နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ {၂}

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ရဲဘော် ဇော်ဝင်းလှိုင် ကတော့ တော်လှန်ရေး တာဝန်ကျေသွား ခဲ့ချေပြီ ။ တာဝန် မကျေ သေးတဲ့ ကျနော်တို့ စစ်ကြောင်း ကတော့ မုနော်လေး တောင်ကုန်းမှာ တိုက်ပွဲတွေ ဖြစ်လို့

ကောင်းတုန်း။ ကျနော်တို့ စစ်ကြောင်း ၊ မဟာမိတ် စစ်ကြောင်းများ တဖြည်းဖြည်း ဆုတ်ပစ် ပစ်ပြီး မုနော်လေး တောင်ကုန်းကို အဆုံး ခံလိုက်ရသည်။

တချို့အဖွဲ့က ဆုတ်၍ မရသေး။ ရန်သူက ပစ်လေတက်လေ ဖြစ်နေ၍ ဖြစ်သည်။ ကျနော်တို့ စစ်ကြောင်းသည် – ရာထာ – (သံလွင်ကမ်း-ဘေး) နှင့် တဆက်တည်း သစ်ဆွဲရန် ဖောက်လုပ် ထားသော မြေညီ ကားလမ်းတွင် ခေတ္တအနားယူ ကြသည်။ ကားလမ်းအတိုင်း ညနေ လေးနာရီတွင် စစ်ကြောင်း ချီတက်ရသည်။ မည်သည့်နေရာကို ချီတက်နေမှန်း မသိပါ။ စစ်ကြောင်းမချီမှီ ရဲဘော်အားလုံးအား ရိက္ခာခြောက်များ ဝေပေးသည်ကို ရိက္ခာခြောက်မှန်း မသိ ။ ငွေရောင်စက္ကူဖြင့် သေသေသပ်သပ် ထုတ်ထားသော ထိုရိက္ခာခြောက်ကို ဖြည်၍ စားသည်။ ငတ်နေ၍လား မသိ စား၍ အလွန်မြိန်လှ၏။ ရိက္ခာခြောက် စားပြီးသည်နှင့် နောက်က ရေလိုက်ဖြည့်၍ မျှောမှ ဗိုက်ထဲ ရောက်သွားတော့သည်။ ဗိုက်ထဲသို့ ရေနှင့်အတူ ရောက်သွားသော အခါ ဗိုက်ပွ၍ ဗိုက်ဝသလို ခံစားရသည်။

စစ်ကြောင်း ချီတက်ရာတွင် မိမိ၏အရှေ့၊ အနောက် သတိအမြဲ သတိပြုရသည်။ ပွိုင့်မှရှေ့တွင် ထူးခြားမှုရှိလျှင် နောက်သို့ ချက်ချင်း သတင်း တဆင့်ပြီးတဆင့် ပို့ရသည်။ ကျနော်တို့ စခန်းချရမည့် နေရာသို့ မှောင်ရီပြိုးစ အချိန်တွင် ရောက်သည်။ တောင်ခြေမှ လှန်တက်ရသော – သံခမောက်-ကုန်းကြီးပေါ်သို့ လေးဆယ့်ငါးမိနစ်ခန့် တက်ရသည်။ အီကွစ်မန့် ခါးပတ်က ခါးတွင်ကြပ်၍ တောင်တက်လျှင် ပေါင်ရင်းကို ထောက်မိသည်။ ထို့ကြောင့် ခြေထောက်များမှာ ပူ၍ နားရွက်များတွင် လေများပင် ထွက်ကုန်၏။ သံခမောက် ကုန်းပေါ်ရောက်မှ ကျောပိုးအိတ်ကို ပစ်ချပြီး အမောဖြေ ရသည်။ ထိုည အင်တိုင်းပင်များမှ အင် အရွက်စိမ်းများ ခူးပြီး ကျောတနေရာစာ အတွက် ခင်းကျင်းရသည်။ စစ်ကြောင်းမှူးမှ မီးမမွှေးရန်၊ သစ်ပင် မခုတ်ရန်၊ စကားကျယ်ကျယ် မပြောရန် ကြိုတင်စည်းကမ်း ထုတ်ထားသည်။ မကြာလိုက်ပါ။ ရန်သူ့စခန်းမှ မီးရောင်တွေ့ ရသည်ကို ပြသသောကြောင့် ရန်သူနှင့်မိမိတို့ စခန်းချသည့်နေရာ အနီးကလေး ပါလားဟု အစက မထင်ထားသော အတွေးကို သတိချပ်ရန် မိမိစိတ်ထဲ ပိုမို အသိချပ်မိသည်။

သံခမောက် ကုန်းပေါ်တွင် မဟာမိတ် တပ်မှူးအချို့နှင့် ကျနော်တို့ တပ်မှူးအချို့တို့ အစည်းအဝေး ခေတ္တပြုလုပ်ပြီး မကြာမီ တပ်စိတ်များ ခွဲ၍ တာဝန်ကိုယ်စီနှင့် ထွက်ခွာ သွားကြရသည်။ ကျနော်တို့ နှင့် ရဲဘော်ဆန်းလင်းမှာ လက်နက်ကြီး လုံခြံုရေးအတွက် ကျန်ရစ်ခဲ့ကြသည်။ ကတုတ်ကျင်းများ ကိုယ်စီတူးကြသည်။ မနက် မိုးမလင်းခင် အရုဏ်တက် ငါးနာရီလောက်ရှိမည်။ ကျနော်တို့ နရာယူထားသည့် နေရာ အရှေ့တည့်တည့်မှ သေနတ်သံ စတင်ကြားရသည်။ ချက်ချင်း အီကွစ်မန့်ပတ်၍ ကိုယ့်ကျင်းထဲ ပြေးဝင်ပြီး ရန်သူကို သေနတ်ချိန်၍ စောင့်ကြည့်နေမိသည်။ တပ်ရင်းမှူးမှ ရဲဘော်အားလုံးကို အဆင်သင့် ရှိထားကြရန် မှာကြားနေသည်။ ရှေ့၌ တိုက်ပွဲဖြစ်နေသည့် အဖွဲ့မှာ ကျနော်တို့တပ်မှ တပ်စိတ်ရဲဘော်များ၊ မဟာမိတ် ရဲဘော်များ ပူးတွဲနေရာယူထား ကြသည့်နေရာတွင် ဖြစ်သည်ဆိုတော့ စိတ်တော့ ပူပန်မိသား။

