အာဖရိက တိုက်တွင် စုန်းနှင့် ဂမ္ဘီရပညာများ အပေါ် အလွန်ယုံကြည် သက်ဝင်နေဆဲ

alt

အနောက် နိုင်ငံများတွင် စုန်းနှင့်ဂမ္ဘီရ ပညာ များအား ယုံကြည်မှုသည် အလယ် ခေတ်က အမှောင်ဖုံးသော အသိ တရားများ အဖြစ်သာ မှတ်ယူ ကြတော့ သော်လည်း အာဖရိကတိုက်

တွင်မူ အခြေအနေက များစွာကွဲပြား နေဆဲ ဖြစ်သည်။

စစ်တမ်းများ အရ အာဖရိကတိုက် အတွင်း လူသတ်မှု ကျူးလွန်သည့် အကြောင်းအရင်းများ အနက် နံပါတ်(၁) နေရာတွင် စုန်းပညာ အပေါ် ယုံကြည် သည့် စိတ်က ရပ်တည်နေကြောင်း သိရှိရသည်။

အာဖရိကတိုက် နိုင်ငံအများစုတွင် စုန်းကဝေ ပညာရှင်များသည် အနာ ရောဂါများကို သက်သာအောင် ကုစား ပေးနိုင်ရုံမျှမက မိမိ၏ ရန်သူအပေါ် ကြမ္မာဆိုးများ ကျရောက် လာအောင် ကျိန်စာတိုက်နိုင်သည့် စွမ်းအားရှိကြောင်း လက်ခံ ယုံကြည်မှုများ ယခုတိုင် တွင်ကျယ် နေဆဲ ဖြစ်သည်။

ထို့အပြင် မှော်စွမ်းအင်သည် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများကို ကောင်းမွန်အောင် စွမ်းဆောင် ပေးနိုင်သည် ဟုလည်း လူအများက စွဲမှတ် ထားကြသည်။ ထို့အတူ ယဇ်ပူဇော်မှု ပြဿနာ အရ လူသတ်မှုများ ဖြစ်လာနိုင်စေရန် တွန်းအား ပေးမှုများ ရှိနေဆဲ ဖြစ်သည်။

ဥပမာ အားဖြင့် အာဖရိက အရှေ့ပိုင်း တန်ဇန်းနီးယားတွင် တနှစ်လျှင် အနည်းဆုံး အယ်ဘီနို အယောက်(၅၀)ခန့်မှာ သတ်ဖြတ်ခြင်း ခံနေရသည်။ အယ်ဘီနို ဆိုသည်မှာ အရေပြားအတွင်း ထူးဆန်းသော ရောဂါအခြေအနေ တမျိုးကြောင့် အရောင်ခြယ်ဓာတ် ကင်းမဲ့ပြီး ဖြူလျော်လျော် ဖြစ်နေသည့် အသားအရေပိုင်ရှင် ဝေဒနာသည်များ ဖြစ်သည်။ သို့သော်လည်း စုန်းပညာရှင်များက အယ်ဘီနို များ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များသည် ဆေးဝါး ဖော်စပ်ရာတွင် အသုံးဝင်သည်ဟု ၀ါဒဖြန့်မှုကြောင့် အပြစ်မဲ့ အယ်ဘီနို အမြောက်အမြားမှာ ယခုတိုင် သတ်ဖြတ် ခံနေရဆဲ ဖြစ်သည်။

ထိုအခြေအနေကို အစိုးရများက တားဆီးနိုင်ရန် ကြိုးပမ်းနေသော်လည်း အပြည့်အဝ မအောင်မြင်သေးချေ။ ဥပမာအားဖြင့် အယ်ဘီနိုများအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံရသူ အမြောက်အမြား ရှိနေသည့်တိုင် သက်သေ မခိုင်လုံမှုကြောင့် အများစုကို ပြန်လွှတ် ပေးခဲ့ရသည်။ အာဖရိကတိုက်ရှိ အယ်ဘီနိုများသည် ရက်ရက်စက်စက် အသတ်ခံ နေရဆဲဖြစ်ပြီး လူသတ်သမား များသည် သနားစရာ ဝေဒနာသည်များ အော်ဟစ် ညည်းတွားနေဆဲ မှာပင် ဓားကို အသုံးပြုပြီး ခြေလက်များ၊ ရင်သားများနှင့် အခြားခန္ဓာကိုယ် အစိတ် အပိုင်းများအား ဖြတ်တောက်ယူငင် ကြသည်။

ထိုသို့ လူမဆန်စွာ အသတ်ခံရသူ များအနက် ကလေး အမြောက်အမြား ပါ၀င်ကြောင်းလည်း သိရှိရသည်။ အယ်ဘီနို များသည် ဆေးဘက်ဆိုင်ရာ ရှားပါးကိစ္စ တခုကြောင့် သာမန်လူများနှင့် အသွင်အပြင် အရ ကွဲပြားနေခြင်း ဖြစ်သော်လည်း စုန်းကဝေ ဆိုင်ရာ အယူသီး ကိစ္စများကြောင့် အဓိပ္ပါယ်မဲ့ အသတ်ခံ နေရခြင်းသာ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက အရေးဆို ထားသော်လည်း အပြည့်အဝ အကာအကွယ် မပေးနိုင်သေးဟု သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here