ဆိုမားလီယား ဝန်ကြီးများ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးရ

alt

ဆိုမားလီယား နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု တခုအတွင်း ၀န်ကြီးများ အပါအဝင် လူ(၂၂)ဦး သေဆုံး သွားခဲ့ရကြောင်း သိရှိရသည်။ မွတ်ဆလင် စစ်သွေးကြွ များနှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွား

နေခြင်းကြောင့် ဆယ်စုနှစ် (၂)ခုစာမျှ အဆင့်မြင့် ပညာရေး ဘွဲ့များ အပ်နှင်း နိုင်ခြင်း မရှိခဲ့သော ဆိုမာလီ နိုင်ငံတွင် ဒီဇင်ဘာ (၃)ရက် နေ့က ဘန်နာဒင် တက္ကသိုလ် ကျောင်းဆင်း ဆေးပညာ၊ အင်ဂျင်နီယာ နှင့် ကွန်ပျူတာ ကျောင်းသား (၄၃)ဦးအား ဘွဲ့ အပ်နှင်း စဉ် အသေခံ ဗုံးသမားတဦးက အချိန်ကိုက် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

မိုဂါဒစ်ရှူးရှိ ရှာမို ဟိုတယ်တွင် ကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ အနည်းဆုံး လူ(၇၀၀)ခန့် တက်ရောက်ခဲ့ပြီး အကြမ်းဖက် သမားက ပွဲပြီးခါနီးတွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။ ယခု ဗုံးကွဲမှုကြောင့် ကျန်းမာရေးဝန်ကြီး၊ အခြေခံပညာဝန်ကြီး၊ အဆင့်မြင့် ပညာဝန်ကြီးတို့ သေဆုံးပြီး ဆေးကျောင်းသား နှင့် ဆရာဝန်များလည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။

ထို့အပြင် နောက်ထပ်လူ အမြောက်အမြား ဗုံးဒဏ်ကြောင့် ဒဏ်ရာများ ရရှိခဲ့သည်။ ကိုယ်တွေ့ ကြံုခဲ့သူများက ဗုံးကွဲပြီးချိန်တွင် အခန်းထဲ၌ မီးခိုးလုံးကြီး ဖုံးလွှမ်းသွားကြောင်း၊ လူ့ခန္ဓာကိုယ် အပိုင်းအစ များနှင့် သွေးစက်များသည် Ball Room ထဲတွင် ပျံ့ကြဲသွားပြီး လူ အများအပြားသည် ထွက်ပေါက်သို့ သွေးရူးသွေးတန်း ပြေးလွှားခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ဆိုမာလီ အစိုးရက နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်များကို အပြစ်တင် ခဲ့သော်လည်း ယင်းအဖွဲ့က ၎င်းတို့သည် အသေခံ ဗုံးခွဲသမား တဦး စေလွှတ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထားသည်။

ဆိုမာလီ အစိုးရသည် ကုလသမဂ္ဂ၏ ကျောထောက် နောက်ခံမှုဖြင့် မိုဂါဒစ်ရှူးနှင့် အနီးတဝိုက်ကိုသာ အုပ်ချုပ်ထားနိုင်ပြီး နိုင်ငံ၏ ကျန်အစိတ်အပိုင်း အတော်များများကို ခွဲထွက်ရေး သူပုန်များက ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here