တိုက်ပွဲမှာ အကြီးအကျယ် ပစ်ခတ်သံများ၊ ဟိုဘက် သည်ဘက် ဆူပူဆဲရေး တိုင်းထွာသံများ လွှမ်း၍နေသည်။ တချက်တချက် ရန်သူဘက်မှ ပစ်လိုက်သော ကာဘိုင် ကျည်ကွဲသည်ကျနော်တို့ နေရာယူထားသည့် ဘက်သို့ ရောက်လာတတ်သည်။ ထိုအခါ ကျနော့် စိတ်ထဲမယ် ရန်သူက ကျနော်တို့အနီး ကပ်လာပြီ အထင်နှင့် သတိဝိရိယ အတန်တန် ထားနေသလို ဇောကပ်နေသည်၊ မကြာခင် ကျနော်၏ ကတုတ်ကျင်းဘေးတွင် စက်ဖွင့်၍ နားထောင်နေသော တပ်ရင်းမှူး ရဲဘော်ဆန်းလင်းထံ သတင်းထူး တခုကြားရသည်။

( ဆီးကျိုလောကွားကြား )၂ – ( ကြားရင် အကြောင်းပြန် …… ဒါပဲ )

( ကြားတယ် – ဘာရှိမလဲ-ဒါပဲ )

( ဒေါင်းတကောင် ခွေးကိုက် ခံရတယ်။ ဟန်းကော တလုံး ပေးပါ )

ရဲဘော်ကျော်စိုး – ခင်ဗျားရှေ့ ကိုသွားပြီး အင်အားဖြည့်ဖို့ ပြင်ဆင်ပါ။ တပ်ရင်းမှူးမှ စေလွှတ်သည့် ရဲဘော်သည် ချက်ချင်း အေအာရ်(၁၆)ကို ကျည်ထိုးပြီး၍ ချိန်ရွယ်ပြီး ကုန်းကုန်းနှင့် ပြေးတက် သွားတာ တွေ့ရသည်။ ကျည်ထိ သွားသူသည် မည်သူ ဖြစ်သနည်း ဆိုသည်ကို အတိအကျ မသိရသေး။ တပ်ရင်းမှူး၏ မျက်နှာမှာ စိုးရိမ်ပူပန်နေသည့် လက္ခဏာ၊ စိတ်က မသိမသာ လှုပ်ရှားနေမှန်း သူ့ရဲဘော်တွေ မသိအောင် ထိမ်းသိမ်းနေပုံက သိသာနေသည်။ မကြာပါ။ ကျည်ထိသွားသည့် ရဲဘော်ကို ထမ်းထုတ်လာသည့် ရဲဘော်တယောက်။ ကျနော်တို့ နေရာ ရောက်သည်နှင့် ကျည်ထိထားသည့် ရဲဘော်ကို သိလိုဇောနှင့် လှမ်းကြည့်လိုက်မိသည်။

အလို ….! ရဲဘော် မြင့်သိန်း ပါလား။ ဒီ ရဲဘော်နှင့် ဒီမနက်ခင်းကပင် ထမင်းအတူတူ စားခဲ့ကြသေးသည်။ ဟင်းက ဟန်းကောထဲတွင် ချက်ပြီးသား ခွေးသား ဟင်းကို ကျနော့်အား စားစေခဲ့သည်။ အစ်ကိုက မကြာခင် နောက်တန်း ပြန်ရတော့မယ်လို့ ပြောတယ်။ အစ်ကိုက မပြန်ချင်သေးဘူး၊ မပြန်ခင် တိုက်ပွဲတပွဲလောက်တော့ တိုက်သွားပါရစေလို့ ခွင့်တောင်းထားတယ်။ အတော်ပဲ ဒီနေ့မှ တိုက်ပွဲက ဖြစ်တယ်။ အေကေ စက်လတ်ကို လွယ်ထားသည့် ထိုရဲဘော်။ မျက်စေ့ထဲက မထွက်ပါ။ သူက တိုက်ပွဲဖြစ်သည့် နေရာသို့ သွားကာနီး ကျနော့အား နှုတ်ဆက် သွားသေးသည်။ ခုတော့ – အခုမြင်ပြီး အခုပျောက် သွားခဲ့ရတဲ့ ထိုရဲဘော်ကို ကြည့်ပြီး တိုက်ပွဲဆိုတာ ကိုယ်ပဲအနိုင် အမြဲရနေတာ မဟုတ်၊ ကိုယ်က ခံရတဲ့ အလှည့်ရှိပါသေးလား ဆိုသည့် ပေါ်ပေါက်လာသည့် စိတ်က အံကိုကြိတ်၊ ကိုင်ထားသည့် အေကေသေနတ်ကို ခပ်ကျစ်ကျစ် ဆုတ်ကိုင်ရင်း သူ့အလောင်းပေါ်က မိုး၍ ငုံ့ကြည့်နေမိသည်။ ဘေးမှ ရဲဘော်ကြီးတွေ တိတ်တဆိတ် ကြေကွဲနေသူက ကြေကွဲနေလေပြီ။ ထိမ်းချုပ် ထားနိုင်စွမ်း မရှိတော့တဲ့ ရဲဘော်တယောက်က – ဟေ့ကောင်ကြီး မင်းငါတို့ကို ပြစ်သွားပြီလား … ကွ၊ မင်းရဲ့ သားလေးကို စစ်နိုင်လို့ နာမည်ပေးဆို။ ဆိုးလိုက်တဲ့ မင်းအဖြစ်၊ အိုရဲဘော်တွေ အားလုံး တသိမ့်သိမ့် ဖြစ်ကြရသည်၊ တိုက်ပွဲကား နေ့လည်(၁၂)နာရီ အထိ ဖြစ်နေသည်။ ရန်သူမှ၎င်းတို ့ ထိုး၍မရတော့သည့် အဆုံး နောက်ပြန်ခေါက် သွားသည်။

ထိုတိုက်ပွဲတွင် ရန်သူမှာ အတုံးအရုန်း ကျဆုံးသည်။ ၎င်းတို့ ဆုတ်ခွာသွားသည့် လမ်းကြောင်းကို ပစ်ရှင်း ရှင်းသည့်အဖွဲ့မှ တက်၍ ဒါဏ်ရာရသော ရန်သူ တပ်သားများကို သွေးသံ တရဲရဲနှင့် ဆွဲထုတ်သွားသည့် လမ်းကြောင်းမှာ နွားတွေ စွတ်ကြောင်း ဆွဲထားသည့် လမ်းကြောင်းအလား ဖြစ်နေသည်။ ထိုတည ကျနော်နှင့်အတူ ထမင်းလက်ဆုံ စားပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည့် ရဲဘော်ကြီး အကြောင်းတွေးရင်း ညာသိုလ်ဆေးလိပ် (ပွတ်ချွန်း) ကို ဖိဖွာနေမိသည်။ ထိုစဉ် အနီးအနား ပတ်ဝန်းကျင် တခုလုံး စိတ်ချမ်းမြေ့စရာ စိုးစဉ်းမျှကို မရှိချေ။

