ဂီနီနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ပေါ်ပေါက်နေ

alt

ဂီနီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဏာရှင်အား လုပ်ကြံမှုကြောင့် နိုင်ငံရေး မငြိမ်သက်မှုများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။ အာဏာသိမ်း စစ်ဗိုလ် မူဆာဒါဒစ် ကာမာရာအား လုပ်ကြံရန် ကြိုးပမ်းမှုကြောင့်

၎င်းအနေနှင့် ဒဏ်ရာရရှိသွားခဲ့ပြီး ယခုအခါ ကာကွယ်ရေးဝန်ကြီး ဆီကူဘာကွန်နိတ် က အာဏာကို ယာယီလွှဲပြောင်း ချုပ်ကိုင် ထားလိုက်သည်။ ကာမာရာသည် မော်ရိုကိုတွင် သွားရောက် ဆေးကုသမှု ခံယူလျှက်ရှိရာ နိုင်ငံအတွင်း ၎င်း၏ အခြေအနေနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်း ထွက်နေသည်။

ကာမာရာသည် ၎င်း အယုံကြည်ရဆုံး ပုဂ္ဂိုလ်တဦး၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး၊ အာဏာရှင် လုပ်ကြံမှုနှင့် ကြံုရခြင်းကြောင့် ကာမာရာ အစိုးရနှင့် အတိုက်အခံ အင်အားစု များအတွင်း အပြန်အလှန် ညှိနှိုင်း ဆွေးနွေးနေမှု များအား ပြင်းပြင်းထန်ထန် ထိခိုက်လာဖွယ် ရှိနေသည်။

ကာမာရာသည် ယခင် သမ္မတဟောင်း ကွယ်လွန်ပြီးနောက် (၂၀၀၈)ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံအာဏာကို ချုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဘာကီနာဖာဆို နိုင်ငံ သမ္မတ ဘလာစီကွမ်ပါ အိုရီက ကာမာရာသည် လျင်လျင်မြန်မြန် သက်သာ လာနေကြောင်း ပြောကြားခဲ့သည့်တိုင် အခြေအနေမှာ အတည်မပြု နိုင်သေးချေ။ အာဖရိက ယူနီယံသည် ယခင်ကတည်းက အာဏာသိမ်း အစိုးရနှင့် အတိုက်အခံ များကြား ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေသည့် နိုင်ငံအတွင်း တိုင်းရေးပြည်ရေး ပိုမို ဆိုးရွားလာမည်ကို စိုးရိမ် နေကြရသည်။

ကာမာရာနှင့် လုပ်ကြံသူ တွမ်ဘာတို့သည် ယခင်က ရင်းနှီးသူများ ဖြစ်ကြသော်လည်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အစုလိုက် အပြံုလိုက် သတ်ဖြတ်မှုများ အတွက် ကုလသမဂ္ဂက လာရောက် စစ်ဆေးစဉ် သဘောထား ကွဲလွဲပြီး တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

တွမ်ဘာ၏ လက်ချက်ကြောင့် ကာမာရာ ဒဏ်ရာရခဲ့သလို ကိုယ်ရံတော် တဦးလည်း သေဆုံးခဲ့သည်။ တွမ်ဘာ၏ ကားဒရိုင်ဗာမှာလည်း ကာမာရာ၏ သက်တော်စောင့် အဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်တိုင် လုပ်ကြံသူ တွမ်ဘာမှာ လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here