သံသရာထဲက မလွတ်နိုင်သေးတဲ့ ခြောက်လှန့်ခြင်းများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ရေခြားမြေခြား အတွေ့အကြုံ

၁၉၅၃ ခုနှစ် အတွင်းက ရက်တရက်၊ မြောက်ကာရိုလိုင်းနား၊ ချက်ပါ ဟေးလ်မြို့ ဖရန်ကလင် လမ်းက အိမ်ကြီးတအိမ်မှာ ကက်သရင်း ဘယ်ရီဟေးလို့ အမည်ရတဲ့ အမျိုးသမီးကြီး တယောက် စာတစောင် သဲကြီးမဲကြီး ရေးသားနေသည်။ သူနေ ထိုင်ခဲ့ရာ အိမ်ကြီးက သူမ မထွက်ခွာမှီ အိမ်ကြီး အကြောင်းကို နောက်ပြောင်းရွှေ့ ရောက်ရှိလာမည့် သူများအတွက် အမှာစာ လုံးစေ့ပတ်စေ့ ရေးသား နေခြင်းပင် ဖြစ်သည်၊ စာကို အပြီးသတ်ခါနီးမှာ

ဘာများ ကျန်ခဲ့သလဲလို့ စဉ်းစားရင်း အိမ်ကြီးအတွင်းပိုင်းကို တချက်လှည့် ကြည့်လိုက်ပြီးနောက် တစုံတခုကို သတိရသွားပြီး “အိုး..ဒီအိမ်ကြီးက သရဲအကြောင်းကိုတော့ သေသေခြာခြာ မှာခဲ့ဖို့ မေ့လို့ မဖြစ်ဘူး… ဆိုပြီး အချိန်ထပ်မံယူလိုက်ကာ စသည်ဖြင့် စာကို အသေအခြာ ရေးသားရင်း နိဂုံးချုပ်လိုက် သတဲ့။

ထိုအချိန်မှစပြီး ဒီပြည်နယ်က အိမ်ကြီးရဲ့ သရဲဇါတ်လမ်းက လူသိရှင်ကြား ဖြစ်လာ လေတော့သည်၊ ဒီလိုနဲ့ သရဲခြောက်တဲ့ အိမ်ကြီးက တနေ့တခြား နာမည်ကြီးလာသည်၊ ဒီအိမ်ကြီးမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ လေဒီ ကက်သရင်း ဘယ်ရီဟေး အဆိုအရ သူငယ်စဉ်က ညညတွေမှာ သရဲတကောင် သူ့အခန်းထဲကို ရောက်ရောက် လာတတ်ပြီး သူမ နဲ့ စကားပြောလေ့ ရှိသည်တဲ့၊ နောက်ပြီး ရေချိုးခန်း/အိမ်သာမှာ သူ့ဟာသူ ရေဆွဲချတာတို့၊ လှုပ်ကုလားထိုင်က သူ့ဟာသူ လှုပ်ရမ်းနေတာတို့ ထင်သာ မြင်သာအောင် ပြသပါတယ်၊ အိမ်ရှိ ဗါဟီရပစ္စည်းတွေ သူ့ဟာသူ နေရာ ရွှေ့သွားတာတို့လည်း ဖြစ်တတ်ပါတယ် တဲ့၊ နောက်ထပ် ရောက်လာကြတဲ့ ဖရက်ဝေ့ဗ်ဘာ တို့ ဇနီးမောင်နှံကလည်း ဒီအိမ်မှာ သရဲရှိကြောင်း သူတို့ ယုံကြည်ကြသတဲ့..၊ စာကြည့်ခန်းထဲမှာ အမြဲလို အသံတွေ ကြားနေရတတ်ပြီး၊ ညဘက်တွေမှာ သရဲကြီးတယောက် လမ်းလျှောက် နေတတ်တယ်လို့ ဆိုပြန်ပါတယ်..။

ရာဇဝင်ကို လိုက်ကြည့်လိုက်တော့..အဲဒီ သရဲကြီးဟာ နော့သ်ကာရိုလိုင်းနား တက္ကသိုလ်က ပါမောက္ခကြီး ဟိုရေ့စ် ၀ီလီယံ ဖြစ်ပါတယ်တဲ့၊ သူဟာ အဲ့ဒီအိမ်ကြီးမှာ ၁၈၉၇ ကနေ ၁၉၄၀ သူသေတဲ့ အချိန်အထိ နေသွားပါတယ်၊ သူသေဆုံးချိန်မှာတော့ အဲ့ဒီအိမ်ကြီးရဲ့ ပိုင်ဆိုင်ခွင့်ကို နော့သ်ကာရိုလိုင်းနား တက္ကသိုလ်ကို ပေးလှူခဲ့ပါတယ်၊ နောက်တော့ တက္ကသိုလ်မှာ လာရောက်အမှုထမ်းတဲ့ ပါမောက္ခတွေ အစဉ်အဆက် ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်၊ အခုတော့ ၁၈၄၀ ခုနှစ်က ဆောက်ခဲ့တဲ့ အဲ့ဒီအိမ်ကြီးကို ချက်ပါဟေးလ် မှာ ရှေးဟောင်း အမွေအနှစ် တခုလို ပြုပြင်ထိမ်းသိမ်း ထားပြီလေ။