မြူခိုးတွေက ပိန်းပိတ်ပြီး တောင်ခိုးတွေ ဝေနေသည်။ ရဲဘော်တွေ အတွေးမှလဲ ကျဆုံးသူတွေ အတွက် အလွမ်း မျက်ရည်တွေ ဝေသီနေမည်၊ တောတောင်ထဲတွင် တခါတခါ ငှက်အော်မြည်သံ မှတပါး အခြား အသံမကြား ရတော့။ သရဲ၊ ဘီလူးစီးသလို ဝုန်းဒိုင်းကျဲခဲ့သည့် နေရာတခု။ ခုတော့ သူမဟုတ်သလိုပင်။ မာယာပရိယယ် ကြွယ်ဝစွာနှင့် တိတ်ဆိတ် ငြိမ်သက်နေ သလို၊ သေနတ်ကလေးကို ရင်ခွင်မှာပိုက်ပြီး အတွေးတွေက တောင်စဉ်ရေမရ ဟိုရောက်ဒီရောက် အိမ်လဲ ပြန်ရောက်မိသည်။ ဒီပုံနှင့် သူ့သား သူပုန်လူတတ်ကြီးကို တွေ့လိုက်ရင် ဘယ်လိုများ ဖြစ်သွားမလဲ အမေရယ် ဟု ခပ်ဝေးဝေးက ကြယ်တွေကို ရေတွက်ယင်း စဉ်းစား မိနေသေးသည်။

တိုက်ပွဲတွေကြားထဲ လှုပ်ရှား သွားလာကြရင်းနှင့် စစ်ပွဲတွေ၏ အလေ့အထ၊ အမူအကျင့်၊ အအိပ်၊ အစားတွေက စစ်ပွဲတပွဲ ပြီးတိုင်း တိုက်ပွဲတပွဲ၏ ဖြစ်စဉ်တွေကို တကိုယ်စာ အိပ်၍ရသော စစ်ပုခက်ကလေးထဲ ယိမ်းထိုးပြီး အတွေး စိတ်ကူးတွေထဲမှ ရုပ်ရှင်ဇါတ်ကား တကား ပြန်ကြည့်နေရသလိုမျိုး ဆန့်ထုတ် မြင်ယောင်နေမိသည်။ လက်တွေ့ဆန်သည့် ဖြစ်ရပ်မို့ ပရုတ်ဆီနှင့် ကု၍မရသည့် ဒါဏ်ရာရသူတွေ၊ သေကြေ ပျက်စီးကြသူတွေဟာ ဇါတ်ညွှန်း ပြုလုပ်ဖန်တီးထား ယူထားရတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေ မဟုတ်ခဲ့ပါလားလို့ နက်ရှိုင်းစွာ ခံစားတွေး နေမိသည်။

ဆရာကြီး ညောင်းညာ ကိုက်ခဲနေသလား၊ ကျနော် နှိပ်ပေးမယ်လေ၊ အားမနာနဲ့နော်။ ကျနော့် အိပ်ရာဘေးမှ ခပ်ယို့ယို့လေး ရပ်ပြီး သူ၏ဖြစ်လာမည့် ကံကြမ္မာကို မရိပ်မိလေဟန်၊ အမှတ်ထင်ထင် ရှိနေမိသည်။ သူကြံုတွေ့ရမည့် နိမိတ်ရိုင်းတွေက သူ့ဘဝ နေမဝင်သွားမီ သူခန္ဓာမှာ လှလှပပ ရေးဆွဲထားသော ကျားရုပ်ကြီးမှာ ဟန်ပါမာန်ပါနှင့် ခုန်အုပ်နေ သည့်ပုံကြောင့် သူ့ကို သေချာစွာ မှတ်မိနေမိသည်။ စစ်ကြောင်း ခေတ္တနားခိုက် သူတို့ အုပ်စုအတွင်း တိုးတိုးတိတ်တိတ် ပြဿနာ တက်နေ၏။ ဖြစ်ပုံက သူတို့အုပ်စုထဲမှ အငယ်ဆုံး ဖြစ်ဟန်တူသော လူတယောက်ကို “ငပွေး” ဟုခေါ်ကြသည်။ ငပွေးမှာ ရေတာရှည်ဘက်မှ ပါလာသည့် ပေါ်တာတယောက်။ ငပွေးကို ကျားကြီးမှ မာန်မဲဟိန်းဟောက် သမှုပြုနေပြီး ထမင်းချက်ဖို့ ရေသွားခပ်ခိုင်းသည်။ ထိုအချိန်တွင် ကျနော်က ကင်းစောင့်နေသည်။ ငပွေးမှာ ငှက်ဖျားစွဲနေသည့် ဒဏ်ကြောင့် မျက်နှာ ဖြူဖတ်ဖြူရော်လေးနှင့် သူမသွားနိုင်ကြောင်း တောင်းပန်စွာ ပြောနေ၏။ ကျနော့် ကင်းချိန်းအပြီး သူတို့ထံ ရောက်သွားပြီး အကျိုးအကြောင်း မေးမြန်နေမိသည်။ ထိုအခါ ကျားကြီးမှာ ချက်ချင်း မျက်နှာအမူအရာ ပုံစံပြောင်းသွားသည်။

ဟဲ ဟဲ ဘာမှ မဖြစ်ပါဘူး ဆရာကြီး ၊ ကျနော်တို့က ထမင်းချက်ဖို့ တိုင်ပင်နေတာပါ။ ကျနော့်စိတ်ထဲ ဒီလူ လိမ်ညာ၍ ပြောနေမှန်းသိသိနှင့် ဘာမျှပြန်လည် မတုံ့ပြန်မိခဲ့။ တောထဲ တောင်ထဲမှာလည်း ကြီးနိုင်ငယ်ညှင်း ဆိုသည့် ယဉ်ကျေးမှုက ရှင်သန် နေတုန်းပဲလားဟု စဉ်းစားနေမိသည်။ ထို့ထက် ကျနော် မမြင်ရနိုင်၊ မသိနိုင်သည့် ရပ်ဝန်းဒေသတွေ မှာလည်း ကြီးနိုင်ငယ်ညှင်း စိတ်တွေ ဘယ်လောက် အထိအောင်များ၊ ဘယ်ကာလ အထိတောင်များ ပေါင်းမြက်တွေ ထူနေလိမ့်ဦးမလဲဟု မကျေမချမ်း ခံစားရင်း-ဥပေက္ခာပြုခဲ့မိသည်။

