မြန်မာဂျာနယ်များ ဘာကို ဦးညွတ်နေကြလဲ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ပြီးခဲ့တဲ့ အပါတ်တုန်းက သတင်းသမား တစုနဲ့ ဆုံဖြစ်ခဲ့တယ်။ သူတို့က ဂျာနယ် အသီးသီးတွေက သတင်းထောက်တွေ၊ အယ်ဒီတာ တွေပေါ့။ သူတို့ အဖွဲ့နဲ့ ဆုံတုန်း ရောက်တတ်ရာရာ ဂျာနယ် အကြောင်းတွေ ပြောဖြစ်ကြတော့ ဂျာနယ် ဈေးကွက်မှာ

လိုင်းပေါင်းစုံ အတွက် ဂျာနယ်ပေါင်းစုံ အမြောက်အမြား အပြိုင်းပြိုင်း ထွက်လာနေတဲ့ အကြောင်း။ အပြိုင်အဆိုင် ဖြစ်လာနေတဲ့ ဂျာနယ် ဈေးကွက် လှိုင်းလုံးတွေ အကြောင်း စသဖြင့် … စသဖြင့် …ပေါ့။

အဲဒီလို ပြောဖြစ်တဲ့ အထဲမှာ အသစ် ထွက်လာတဲ့ ဂျာနယ်တစောင်က စီးပွားရေး လုပ်ငန်းကြော်ငြာ ရဖို့ အမဲလိုက်သလို နည်းလမ်းစုံနဲ့ ကြိုးပမ်းလာတဲ့ အကြောင်းလည်း ပါ ပါတယ်။ သဘောတရား အရ ဂျာနယ် တစောင်ရဲ့ ဝင်ငွေဟာ ကြော်ငြာတွေ အပေါ်မှာ မှီခိုရတယ်လို့ ယေဘူယျအားဖြင့် ဆိုနိုင်ပါတယ်။ သို့သော်လည်း သူတို့ပြောတဲ့ ဂျာနယ်ကတော့ ကြော်ငြာထည့်တဲ့ ကုမ္မဏီ၊ ကုန်ပစ္စည်းကို သူတို့ ဂျာနယ်မှာ သတင်းအဖြစ် ပြန်လည် ရေးသားပေးမယ်လို့ ဆွယ်လုံးတွေနဲ့ အောက်ကနေ ညှို့ယူတယ်လို့ ဆိုပါတယ်။ တချို့ဟာတွေ ဆိုရင် မျက်နှာဖုံး သတင်း အဖြစ်တောင် တင်ပေးမယ်လို့လည်း ဆိုလာပြန်တယ်။

သတင်းသမားတွေ ပြောတဲ့ ဒီအချက်ကို မကြာသေးမီက ထွက်ရှိထားတဲ့ အဲဒီဂျာနယ်ရဲ့ မျက်နှာဖုံးက သက်သေ ထူနေ ပြန်ပါတယ်။ မျက်နှာဖုံးမှာက အမွှာညီအစ်မ နှစ်ယောက်ပုံနဲ့ သတင်း ခေါင်းစဉ်မဟုတ်တဲ့ ဈေးရောင်းပွဲ ကြော်ငြာ စာသား။ စာဖတ်သူကို ပေးတဲ့ သတင်းခေါင်းစဉ် မဟုတ်ပဲ ဈေးရောင်းပွဲ ကြော်ငြာကို မျက်နှာဖုံးမှာ တင်ထားသလို ဖြစ်နေလေရဲ့၊ အဆီအငေါ် မတည့်ပုံများ ပြောပါတယ်။ ဒီဂျာနယ်က သူနဲ့လိုင်းတူ ဂျာနယ်တစောင်မှာ ကြော်ငြာတွေ တပုံတပင် ပါနေတာကို အားကျနေ၊ အပြိုင်လိုက်နေတယ် အပေါ်ယံ ဖြတ်တွေးမိပါတယ်။

သို့သော် အဲဒီလို ကြော်ငြာတွေ တပုံတပင် ပါနေတဲ့ ဂျာနယ်ရဲ့ ကြိုးစား အားထုတ်ထားမှု သက်တမ်းကို ထည့်တွက်ရဲ့လားလို့ သူတို့ လားလားမှ စဉ်စားမိပုံ မရမှန်း သေခြာပါတယ်။ သူတို့ လိုက်ယှဉ်နေတဲ့ အဲဒီဂျာနယ် သက်တမ်းက အတွဲ – ၁၀ ဆိုတော့ ဆယ်နှစ်ရှိပြီ ဆိုတာကိုပါပဲ။ ခုချက်ချင်း အပင်စိုက် သိပ်မကြာခင် အသီးခူး ချင်ရင်တော့ Facebook ဂိမ်းကစားမှ ဖြစ်ပါလိ့မ်မယ်။ အမှန် တကယ်တော့ အဲဒီ ဂျာနယ်နဲ့ အမျိုးအစား လိုင်းတူ အပတ်စဉ်ထုတ် ဂျာနယ်ဆိုတာ မြန်မာနိုင်ငံမှာ လက်ချိုး ရေတွက်လို့ လက်ငါးချောင်း မပြည့်လောက်ပါဘူး။ အခြား အမျိုးအစား ဂျာနယ်တွေလို ပြိုင်ဆိုင်မှုက သိပ် ပြင်းထန်စရာလည်း မရှိနိုင်ပါဘူး။ တခုပဲ ပြောစရာရှိတာက အဲဒီလို အမျိုးအစား ဂျာနယ်ကို ဖတ်တဲ့ စာဖတ် ပရိသတ်ကတော့ မြန်မာနိုင်ငံမှာ အကန့်အသတ် ရှိနေ နိုင်ပါသေးတယ်။ ဥပမာ … အားကစား၊ သတင်း၊ အနုပညာ စတဲ့လိုင်းက ဂျာနယ်တွေကိုတော့ စာဖတ်တတ်တဲ့သူ အားလုံး ဖတ်လို့ ရနိုင်ပါသေးတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ဂျာနယ်ကိုတော့ စာဖတ်တတ်ယုံနဲ့ ဖတ်လို့ အဆင်မပြေ အဆင်မချော နိုင်ပါဘူး။