ဒါနဲ့ ၂၀၀၇ ကနေ ဒီနေ့အထိ ချက်ပါဟေးလ် ရှေးဟောင်းအမွေအနှစ် ပြုပြင် ထိမ်းသိမ်းရေး ဌာနမှာ ဒါရိုက်တာ လုပ်နေတဲ့ အားနက်ဒေါ်လာ ကို ဋ္ဌာနေ တာဟီး သတင်းစာက မေးမြန်းကြည့်တော့…၊ ဒီအိမ်ကြီးမှာ ပစ္စည်းတွေ နေရာရွေ့တာတွေ၊ ဘာမှ မရှိတဲ့ အခန်းလွတ်ထဲကနေ အသံတွေ ကြားရတာတွေ ကတော့ ခဏ ခဏပါဘဲတဲ့..၊ တံခါးမကြီးကို လာခေါက်သံ ကြားလို့ ထပြီး ဖွင့်ကြည့်တဲ့အခါမှာ ဘယ်သူမှ မရှိတာမျိုးလည်း မကြာ မကြာ ဖြစ်တတ်ပါသေးတယ် တဲ့..၊ နောက်တော့ အနောက်နိုင်ငံသားတွေ ထုံးစံအတိုင်း မယုံလို့ ဖြစ်၊ စူးစမ်းချင်လို့ ဖြစ်စေ သရဲ ရှာသူတွေနဲ့ နာနာဘာဝ စုံစမ်း စစ်ဆေးရေး အဖွဲ့တွေလည်း သရဲတကယ် ရှိ/မရှိကို မကြာမကြာ လာရောက် စုံစမ်းကြပါတယ်။

၂၀၀၇ ခုနှစ်အတွင်းက ညတည မှာတော့ ဒါရိုက်တာ အားနက်ဒေါ်လာ ကိုယ်တိုင် သရဲ စုံစမ်းတဲ့ အဖွဲ့တဖွဲ့နဲ့ အတူ ပါ၀င်ခဲ့ပါတယ်၊ သူတို့မှာ အထူးကင်မရာတွေ၊ အလွန်အဆင့်မြင့်တဲ့ အသံဖမ်းစက်တွေ၊ အပူချိန်တိုင်း စက်တွေ စတာတွေ ပါ၀င်ပြီး၊ အဲ့ဒီညမှာ သရဲလို့ ယူဆရတဲ့ အလင်းရောင် အရိပ်ပုံတွေလည်း ရခဲ့ပါတယ်၊ ထူးခြားတာ တခုကတော့ ဧည့်ခန်းထဲမှာ အသင့်ဆင်ထားတဲ့ ကင်မရာတွေက ဘက်ထရီတွေဟာ သူ့ဟာသူ အားကုန်သွားပြီး ကင်မရာတွေ ပိတ်သွားပါတယ်၊ အားနက်ဒေါ်လာ အဆိုအရတော့ ဧည့်ခန်းထဲက လျှပ်စစ်မီးတွေဟာ ဒီလိုဘဲ သူ့ဟာသူငြိမ်းငြိမ်း သွားတတ်ပြန်ပါတယ်၊ ဒီလိုနဲ့ တနေ့မှာ သရဲတွေရှိ/မရှိကို သိနိုင်တယ်ဆိုတဲ့ အမျိုးသမီးကြီး တယောက်ရောက်လာပြီး အိမ်ကြီးကို လှည့်ပတ်ကြည့်ခွင့် တောင်းခဲ့ပါသေးတယ်၊ သူမနဲ့ အတူလိုက်ပါခဲ့တဲ့ လက်ထောက် ဒါရိုက်တာ ရှယ်ရီရယ် ကိုရိုလပ် အပြောအရတော့ ကက်သရင်း ဘယ်ရီဟေး နေခဲ့တဲ့ အခန်းကို အရောက်မှာ အမျိုးသမီးကြီးဟာ တွေတွေကြီး ရပ်သွားပြီး သူ့တကိုယ်လုံးလည်း ကြက်သီးမွေးညင်းတွေ ထသွားတယ်လို့ ဆိုပါတယ်၊ လူတွေက သရဲမကြောက်ဘူး၊ မယုံဘူးစသည်ဖြင့် ပြောနေ တတ်ကြပေမယ့်၊ တခါလာ စုံစမ်းတဲ့ အဖွဲ့တဖွဲ့ကတော့ စက်ကရိယာတွေ အစုံပါတဲ့အပြင် စုစုပေါင်း လူအင်အားက ၂၁ ယောက်တောင် ပါတယ်တဲ့၊ ဒီလောက် လူအုပ်ကြီးနဲ့ စက်တွေနဲ့ဆိုရင် အိမ်ထဲမှာ သရဲတောင် နေစရာရှိမှာ မဟုတ်ဘူး စာရေးသူတော့ ထင်မိတာပါပဲ။