စစ်ကြောင်း၌ အသက်အငယ်ဆုံး ရဲဘော်တွေအပေါ် အချို့ ရဲဘော်ဟောင်းကြီးများက ညှာတာမှု ရှိကြသည်။ တိုက်ပွဲတပွဲ ဖြစ်တော့မည်ဆိုလျှင် သူတို့က ရှေ့ဆုံးထွက်ပြီး ကျနော်တို့လို ငယ်ရွယ်သူ၊ တိုက်ပွဲ အတွေ့အကြံု နုငယ်သူတို့ကို အရေးကြီးသည့် ရင်ဆိုင်တောင်ကုန်းများ၌ တာဝန် ပေးလေ့မရှိ။ သို့သော် ကျနော်က ထိုသို့ မစဉ်းစား တခြားလွဲမှားသည့် အသိတွေနှင့် ဒေါမနသ ဖြစ်နေမိသည်။ ငယ်စိတ်နှင့် သူတို့တိုက်နိုင်ရင် ငါလည်း ဘာ့ကြောင့် မတိုက်နိုင်ရမှာလဲ ! ဆိုသည့် အတ္တဒေါသခိုးတွေ တရှန်းရှန်း ဝေဆာနေမိသည်။ တကယ့် တကယ် တိုက်ပွဲတွင် ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြပြီဆိုတော့ ကိုယ့်ကိုကိုယ် ဘာလုပ်၍ ဘာလုပ်ရမှန်း မသိအောင် စိတ်ရှုတ်ထွေးမှု ဖြစ်ရသည်။ စစ်ပွဲတွေ ခေတ္တရပ်ပြီး ခေါင်းအေးအေးနှင့် စဉ်းစားနေမိတော့ ေဩာ်- ငါတို့ အစ်ကိုတွေက ငါတို့ရဲ့ အနာဂါတ်ကို ကြိုတင်မြင်ပြီး မလိုအပ်ပဲ အသက်တွေ ဆုံးရှုံးမှာစိုး၍ သူတို့ပဲ ရှေ့မှာခါးကော့ပြီး ရန်သူကို ရင်ဆိုင်မယ်ပြောကြတာဟု တွေးမိသည်။

ရဲဘော်ကြီးတွေတချို့ တိုက်ပွဲမှာ ဒါဏ်ရာရသူ၊ ကျဆုံး သွားသူတွေကို တွေ့ရင် သူတို့ရဲ့ ရှင်သန်နေတုန်း ကာလ၌ သူတို့၏ တောက်ပရွှင်လန်းသည့် ရုပ်ပုံလွှာ ပန်းချီကားတွေကို နှမျှောတမ်းတစွာ ခံစားရပြီး လူမသိ၊ သူမသိ ကြိတ်ကြိတ်ပြီး ငိုကျွေးခဲ့ရသည့် ကျနော့်အဖြစ်တွေ ရှိခဲ့ဖူးသည်။ ငါဘာ့ကြောင့် ငိုနေရတာလဲ – ငါဘာလို့ ဒီစစ်ပွဲကြီးမှာ ရောက်လာခဲ့ရသလဲ – စစ်ပွဲကြီးဖြစ်ရင် လူတွေသေမယ်၊ ဒဏ်ရာရမယ်၊ အနာတရ ဖြစ်မယ်ဆိုတာ ငါ မစဉ်းစားခဲ့ဘူးလား။ အခု ငါ့ဘက်က ငါ့ရဲဘော် ကြီးတွေကျဆုံး၊ သေဆုံးတွေ စာအုပ်ထဲမှတ်ပြီး သူတို့ရဲ့ ဈာပနကို ခမ်းခမ်းနားနား တနေ့မှာ ပြုလုပ်ပေးရလိမ့်မယ်လို့ ထိုစဉ်ကပင် ကျနော်လေးနက်စွာ သိမှတ်ထားသည်။ ဘားတိုက် တတိုက်ထဲတွင် အတူနေ၊ ငှက်ပျောရွက်ပေါ်၊ အင်ဖက်ရွက်ပေါ် ထမင်းတွေ စုပုံပြီး အဆင့်အတန်း မခွဲခြားပဲ လက်ရည် တပြင်တည်း အညတရ ထမင်းဝိုင်းတွေကို ကျနော် လွမ်းနေဦးမည်။ စိတ် အခန့်မသင့်၍ တဦးနှင့်တဦး အယူအဆ ရေးရာတွေ ငြင်းခုံကြရင်း တယောက်နှင့် တယောက် ဘားတိုက် ပေါ်မှာ ထိုးကြိတ်ကြတဲ့ ကတောက်ကဆ နေရက်တွေ၊ ရန်ပွဲကို ပြန်စေ့စပ်ပြီး ကြေအေးခဲ့တဲ့ ရဲဘော် ရဲဘက်စိတ်ကို စိတ်တွေကို အလေးပြုနေဦးမည်။

ကျနော်တို့၏ စစ်အာဏာရှင် တော်လှန်ရေးဟာ ထူးးခြားသည့် ရုပ်ဘဝတွေရှိသည်။ ၁၉၈၈ခုနှစ်။ တနိုင်ငံလုံး အုံကြွဆန္ဒပြ သပိတ်မှောက်ကြသည်မှ – တောထဲတောင်ထဲသို့ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲမှ စစ်အာဏာရှင် စံနစ်ကို အောင်မြင်မှာ ဖြစ်သည်ဟု ယူဆသည့် အတွက်ကြောင့် ဖြစ်သည်။ ထိုသို့သာ စိတ်ဓာတ်တွေနှင့် ဖြစ်တည် လာခဲ့ကြပြီး လက်တွေ့ တော်လှန်ရေးရင်ပြင်ထဲ ကွင်းဆင်းကြသည်။ ကျနော်တို့အဖွဲ့ အစည်း ကျောင်းသားတပ်မတော်၌ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အရပ်ဒေသ အသီးသီး၊ အလွှာပေါင်းစုံမှ ရောက်လာခဲ့ကြ၍ ဖြစ်သည်။ ထိုအထဲတွင် အယူအဆ ပေါင်းစုံ၊ ပြဿနာပေါင်းစုံ ဖြစ်ခဲ့ကြရသည်။ အရာဝထ္တုတခုကို ကြည့်သည့် အမြင်ရှု့ ထောင့်ခြင်း မတူညီကြ။ ထို အခါအဖွဲ့အစည်း ဆန်ဆန်စုဖွဲ့ ကြသည်။ ဒီမိုကရေစီ ဆန်ဆန် ပြဿနာတွေကို ဖြေရှင်း ညှိနှိုင်းကြသည်။