စာဖတ် ပရိသတ်က ကွန်ပြူတာ၊ အင်တာနက် စတဲ့ ယနေ့ခေတ် နည်းပညာတွေကို သိထားတဲ့ သူတွေမှသာ ဖတ်ကြပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တချိန်မှာတော့ အဲဒီဂျာနယ်လည်း ပုံမှန်ပရိသတ် ရလာ နိုင်တာပါပဲ။ အထွက် အများဆုံးလို့ ပြောလို့ရတဲ့ အားကစား ဂျာနယ်တွေ ဆိုလည်း သူ့ ပရိသတ်နဲ့ သူ ရှိနေကြတာပါပဲ မဟုတ်ပါလား။ ငွေကြေး အကျိုးအမြတ် မြန်မြန်ရတဲ့ လုပ်ငန်းတွေထဲမှာ ဂျာနယ် လုပ်ငန်းတော့ မပါဘူးလို့ ယူဆ မိပါတယ်။ အကျိုးအမြတ် မြန်မြန် ရချင်ရင် ကူးသန်း ရောင်းဝယ်ရေးတို့ ဝယ်ရောင်းတို့ စတဲ့ လုပ်ငန်းတွေ လုပ်သင့် ပါတယ်။

ဂျာနယ် ပုံမှန် လည်ပတ် ထွက်ရှိနိုင်ရေး ကြော်ငြာရဖို့ လိုပေမယ့် စာဖတ်ပရိသတ်နဲ့ စာနယ်ဇင်း ကျင့်ဝတ်လေး ကိုလည်း မမေ့သင့် သေးပါဘူး။ တချို့သတင်း ဂျာနယ်တွေမှာဆိုရင် ကြောြ်ငါစာမျက်နှာ ကန့်သတ် ထားတတ်ပါတယ်။ ဒါက အတော်ကောင်းတဲ့ အစီအစဉ် နဲ့ ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်ပါ။ ဂျာနယ် အမျိုးအစား လိုင်း မတူတာနဲ့ ဂျာနယ်ရဲ့အောင်မြင်မှု အတိုင်းအတာ အရ ကြော်ငြာစာမျက်နှာ ကန့်သတ်တာ၊ မကန့်သတ်တာ ကတော့ ဂျာနယ်တိုင်း မှာတော့ မဖြစ်နိုင်ပါဘူး။ အခု ပြောနေတဲ့ ဂျာနယ် အမျိုးအစား ကတော့ ကြော်ငြာ ကန့်သတ်စရာ မလိုလောက်ပါဘူး။ သို့သော် ကြောြ်ငါရဖို့ (ငွေရဖို့) တခုတည်း အတွက်နဲ့တော့ ကြော်ငြာရှင်ကို အလွန်အကျွံ လိုက်လျော ပေးဆပ်စရာ မလိုဘူး ထင်ပါတယ်။

ကြော်ငြာထည့်ရင် သတင်း ရေးပေးတယ် ဆိုတာကတော့ စာနယ်ဇင်းသမားက စီးပွားရေးသမားကို ဦးညွှတ် လိုက်ကြတာပါပဲ။ ၂၀၁၀ ဆိုရင် နိုင်ငံရေး သမားတွေကိုများ ဦးညွှတ် နေကြအုံးမလား မပြောတတ်တော့ ပါဖူး။ လာမဲ့နှစ် ဆိုယင် စင်ယော်မောင်မောင်လဲ လိုင်းပြောင်းပြီး ဂျာနယ် ထုတ်ဦးမတဲ့၊ ဘယ်သူ ဘယ်ကပဲ လာလာ ကျင့်ဝတ်တွေ၊ သိက္ခာတွေ ကို ငါတကော ကောပြီး ငွေနဲ့ လဲမပစ်ကြပါနဲ့၊ ကျီးနဲ့ဘုတ် အပြန်အလှန် ရိုသေကြဖို့ ပါပဲ။

အဓိက ပြောချင်တာက နေ့စဉ် ထွက်နေကြတဲ့ ဂျာနယ်တွေ ဆိုတာ စီးပွားရေး လုပ်ငန်းတွေ၊ ကုန်ပစ္စည်း ရောင်းချသူတွေနဲ့ နိုင်ငံရေး သမားတွေရဲ့ လက်ကမ်းကြော်ငြာ မဖြစ်သင့်ဘူး၊ စာနယ်ဇင်း သမားဆိုတာ ဘယ်သူရဲ့  ဩဇာခံမှ မဟုတ်ဖူး ဆိုတာပါပဲ။

ဂျာကြီး

LEAVE A REPLY

Please enter your comment!
Please enter your name here