နောက်ထပ် နာမည်ကြီး နေရာ တခုကတော့ ကာရိုလိုင်းနားအင်း ဖြစ်ပါတယ်၊ အဲ့ဒီမှာလည်း မကြာမကြာ သရဲရှာသူတွေ ခြေချင်းလိမ် နေတတ်ပါသေးတယ်၊ သူ့ကိုလည်း ရှေးဟောင်း အဆောက်အဦး အဖြစ် ထိမ်းသိမ်းထားပြီး နာမည်ကြီး စားသောက်စရာများနဲ့ တည်းခိုစရာ၊ ပါတီကျင်းပရာ နေရာအဖြစ် ထင်ပေါ် ကျော်ကြားပါတယ်၊ အဲ့ဒီမှာ အလုပ်လုပ်တဲ့ သူတွေ အပြောအရတော့ မြေအောက်ထပ်က စတိုခန်းတွေကို သွားရင် တယောက်ထဲ ပေးမသွားပါဘူးတဲ့၊ နောက်ပြီးတော့ သရဲအခြောက်ဆုံး အခန်းကတော့ အခန်းနံပါတ် ၂၅၂ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုနောက်ထပ် နာမည်ကြီး သရဲခြောက်တဲ့ နေရာတခုကတော့ ဒူဘော့ဘ်ဟောက်လို့ နာမည်ရတဲ့ တောင်ကုန်းလေး တခုပေါ်က ရှေးဟောင်းအိမ်ကြီး တခုဖြစ်ပါတယ်၊ သူကလည်း ဈေးအလွန်ကြီးတဲ့ နာမည်ကြီး လူချမ်းသာ ပညာတတ်တွေ အတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ကြီးလည်း ဖြစ်ပါတယ်၊ အဲ့ဒီ အိမ်ကြီးကိုတော့ မြေအောက်ခန်းတွေထဲ အထိ စာရေးသူ ရောက်ဖူးခဲ့ပါတယ်၊ တကယ့် သရဲ ရုပ်ရှင်တွေ ထဲကလိုမျိုး အိမ်ကြီးပါဘဲ။ အဲ့ဒီနေရာတွေက စာရေးသူတို့ နေတဲ့နေရာနဲ့ ဆိုယင် ၃မိုင် အတွင်းလောက်မှာဘဲ ရှိပါသေးတယ်၊ နောက်ထပ် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်တွေလည်း ရှိပါသေးတယ်၊ တချို့နေရာတွေ ကလည်း တိတ်ဆိတ်လွန်လှပြီး အထီးကျန် ဆန်လွန်းတော့ ကိုယ့်ကိုကိုယ် စိတ်ကခြောက်လှန့် နေသလိုမျိုး ခံစား ရစေတတ်ပါတယ်။