သို့သော် ဒီမိုကရေစီဆန်ဆန် ဖြေရှင်းသော်လည်း အရာခပ်သိမ်း စည်းစနစ်ကျသည် လို့တော့ဖြင့် ပြော၍မရ။ တချို့က ပုဂ္ဂိုလ်ရေးဆန်ဆန် တွေးခေါ် လုပ်ကိုင်ကြသည်။ တချို့က ဗဟုစိတ်ဓာတ်ရှိသည်။ တချို့ လူတွေက ပညာတတ်ဆန်ဆန် နေထိုင်လုပ်ကိုင် ကြသည်။ အချို့ ပုဂ္ဂိုလ်များမှာ တော်လှန်ရေး အဖွဲ့အစည်းကို စည်းစနစ်ကျစွာ ဖွဲ့စည်းတည်ဆောက် လိုကြသည်။ တချို့ပုဂ္ဂိုလ်များက တော်လှန်ရေးကို တော်လှန်ရေးဆန်ဆန် တည်ဆောက်လိုသည်။ ထိုကဲ့သို့ မပြေမလည်၊ အကြေမလည်နှင့် တော်လှန်ရေး ရထားကြီး ခုတ်မောင်နေဆဲ အချိန်တွေမှာ အောက်ခြေ ရဲဘော်တွေက သူတို့၏စိတ်ထဲမှာ ထိုကိစ္စတေ ွစိတ်မဝင်စားကြ။ စစ်အာဏာရှင်ကို မည်ကဲ့သို့ အနိုင်တိုက်ရမလဲ။ မည်သည့်နေရာမှာ ရန်သူရှိသလဲ။ တိုက်မည့်ခိုက်မည့် စိတ်သာ ပြင်းပြနေကြသည်။ ထို့့ကြောင့် ထိုအချိန် ကာလတွေ၌ ရန်သူကို ရန်သူလိုပဲ မြင်ပြီး တော်လှန်တိုက်ပွဲတွေနှင့် အတူတပျော်တပါး ခရီးထွက်ချီတက် တိုက်ပွဲတွေကို ဆင်နွှဲနေတော့သည်။

ကျနော်သည် ရှေ့တန်း စစ်မျက်နှာ၌ သုံးလခန့် မျှကြာသည်။ ရှေ့တန်း တာဝန်တွေ ထမ်းဆောင်ရင်း တပ်ရင်းမှူး ရဲဘော်ဆန်းလင်းမှ ကျနော်နှင့်အတူ ရဲဘော်ကြောင်နာကို နောက်တန်းသို့ ပြန်ပြီး တပ်တွင်း လုပ်ငန်းများလုပ်ရန် စေလွှတ်သည်။ ကျနော်တို့ နှစ်ယောက်နှင့်အတူ လက်နက်ခဲယမ်း တချို့တပါတည်း ထည့်ပေးလိုက်သည်။ သံလွင်မြစ်ရှိရာ ကမ်းစပ်သို့ သုံးနာရီခန့်မျှ ခြေလျှင်လျှောက်ရသည်။ သံလွင်ကမ်းဘေး၌ ဆေးရောင် အနီနှင့် အဖြူချယ်မှုန်းထားသည့် လှေတစင်း ဝမ်းဗိုက်ထဲတွင် တပ်ရင်း-၂ဝ၄၊ ၂ဝ၅၊ ၂၁၆-မှ ရဲဘော်အချို့ကို တွေ့ရသည်။

ထိုစဉ် အဖွဲ့၌ စစ်ကြောင်းမှူးဖြစ်သော ရဲဘော်ဉာဏ်ထွန်းမှာ စက်ငယ် ဖွင့်၍နေသည်။ ကျနော်တို့ နှစ်ယောက်မှာ ပစ္စည်းတွေက တနင့်တပိုးနှင့် ထိုလှေပေါ်သို့ ပြစ်တင်ကြပြီး လှေပေါ်တွင်ရှိသည့် ရဲဘော်တွေကို နှုတ်ဆက် စကားပြောရင်း စက်လှေက အစုန်သို့ ထွက်စပြုပြီ။ သုံးလကာလ တောင်ကုန်းပေါ်တွင် တာဝန်ကျနေတော့ ရေပုံမှန် မချိုးရ။ ရေကလည်း ရှားသည်။ လှေစီးရင်း ဖြူဖြူလွှလွှလေး ရှပ်ပြေးနေသည့် ရေမှုံကလေးများကို လက်ကလေးနှင့် ကျီးစယ်ပုတ်ခတ်ရင်း စိတ်ထဲ လန်းဆန်းနေမိသည်။ သံလွင် ရေကြည်လေးနှင့် မျက်နှာသစ် လိုက်သည်။ ဝတ်ထားသည့် ပြောက်ကျား ယူနီဖောင်းမှာ ဒူးနေရာတွင် စုတ်ပြဲ၍ မြေကြီးရောင် ထနေသည်။ လှေကလည်း တစထက် တစမြန်စ ပြုနေသည်။ တွေ့လိုက်သည့် အရာဝထ္တုတွေမှာ မျက်စေ့ရှေ့မှ ဖြတ်ကနဲ ဖြတ်ကနဲ ပျောက်ကွယ် သွားနေကြသည်။ ကျနော့်နောက် ကျောဘက်သို့ သတိတရ လှည့်ကြည့်မိသေးသည်၊ တိုက်ပွဲဖြစ်ခဲ့သည့် ပြာနှမ်းနှမ်း တောင်တန်းတွေကို ကြည့်ပြီး စိတ်ထဲတွင် အမည်ဖေါ်မပြနိုင်သော တအုံနွေးနွေး ခံစားချက်တွေ ဖြာဝေနေမိသည်။

အခုလောက်ဆို ရင်ဆိုင် တောင်ကုန်းပေါ်က ရဲဘော်တွေ – ကတုတ် ကျင်းတွေထဲမှာ ရန်သူကို သတိမလွတ်စတမ်း စောင်၍ ကြည့်နေရော့မည်။ တချို့ရဲဘော်တွေ ဝါးဘိုးဝါးကြီးနှင့် ထမင်းချက်ဖို့ ရေသွား ခပ်ရော့မည်။ တချို့ ့ကျဆုံးသွားသည့် ရဲဘော်တွေ ဝိဉာဉ်နှင့် စကားတွေပြောနေမည်ကို မြင်ယောင်ရင်း အလိုလို ကျလာသည့် မျက်ရည်တွေ စက်ရှိန်နှင့် တိုးဝှေ့လာသော ရေမှုံတွေနဲ့အတူ လိုက်လို့ သံလွင်မြစ်ထဲ ကျသွားတော့သည်။

