တမီလ် ကျားသူပုန်တို့ တိုက်ခိုက်လာမည်ကို သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း စိုးရိမ်နေ

alt

တမီလ် ကျားသူပုန်များအား သီရိလင်္ကာ အစိုးရက ချေမှုန်းခဲ့သည့် ထိုးစစ်ကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးက ၎င်း အနေနှင့် တမီလ် တို့၏ နောက်ထပ် တိုက်ခိုက်မှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်မိကြောင်း ပြောကြားလိုက်သည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆာရက် ဖွန်ဆီကာ သည် ယခုအခါ နိုင်ငံရေး နယ်ပယ်သို့ ကူးပြောင်းပြီး ဇန်နဝါရီလ (၂၆)ရက်နေ့ သီရိလင်္ကာ ရွေးကောက် ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် ပြင်ဆင်လျက် ရှိနေသည်။

၎င်းသည် ယခုအခါ လက်ရှိ သမ္မတ မဟင်ဒါ ရာဂျာပက်ဆီး၏ ရွေးကောက်ပွဲ အောင်မြင်ရေး အဓိက ခြိမ်းခြောက်နေသည့် ပြိုင်ဘက်လည်း ဖြစ်လာ ခဲ့ရသည်။ ဆာရက်သည် အာရှတိုက်၏ အရှည်ကြာဆုံး ပြည်တွင်း စစ်ကို ချုပ်ငြိမ်း သွားအောင် စွမ်းဆောင် နိုင်ခဲ့သည့်တိုင် တမီလ် ကျားသူပုန် (၁၀၀၀) ကျော်ခန့်မှာ လွတ်မြောက် သွားသည်ဟု ယူဆရသည့် အခြေအနေများ ရှိနေခဲ့သည်။

ဆာရက်က တမီလ်တို့၏ အထင်ကရ ခေါင်းဆောင်များ အားလုံး သေဆုံးကုန်ပြီ ဖြစ်သည့်တိုင် အသေခံ ဗုံးခွဲမှုကဲ့သို့ အကြမ်းဖက်မှု များသည် အကြီးအကျယ် ခြိမ်းခြောက် လာနိုင်သေးကြောင်း ၀န်ခံခဲ့သည်။ ၎င်းက တမီလ်တို့သည် ယခုတိုင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များနှင့် ချိတ်ဆက်မှုများ ရှိနေပြီး တမီလ် ခေတ်လွန် သီရိလင်္ကာ နိုင်ငံသစ်နှင့် သဟဇာတဖြစ်စွာ မရပ်တည် နိုင်သေးကြောင်း ပြောဆို သွားခဲ့သည်။

ဆာရက်သည် (၂၀၀၆)ခုနှစ် အတွင်းက တမီလ်တို့၏ အသေခံ ဗုံးခွဲမှုတခု အတွင်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ဖူးသည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးက ၎င်းသည် တမီလ် ထိုးစစ်အတွက် တာဝန်ယူခဲ့စဉ်က အသက်အန္တရာယ် အလွန်နီးကပ် နေသည်ကို သဘောပေါက် ခဲ့ကြောင်း၊ သို့သော်လည်း မြောက်မြားစွာသော စစ်သားနှင့် ရဲများက အောင်ပွဲထံ ဦးဆောင် သွားနိုင်မည့် ပုဂ္ဂိုလ်မှာ မိမိသာ ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်နေခြင်းက မိမိအတွက် တွန်းအားတရပ် ဖြစ်လာစေခဲ့ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here