ဘိုးရင်း 787 Dream liner လေယာဉ်သစ် စမ်းသပ်ပျံသန်းမှု အောင်မြင်

alt

Boeing လေကြောင်း ကုမ္မဏီ၏ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိ သည့် Boeing 787 Dream liner လေယာဉ်ကြီးကို ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းမှု အောင်မြင်သွားပြီ ဖြစ်သည်။

Boeing 787 အား ယခုလို စမ်းသပ် ပျံသန်းနိုင်ရန် ကုမ္မဏီ အနေနှင့် ခန့်မှန်း ထားသည်ထက် (၂)နှစ်ခွဲ ကျော် ကြာအောင် စောင့်ဆိုင်း ခဲ့ရသည်။ ဒီဇင်ဘာ (၁၅)ရက် နေ့က ပျံသန်းခဲ့သည့် ခရီးသည်တင် လေယာဉ်ကြီးသည် ပေါ့ပါးသည့် ကာဘွန် နှင့် တိုက်တေနီယမ် တို့ကို ရောစပ် ပြုလုပ်ထားပြီး အသုံးပြုသည့် လေကြောင်းလိုင်းများ အနေနှင့် လောင်စာဆီ စရိတ်နှင့် ပြုပြင် ထိန်းသိမ်းခ များတွင် ဒေါ်လာ သန်းပေါင်းများစွာ သက်သာ စေမည်ဟု Boeing က အာမခံ ထားခဲ့သည်။

Boeing သည် လေယာဉ်၏ ပထမဆုံး စမ်းသပ် ခရီးစဉ်အဖြစ် ၀ါရှင်တန်၊ အဲဗရက်မှ စတင်ပြီး (၄)နာရီကြာ ကောင်းမွန် တည်ငြိမ်စွာ ဒေသတွင်းပျံသန်း နိုင်ခဲ့သည်။ Boeing ကုမ္ပဏီသည် လေယာဉ်အား မောင်းနှင်ခဲ့သူ ပိုင်းလော့ မိုက်ကယ် ကာရစ်ကာ နှင့် ရန်ဒယ်နဗီးလ် တို့အား ချီးကျူး ပြောကြားခဲ့သည်။

Boeing က လာမည့် (၉)လအတွင်း Boeing 787 လေယာဉ်ပေါင်း (၆)စင်းကို အပြီးသတ် ထုတ်လုပ် ပေးသွားနိုင်မည်ဟု ကြေညာခဲ့သည်။ လေယာဉ်မှူး များသည် လေယာဉ်ကို ဘေးတိုက် ရွေ့လျားခြင်း၊ ဒိုက်ထိုးဆင်းခြင်း အပါအဝင် စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ကြည့်ခဲ့ပြီး အလုံးစုံ စိတ်ကျေနပ်ကြောင်း ထောက်ခံ ပြောကြားခဲ့သည်။

ယခု လေယာဉ် အမျိုးအစားများသည် ခရီးသည် (၂၅၀)ကို ကျယ်ကျယ်ဝန်းဝန်း သက်သောင့်သက်သာ တင်ဆောင်ကာ အလွန် ကွာဝေးသည့် ခရီးတာကို ပျံသန်းနိုင်မည် ဖြစ်သည်။ လေယာဉ် ဆောက်လုပ်ရေး စီမံကိန်းကို ဒေါ်လာ(၁၄၀) ဘီလျံကျော် အကုန်အကျ ခံကာ (၂၀၀၄) ခုနှစ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

Boeing သည် လေယာဉ်ထုတ်လုပ် ရောင်းချမှုတွင် အပြိုင်အဆိုင် ဖြစ်လာသည့် Airbus အား Boeing 787 စီမံကိန်းဖြင့် အသာစီး ယူနိုင်မည်ဟု မျှော်လင့်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here