ဌာနချုပ် ရောက်ပြီဟေ့

ဟု …. ရဲဘော်တယောက် အာလုပ်သံနှင့် ဝမ်းသာအားရနှင့် ပြောဆိုသံကြား၍ အတွေးက လွင့်စဉ်သွားသည်။ ဌာနချုပ်သို့ မိုးကြီးချုပ်မှ လှေက ဆိုက်သည်။ – အောင်မာ ငါတို့ ဌာနချုပ်ကြီးက လျှပ်စစ်မီးရောင်တွေ၊ ဘာတွေနဲ့ တယ်ဟုတ်ပါလား ကွ။ ရန်ကုန်ဆိပ်ကမ်းကြီး ကြနေတာပဲ။ ရန်ကုန် ဆိပ်ကမ်းက ဒီလိုပဲ မီးလာပါ့ဦးမလားလို့ စိတ်ထဲအောင်းမေ့မိသည်။ သံလွင်မြစ်ရေက စီးမျှောသံ တိတ်ဆိတ်ငြိမ်သက်စွာ ကြားနေရ၏။ ကမ်းဘေး၌ လျှပ်စစ်မီးတွေ ဟိုတပြောက်၊ ဒီတပြောက် စိတ်ထဲမယ် ကြည့်၍ အတော်ကြည်နူး နေမိသည်၊ မီးရောင်က သံလွင်ကမ်းဘက်သို့ ထိုးဖြာကျနေတော့ ရေ၏အရောင်မှာ ငွေရောင်လို တချက်တချက် ရိုက်ပုတ်ခတ်ခြင်းနှင့် အတူ ကမ်းခြေသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ လှေဆိပ်တွင် လုံခြံုရေး တာဝန်ကျနေသော ရဲဘော်မှာ ကျနော်တို့ ထံသို့ သုံးတောင့်ထိုး ဓါတ်မီးရှည်ကြီးနှင့် ဝှေ့ဝိုက်ထိုးပြီး ဆင်းလာကြည့်သည်။

ပြီးတော့ ခင်ဗျားတို့ ရှေ့တန်းက ပြန်လာတဲ့ ရဲဘော်တွေကို ဒီည ဗဟိုဌာနချုပ်မှာ အိပ်ပြီး မနက်စာ စာသောက်ပြီးမှ သက်ဆိုင်ရာ တပ်ရင်းတွေပြန်ဖို့ အတွက် စစ်ဦးစီးက ညွှန်ကြားထားတယ်ဟု ပြော၍ ကျနော်တို့ ရှေ့တန်းပြန်အဖွဲ့ ထိုည ဋ္ဌာချုပ်မှာပဲ အိပ်စက်အနားယူ လိုက်ကြသည်။ တောထဲ၊ တောင်ထဲ၊ မီးမထွန်းပဲ အိပ်ခဲ့ရသည့် ရက်တွေနှင့် ကျင့်သားရထားသော မျက်လုံး ယခုလို မီးရောင်နှင့်ပြန်လည် ဆုံဆည်းမိတော့ မြို့ပြကို မသိမသာ လွမ်းနေမိ၏။ ဒီလိုဖန်မီးချောင်း၊ ဒီလိုမီးရောင်နှင့် မြို့ပြက လက်ဘက်ရည်ဆိုင်တွေမှာ ညဉ့်နက်အောင် ကျောင်းသားဘဝက အပျော်ကျူးခဲ့တာတွေ သတိရနေမိသည်။

နံနက်ခင်း ရောက်သောအခါ ဗဟိုဌာနချုပ်၏ ခမ်းနားထည်ဝါလှသော အဆောက်အဦးတွေကို လှည့်ပတ် ကြည့်ရှုပြီး လေးစားနေမိသည်။ တောင်ကမ်းပါးယံတွေကို ဘူဒိုဇာ စက်ကြီးတွေဖြင့် ဖြိုလှဲပြီး မြေပြင်ညီအောင် ညှိထားသည်။ ထိုမြေပြင်ညီ ကွင်းထဲတွင် ရဲဘော်တချို့ အလုပ် လုပ်နေကြသည်။ အချို့မှာ အချုပ်သားများ ဖြစ်ကြသည်။ ထိုမြေပြင်ညီ ကွင်းမှတဆင့် ဗဟိုရုံးကြီးပေါ်သို့ မြေပြင် လှေကားကလေး အတိုင်း တက်သွား၍ ညီလာခံခန်းမ သို့ဝင်မည်အပြု- အခန်းဝတွင် စာတန်းလေးတခုကို ဖတ်ကြည့်နေမိသည်။ – သတိ ! ရဲဘော် -အလေးပြုပြီးမှ ဝင်ရန် အခန်းထဲသို့ ကျနော် ညာခြေထောက် စုရပ်ပြီး ခွပ်ဒေါင်း အလံတော်ကို အလေးပြု လိုက်သည်။ ညီလာခံခန်းမ၏ သဘာပတိ ထိုင်ရန် ထိုင်ခုံ၏ အနောက်တည့်တည့်တွင် အနီရောင် ပိတ်စပေါ်တွင် ရွှေဝါရောင် ခွပ်ဒေါင်ကြီးက ဟန်ပါမာန်ပါ ကောင်းကင်တမွှတ် ကြယ်ကို ဆွတ်နေသည့်ပုံ။ ပန်းပဲဖိုမှ အကျအန ထုရိုက်ထားသော ပန်းဖွားလှံရှည်နှင့် ဓါးပုံမှာ ကြက်ခြေခတ် ပုံစံချိတ်ဆွဲ ထားသည်။

ထိုအခန်းမမှ တဆင့် ထမင်းစား အဆောင်သို့ သွားရာ စားပွဲပေါ်တွင် သံပန်းကန်ပြားများ အစီအရီ ချထားသည်။ ဝှိုက်ဘုတ်ပေါ်တွင် ရေးထားသည့် စာကိုဖတ်ကြည့် နေမိသည်။ နှစ်ယောက် တပန်းကန် စကေး -ဟု အတိအကျ ရေးထားသည်။ ကျနော်နှင့် ရဲဘော်ကြောင်နာ အတွက် တပန်းကန်ယူ၍ စားကြသည်။ ဟင်းအမယ်မှာ ဝက်သားဟင်းနှင့် ငါးပိရည် တို့စရာ ဖြစ်သည်။ ရှေ့တန်းမှ ပြန်လာ၍ ဌာနချုပ်မှ ဝက်တကောင်ပေါ် ကျွေးသည်။ ဝက်သားဟင်း မစားရသည်မှာ ကြာ၍လား မပြောတတ်။ နှစ်ပန်းကန်လောက်ကို လျှောကနဲ ကုန်သွားသည်။ ကျနော့်တို့မှာ ဝက်သားဟင်း စားရလျှင် အမြဲတမ်း မေးခွန်းထုတ်ရသည့် သာဓကရှိသည်။ ဝက်သားက စားရခဲပေခြင်း။ ဝက်သားဟင်းနှင့် အခြားဟင်း အမယ်တွေ မယ်မယ်ရ ရချက်ပြီဆို တခုခုဖြစ်၍ ကျွေးရမည်လို့ ပုံသေ တွက်ထားတတ် ကြသည်။ ဥပမာ – တိုက်ပွဲ၌ ရဲဘော်တယောက် ကျဆုံးသည့်အတွက် ဆွမ်းသွပ်ကြသည်။ ထိုအခါ ရဲဘော်များမှာ စိတ်မကောင်းကြ။ ကြာလာတော့ ဝက်သားဟင်းကို စားချင်ပါလျက် စိတ်နာမိသည်။ တချို့ ဝက်သားဟင်း မစားကြတော့။ ဝက်သား တခါစားရလျှင် ရဲဘော်တယောက် ကျဆုံးခွင့် ပေးရသလို ဖြစ်နေသည်။ ထို့ကြောင့် ဝက်သားမစားဘူး။ ရဲဘော်တွေ တိုက်ပွဲမှာ မကျဆုံးပါစေနဲ့ ဆိုသည့် အဓိဌာန် နှင့် ဝက်သားကို မစားတာပါလို့ ပြောပြရှာသူတွေ တကယ်ပင် ကျောင်းသားတပ်မတော် သမိုင်းမှာ ရှိခဲ့ဖူးသည်။