နောက်ပြီး သရဲ စုံစမ်းရေး အဖွဲ့တွေလည်း အများကြီးရှိပါတယ်၊ ကာရိုလိုင်းနားအင်း မှာတောင် တခါတလေ သရဲတက္ကသိုလ် ဆိုပြီး သရဲ စုံစမ်းထောက်လှမ်းတဲ့ နည်းသင်တန်းတွေ သင်ပေးပါတယ်၊ တခါမှာ နော့သ်ကာရိုလိုင်းနား တက္ကသိုလ်ထဲက သရဲခြောက်တဲ့ နေရာတွေအကြောင်း စုံစမ်းလေ့လာ တွေ့ရှိချက်တွေကို ရှင်းလင်း တင်ပြပွဲတခု ပြုလုပ်ခဲ့ပါတယ်၊ တက်ရောက်လာတဲ့ သူတွေထဲက ပါမောက္ခ တယောက်ကတော့ သရဲကို ယုံတော့မယုံဘူး ဒါပေမယ့် အလွန် စိတ်ဝင်စားဖို့တော့ ကောင်းတယ်လို့ မဝံ့ရဲရဲ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ပထမဆုံး စတင်ထူထောင်ခဲ့တဲ့ ပြည်နယ်တခုဖြစ်တဲ့ နော့သ်ကာရိုလိုင်းနားမှာ အံ့ဩ ထူးဆန်းဖွယ်ရာ ပုံပြင်ဆန်ဆန် ဇါတ်လမ်းတွေ အများကြီးရှိနေပါတယ်၊ ဒီတော့ ရှေးဟောင်းအိမ်ကြီးတွေနဲ့ သရဲအကြောင်းတွေက ရှိနေတာ မဆန်းပါဘူး၊ ဒီအကြောင်းတွေကို တင်ပြထားတဲ့ သရဲစုံစမ်း လေ့လာသူတွေရဲ့ ၀ဘ်ဆိုဒ်တွေ အများကြီးရှိပါတယ်၊ ဒီ … စိတ်နယ်လွန် ဖြစ်ရပ်တွေကို ကိုယ်တိုင် ယုံဖို့ မ တိုက်တွန်းချင်သလို မယုံနဲ့လို့လည်း မပြောလိုပါ၊ အဲ..သရဲရှိမယ် ဆိုရင်လည်း အကောင်အထည်ပြ ဟန့်ပြ ယုံကလွဲလို့ လူတွေကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။

အမှန်တကယ် လူတွေကို အန္တရာယ်ပေးနိုင်မှာ ကတော့ ဇွန်ဘီး (zombie) တွေလို့ဆိုရဲ့..၊ မြန်မာ့ ဓလေ့မှာဆို စုန်းပြုစား သလိုပေါ့၊ မကြာသေးခင်က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ် အရတော့.. အူကြောင်ကြောင်တော့ နိုင်ပါရဲ့ ခေတ်မှီနိုင်ငံကြီးရဲ့ နာမည်ကြီး တက္ကသိုလ်တခုမှာ ဇွန်ဘီးတွေ တိုက်ခိုက်လာရင် ဘယ်လို ကာကွယ်မလည်း ဆိုပြီး အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်လို့ ဆိုပါတယ်၊ ထားပါတော့..၊ လူတွေ ကိုယ်တိုင်ကလည်း စိတ် ထင်ယောင်မှားဖြစ်တဲ့ သဘာဝရှိပေမယ့် ဘာဘဲပြောပြော လူ့ဘဝကြီးမှာ စာရေးသူတို့ မသိနိုင်တာတွေက အများကြီးရှိနေတာတော့ အသေအခြာပါဘဲ..။

တခု သတိရ လာတာမိတာ ကတော့ နာမည်ကြီး သီချင်းတပုဒ်ပါ၊ လူတိုင်းသိကြတဲ့ “ဟိုတယ် ကယ်လီဖိုးနီးယား” လေ၊ အဲ့ဒီသီချင်း ရဲ့ အဓိပ္ပါယ်ကို ငရြဲပည် နဲ့ နတ်ဘုံအကြောင်း…ပါ၊ မူယစ်ဆေးဝါး ရဲ့ လွမ်းမိုးမှု အကြောင်း..စသည်ဖြင့်..တင်စား ထားတာပေါ့လေ၊ အမျိုးစုံခံစား အဖြေထုတ်ကြတာလဲ ရှိပါလိမ့်မယ်၊ ဒါမှမဟုတ် မူးယစ်ရီဝေနေတဲ့ သူတယောက် လျှောက်သွားရင်း ညတည ဆေးအပြယ်မှာ သရဲခြောက်ခံရတဲ့ အကြောင်းဆိုရင်ကော..၊ သီချင်းစပ်တဲ့ သူပဲ သိပါလိမ့်မယ်..၊ You can checkout any time you like, but you can never leave! နောက်ဆုံး စာသားလေး အရတော့.. ကြိုက်တဲ့အချိန်မှာ ထွက်သွားလို့ ရပါတယ်.. ဒါပေမယ့် သံသရာထဲ ကတော့ လွတ်မှာ မဟုတ်ဘူးလို့ဘဲ အဓိပ္ပါယ်ဖွင့်ဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်..၊ သံသရာမှာ ခြောက်လှန့်ခံရခြင်းမှ ကင်းဝေးကြပါစေ..လို့။

ရန်မျိုး

LEAVE A REPLY

Please enter your comment!
Please enter your name here