တနေ့လျှင် လက်ဖက်ရည် ၃ခွက် သောက်ပါက ဆီးချိုရောဂါ ဖြစ်နိုင်ချေ လျော့ကျနိုင်

alt

တနေ့လျှင် လက်ဖက်ရည် (၃)ခွက်နှင့် အထက် သောက်ခြင်းက အသက်ကြီး လာချိန်တွင် ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့ကျ သွားစေကြောင်း ဆရာဝန် များက ထောက်ခံခဲ့ကြပြီ ဖြစ်သည်။

လေ့လာမှုများ အရ အသက်အရွယ် ကြီးရင့်ချိန်တွင် အဖြစ်များသည့် Type 2 ဆီးချိုကို လက်ဖက်ရည် ပုံမှန် သောက်သုံးသူ များက သာမန်ထက် (၂၅) ရာခိုင်နှုန်းမျှ ပိုမိုဟန့်တား နိုင်စွမ်း ရှိကြောင်း သိရှိရသည်။

သုတေသီ များက ဆရာဝန်များသည် ကျန်းမာရေး ကဏ္ဍအတွက် လက်ဖက်ရည် ကို ပိုမိုသောက်သုံး သင့်သည်ဟု လူနာများအား အကြံ ပေးရန်လည်း တိုက်တွန်း ခဲ့ကြသည်။ ဩစတြေးလျ နိုင်ငံတွင် လက်ဖက်ရည် စွဲစွဲမြဲမြဲ သောက်သုံးသူ (၃)သိန်း နီးပါးအား လေ့လာမှုများ ပြုလုပ်ပြီး နောက် ယခု ရလဒ်အား ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကော်ဖီကို စွဲစွဲမြဲမြဲ သောက်သုံးသူ များတွင်လည်း တူညီသော ကောင်းကျိုးများ ခံစားရမည် ဖြစ်ကြောင်း ဆရာဝန်များက ဆိုသည်။ ယခု သုတေသန စစ်တမ်းကို ဆစ်ဒနီ တက္ကသိုလ်မှ ပညာရှင်များက လူ (၂၈၆၇၀၁) ဦး ၏ မှတ်တမ်းများကို လေ့လာပြီး ဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။

ပညာရှင် များသည် (၁၉၆၆) မှ (၂၀၀၉)ခုနှစ် အတွင်း ဆီးချိုရောဂါနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာ များကိုလည်း ပြန်လည်လေ့လာ ဆန်းစစ် ခဲ့ကြသည်။ အခြားသော သီးခြား လေ့လာမှု (၁၈)ခု အရလည်း ကော်ဖီ စွဲမြဲစွာ သောက်သုံးခြင်းသည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို (၂၅) ရာခိုင်နှုန်း အထိ လျော့ကျစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပြီ ဖြစ်သည်။

ဆစ်ဒနီ တက္ကသိုလ်မှ ဒေါက်တာ ရေချယ်ဟက်စလီ က ကော်ဖီ နှင့် လက်ဖက်ရည် တို့သည် ဆီးချိုနှင့် ပတ်သက်ပြီး တိုက်ရိုက်ကျသော ဇီဝ ဖြစ်စဉ်များဖြင့် အကျိုးပြု တားဆီးနေကြောင်း ရှင်းပြခဲ့သည်။ ယခု လေ့လာမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် များအား Archives of Internal ဆေးပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here