မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်မည့် Barcamp Yangon

alt

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပ ပြုလုပ်မည့် Barcamp Yangon ခေါ် နည်းပညာနှင့် စီးပွားရေး ဆိုင်ရာ အသိပညာ အတတ် ပညာရှင်များ ၀ါသနာရှင်များ တွေ့ဆုံပွဲအား ရန်ကုန် မြို့တွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပ

ရန်စီစဉ် ဆောင်ရွက်လျှက် ရှိသည်ဟု သိရှိရသည်။

 Barcamp အား မကြံုဆုံဖူးသော မြန်မာနိုင်ငံမှ လူငယ် လူကြီးများ အတွက် မိတ်ဆက် တင်ဆက်ပေးခြင်း ဖြစ်ကြောင်း သိရှိရပြီး၊ Barcamp ဆိုသည်မှာ ပညာရပ် ပိုင်းဆိုင်ရာ ပွဲတခုကဲ့သို့ သမားရိုးကျ ပွဲကျင်းပပုံ နှင့်မတူဘဲ၊ ၀ါသနာတူရာ၊ ရည်မှန်းချက် တူရာ လူတွေစု၍ အတွေ့အကြံုတွေ အသိပညာ ဖလှယ်ကြမည့်ပွဲမျိုး ဖြစ်ကြောင်း Barcamp သည် ဟောပြောပွဲ သက်သက် မဟုတ်သလို၊ နည်းပညာများကို သရုပ်ဖော်ပြသခြင်း သက်သက်လည်း မဟုတ်ပါကြောင်း၊ ခေါင်းစဉ်ကြီးများ တပ်သော ဆွေးနွေးပွဲကြီးမျိုးလည်း မဟုတ်သလို၊ Conference လိုမျိုးလည်း မဟုတ်သည့်အတွက်၊ Un-conference လို့ဟု ခေါ်ဆိုနိုင်ကြောင်း သိရသည်။

Barcamp တွင် Experts များက Non-Experts တွေအား ဆရာလုပ် သင်ကြားပေးသည့် ပုံမျိုးနှင့် သွားတာမဟုတ်ဘဲ၊ မိမိကိုယ်တိုင် ကျွမ်းကျင်တဲ့ အပိုင်းလေးတွေက တဆင့်၊ လူအများကို အသိပညာ ဝေမျှနိုင်မယ့် အပိုင်းတွေ ဝေမျှပြီး၊ ပြန်လည်မျှယူတဲ့ သဘောဖြစ်ကြောင်းလဲသိရပါတယ်။ အဲဒီအတွက် နည်းပညာ၊ အသိပညာ ဖြန့်ဝေတဲ့ ပုံစံဟာ၊ သမားရိုးကျ သင်ကြားပေးပုံကို လုံးဝပြောင်းပြန် လှန်ပစ်လိုက်ပြီး၊ ပိုပြီး interactive ဖြစ်တဲ့ ဆွေးနွေးဖလှယ်မှု ပုံစံမျိုးနဲ့ သွားမယ့် အခမ်းအနားမျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။

 Barcamp မှာ ဆွေးနွေးပွဲ စည်းကမ်းချက်တွေ၊ ခေါင်းစဉ်တွေရယ် လို့မရှိပဲ အချင်းချင်း တူညီစွာ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ မိမိ ပြောပြ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာ များကို လွတ်လွတ်လပ်လပ် ဆွေးနွေး ဖလှယ်ကြပြီး၊ ပြောဆို ဆွေးနွေးကြတဲ့ ခေါင်းစဉ်ရဲ့ ဦးတည်ရာကို အလိုက်သင့် လိုက်ပါ ဆွေးနွေးကြနိုင်အောင် စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိသည်။

Barcamp ရဲ့ အနှစ်သာရ၊ အသက်ဝင်မှု မှာ မိမိကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး (participating) ခြင်း တခုဖြစ်ပြီး၊ Barcamp ကို နားထောင်ရုံ သက်သက် လာမှာထက်၊ ကိုယ်သိချင်တဲ့ အကြောင်းအရာ အတွက် မေးခွန်းတွေ၊ ကိုယ်သိ ထားတာတွေကို ရှင်းပြ၊ ပြောပြဖို့ ပြင်ဆင်မှုတွေ နဲ့ တက်ရောက်ဖို့ အကြံပြုပါတယ်လို့ စီစဉ်သူတဦးက ပြောဆိုခဲ့ပြီး၊ ကိုယ်မေးလိုက်တဲ့ မေးခွန်းက သူများတွေ မစဉ်းစားမိသေးတဲ့ ပြဿနာကြီး တခုကို ဖော်ထုတ် ပေးလိုက်နိုင်သလို၊ ကိုယ်ပေးလိုက်တဲ့ နည်းလမ်းလေး တခုဟာ၊ တခြား တယောက်အတွက် အလွန်တန်ဖိုးရှိတာမျိုး ဖြစ်နေနိုင်တာမို့၊ Barcamp ကို လာရောက်မယ်သူတွေဟာ ကိုယ်သိတာတွေကို ပေးရင်းနဲ့ ကိုယ်မသိတာတွေလည်း ယူသွားနိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Barcamp Yangon ကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုရန် ကွယ်လွန်သူ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၏သား Inforithm-Maze ၏ ဦးဆောင်အရာရှိလည်း ဖြစ်သူ Internet Journal ပိုင်ရှင်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်များအသင်း (MCPA) အထွေထွေ အတွင်းရေမှူး ဖြစ်ကာ ဦးသောင်းစုငြိမ်းက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃၊ ၂၄ ရက် နေ့များကို Download Day အဖြစ် သတ်မှတ်ပြီး Bandwidth များ ချဲ့ထားပေးရန်၊ download primer ကြိုတင် သရုပ်ပြရန် ပြင်ဆင် ပြထားမည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့် ၎င်း၏ဇနီး ဇေဇင်လတ် (ဇေကမာ္ဘ ဦးခင်ရွှေ၏ သမီး) တို့ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဝိုင်ဖိုင်စံနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်း ဖြစ်သော Red Link Communications Ltd ကုမ္ပဏီမှ Barcamp ပွဲပြုလုပ်မည့် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ် Function Hall 1 & Function Hall 2 တို့တွင် အသုံးပြုမည် ဖြစ်သော ဝိုင်ဖိုင် စံနစ်တို့ကို ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်၏ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ (Red Link, WiMax, WiFi) တို့မှ အခမဲ့ ကူညီတပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here