ်(၂)ရပ်ကွက် အထက်တန်းကျောင်း ရှေ့တွင် ကရင် နှစ်သစ်ကူး ပွဲတော် ကျင်းပနေစဉ် ပေါက်ကွဲခဲ့သော ဗုံး ဒဏ်ကြောင့် လူ(၈)ဦး သေဆုံးကာ (၁၃)ဦးမှာ ဒဏ်ရာများ ရရှိသွားခဲ့ ရသည်။

သတင်းများ၏ အဆိုအရ လူ(၆)ဦးမှာ ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်ပြီး ကျန်(၂)ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်းဟု သိရကာ ယခု အချိန်အထိ ဗုံးခွဲမှုအတွက် လက်သည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးသည့်တိုင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော သတင်းစာတွင် KNU တပ်ဖွဲ့အား အတိအလင်း စွပ်စွဲ ထားလိုက်သည်။

သတင်းစာက ယခု ဗုံးခွဲမှုသည် KNU တို့ လုပ်ကြံ ဖန်တီးသည့် အကြမ်းဖက်မှု တခုသာ ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊ မြန်မာ စစ်တပ်သည် ယခု နှစ်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဩဂုတ်လ အတွင်းက တရုတ် ကိုးကန့် တပ်ဖွဲ့များနှင့် ဇွန်လ အတွင်း ခရစ်ယာန် ကရင် တပ်ဖွဲ့များအား  ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

မြန်မာ စစ်အစိုးရသည် (၁၉၄၈) ကတည်းက စတင်ခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ် နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများနှင့် ငြိမ်းချမ်းရေး ရရှိပြီးသည့်တိုင် KNU တပ်ဖွဲ့မှာမူ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်ခဲ့သည့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနေဆဲ ဖြစ်သည်။

အစိုးရ သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း ကမျှ တုန့်ပြန် ကြေညာခြင်းမျိုး မပြုလုပ် သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here