ကျနော်တို့ တပ်ရင်း ၂၁ဝ နှင့် ဗဟိုဌာနချုပ်မှ စက်လှေနှင့် (၁၅)မိနစ်ခန့် စီးလျှင် ရောက်သည်။ ဗဟိုမှ စက်လှေ တပ်ရင်း အရှေ့အထိပို့ပြီး ပြန်ထွက် သွားသည်။ လှေပေါ်မှ ဆင်းဆင်းခြင်း တပ်ရင်းကို ဝှေ့ဝိုက်ရှာနေမိသည်။ တော်တော်နှင့် မမှတ်မိ။ တပ်ရင်းမှာ ချုံနွယ်တွေ ပိတ်နေသည်။ သက်ငယ်ပင်တွေ၊ ကြံပင် အပင်မျိုးတွေက ရှည်လျားစွာ ပေါက်နေသည်။ တပ်ရင်း ဆိုင်းဘုတ်မှာ ချံုနွယ်တွေ ပိတ်ထား၍ သိပ်မပေါ်လွင်ပါ။ အော်ဟစ်ပြီး တပ်ကုန်းပေါ်သို့ ပြေးတက်သွားသည်။ စားဖိုချောင်ဘက်သို့ ကြည့်ရာ တယောက်မှမတွေ့။ တပ်ရင်း ထမင်းအိုးကြီး တလုံးတွေ့၍ အိုးကိုဖွင့်ကြည့်ရာ အိုးထဲတွင် ထမင်းဂျိုး သုံးခုတွေ့၍ တခု ယူစားလိုက်သည်။ ငါးပိရည်အိုးကြီးမှာ ငါးပိအဆီများ တက်နေသည်။ ဆေးခန်းဘက် ကြည့်မိတော့ ငြီးသံကြား၍ သွားကြည့်မိသည်။ ရဲဘော်ဂီပါလား။ ပိန်လိုက်တာ။ ပြန်ရောက်ကြောင်း ပြောရင်း သူ့အနားမှာ ဝင်ထိုင်လိုက်သည်။ သူက အမြဲတမ်း ကျမ္မာရေး ချူခြာသည်။ ငှက်ဖျားဒါဏ်ဖိစီး ထား၍ အသားအရောင်မှာ ဖြူဖတ်ဖြူရော် နိုင်လှသည်။ ကျနော့်စိတ်ထဲ စိတ်မကောင်း ဖြစ်သွားသည်။

တွန်း-တွန်း-မင်းဘက်က တွန်းထား။ ငါဒီဘက်က တုံးတတုံး ခုထားမယ်။ ဟုတ်ပြီ-ကျင်းဝ အထိရောက်ပြီ။ အနောက်နည်းနည်း ပြန်ဆုတ်၊ တွန်းတွန်း-အိုကေ ရပြီ-ကဲ-မြေဖို့တော့ကွာ၊ တယောက် တလှည့်စီတော့ ဖိုမပေါက်အောင် ကြည့်ရလိမ့်မယ်။ ကဲ- ကဲ ပေါက်တူးတွေ၊ လွှတွေသိမ်းတော့။ ပစ္စည်းတွေအားလုံး စတိုးထဲပြန်ထည့်။

တပ်ရင်းမှာ စီးပွားရေးဆို၍ မယ်မယ်ရရ မရှိ။ ထို့ကြောင့် ရဲဘော်တွေမှာ တောထဲမှ ပျဉ်းကတိုး သစ်မာခြောက်တွေကို လွှဖြင့် ဆွဲတိုက်ပြီး မီးသွေးဖုတ် ကြရသည်။ (၁၅)အိတ် အောက်ရလျှင် ငါးတန်ဟင်းလေးတော့ စားရ ကောင်းပါတယ်။ သုခိတာ စကေးနှစ်လိပ်ထက် ပိုသောက်ရသည်။ ဖုတ်၍ရသည့် မီးသွေးတွေကို သုံးတင်းဝင် ဂုန်နီအိတ်ကြီးတွေ ထဲထည့်၍ ထိုင်းဘတ်ငွေနှင့် တအိတ်ကို ထိုစဉ်က ဆယ့်ငါးဘတ် ရသည်။ ဘာပဲဖြစ်ဖြစ် တပ်ရင်းအတွက် ဆေးလိပ်ဖိုး၊ ငါးတန်ဖိုး၊ လူမမာ ဓာတ်စာဖိုးတော့ ရသည်။ မီးသွေးဖုတ်သည့် အဖွဲ့ကို ဦးဆောင်သူမှာ ရဲဘော်သန့်ဇင်၊ ထိုရဲဘော်မှာ တပ်ရေးဗိုလ် ဖြစ်သည်။ ၎င်းမှဦးဆောင်ပြီး မီးသွေးဖုတ်သည့် အစီအစဉ်ကို အကောင်အထည် ဖော်ဖြစ်သည်။ မိုးတွင်းဆိုလျှင် မိုးတွင်းအလျှောာက် ဝဥတွေ တူးပြီး ကမ်းနား၌ စုပုံထား။ မြွေခွံအိတ်နှင့် အခေါက်ခေါက် အခါအခါ တူးသယ်ပြီး ဝင်ငွေ ရှာကြရသည်။ ထိုအချိန် ဝဥ တကီလိုလျင် ငါးဘတ် ဈေးပေါက်သည်။ ဒါတောင် ကျေးဇူးရှင် အဝယ်သမားများက စိတ်မထင်လျှင် မထင်သလို ဈေးနှိမ်တတ်သည်။ ဖျားနာသည့် ရဲဘော်တွေကတော့ အလုပ်မလုပ်နိုင်၍ ဆေးနားပေးရသည်။

ဆောင်းတွင်းရောက်လာလျှင် ဆောင်းတွင်းနှင့် ကိုက်ညီသည့် အလုပ်ကလေးကို ကျေးဇူးရှင် တောကြီး တောင်ကြီးတွေနှင့် ဒိုးတူပေါင်ဘက် ရှာဖွေ စားသောက်ရသည်။ ဆောင်းတွင်းဆိုလျှင် အင်ဘက်တွေက ဝါညိုခြောက်သွေ ့၍ ပင်မြင့်ပေါ်မှ ကြွေကျ၊ မြေခရသည်။ အင်ဘက်တွေ ကို ကျနော်တို့ အစောကြီး မိုးမလင်းခင် သွားရောက် ကောက်ယူကြသည်။ နောက်ကျ၍ မဖြစ်။ နောက်ကျလျှင် အင်ဘက် သိပ်မရတတ်။ ကိုယ်ထက်အလျင် စောအောင် ကောက်သည့်သူက ဦးသွားတတ်သည်။ ကောက်ရသည့် အင်ဘက်တွေကို တပ်ရင်း၌ အမိုးမိုးရန်အတွက် လည်းကောင်း၊ မိုးပြီး၍ ပိုလျှံသည့် အင်ဘက်တွေကို ရောင်းစားကြသည်။ မည်သို့မျှ မျှော်လင့်မထားသည့် အလုပ်တွေက တော်လှန်ရေးမှာ အသားကျလှသည်။ သို့သော် ကျနော်ပျော်သည်။ ကျေနပ်သည်။

ထိုအချိန်က ရဲဘော်တွေ၏ မျက်နှာမှာ ငယ်ရွယ်နုနှယ်သည် အခါမို့ ချစ်ဖို့ကောင်းလှသည်။ ရည်းစားမရှိ။ အပျိုအရွယ် မိန်းကလေးမရှိ။ တနေ့တနေ့ တပ်တွင်း လုပ်ငန်းတွေလုပ်။ ကျားကွက် ထိုးတမ်းကစား။ တော်လှန်ရေး စာအုပ်တွေဖတ်။ ဆောင်တော်ကူး သနပ်ခါး ဘဲကြားလူးပြီး ငေးမိငေးရာ ငေးနေမိသည်။ တခါတခါ တပ်ရင်း ဆွေးနွေးပွဲလုပ်ဖြစ်သည်။ ကျနော်သည် စိုက်ပျိုးရေး တာဝန်ကျ၍ တပ်ရင်း၌ ပဲတိုင်ထောင် အပင်များ၊ ခရမ်းပင်၊ ငရုတ်ပင်၊ ရုံးပတေသီးပင်များ စိုက်ရသည်။ ထိုသို့ စိုက်ပျိုး၍ ထွက်ရှိသည့်လာသော အသီးအနှံတွေက တပ်ရင်း ဟင်းအိုးအတွက် အထောက်အကူ ပြုသည်။ ညနေခင်း ရောက်လျှင် နိုင်ငံရေး သတင်းတွေကို နေရှင်နယ် ရေဒီယို အစုတ်တလုံးကို တဘားတိုက်လုံး ခေါင်းချင်းဆိုင် နားထောင်ခဲ့ရတဲ့နေ့တွေ မြင်ယောင်ရင်း အတိတ်တခိုက မြင်ကွင်းတွေကို တံခါး တချပ်ချင်း ဖွင့်ကြည့်နေမိသည်

ဘားတိုက်ပေါ်က ဇါတ်လမ်းတပုဒ်။

ဘားတိုက်တွင် ရဲဘော်ကျော်ဆန်းလွင်၊ ရဲဘော်ရဲနိုင်၊ (အဘ)၊ ရဲဘော်တင်ဆန်း၊ ရဲဘော်ဝင်းမောင်၊ ရဲဘော်ဇော်ဝမ်း၊ ရဲဘော်သန်းဌေး နှင့် ရဲဘော်စံမင်း တို့ရှိကြသည်။ တပ်ရေး ဗိုလ်ကြီးမှာ တပ်ရင်းမှူးရုံး၌ အိပ်သည်။ သူ့နေရာမှာ လက်နက်များထားသည့် ဂိုထောင်နှင့် တဆက်တည်းဖြစ်သည်။ ညမိုးချုပ်လျှင် သူသည်သရဲ ကြောက်တတ်သည်။ သရဲအကြောင်း အချင်းချင်းပြောလျှင် ထိုဗိုလ်ကြီးမှာ နားမထောင်ဘဲ တခြားနေရာသို့ ရှောင်ရှောင် သွားတတ်သည်။ သူ့ အားနည်းချက် သိသော ရဲဘော်ဆန်းလွင်က ကျနော်တို့ အားလုံးကို တိုင်ပင်ပြီး ဇာတ်လမ်းတခု လုပ်ရန်ပြောသည်။ ကျနော်တို့အားလုံး သူပြောသည့်အတိုင်း အတိုင်အဖောက် ညီစွာနှင့် ဇာတ်လမ်း စတင်တော့သည်။

ပထမ-ရဲဘော် ကျော်ဆန်းလွင်မှာ ခြင်ထောင်ထဲတွင် အိပ်နေသည်။ ညဘက် ဘီဘီစီ နားထောင်ချိန် အရောက်တွင် တပ်ရေးဗိုလ်ကြီး ရောက်ချလာသည်။ သတင်းနားထောင်ပြီး မကြာခင် ခြင်ထောင်ထဲတွင် ပြန်၍အိပ်နေသော ကျော်ဆန်းလွင်မှ ဗြုန်းကနဲ ထပြီး – ဟင်း-ဟင်း-ဟင်း ငါ့ကို ဘာကောင် အောင်းမေ့နေလဲ၊ ဒီနေရာဟာ ငါ့ပိုင်နက်ဆိုတာ မသိကြဘူးလား။ ထိုအချိန် ရဲဘော်တင်ဆန်း နှင့် ရဲဘော်ရဲနိုင်မှာ အတိုင်အဖေါက် ညီစွာ ပျာပျာသလဲနှင့်- အမိန့်ရှိပါ၊ အခု ဝင်လာတာ ဘာနတ်ပါလဲ ခင်ဗျ၊ ကျနော်တို့ ဘာအမှားများ လုပ်ခဲ့မိလို့ ပါလဲ။ ထိုအချိန် တပ်ရေးဗိုလ်ကြီး၏ မျက်နှာမှာ ဇီးကင်ရွက်ခန့့်မျှ ရှိတော့သည်။

ဟေ့ – အဘ ဘာဖြစ်နေကြတာလဲကွ မင်းတို့ဟာက အဲဒါ ကျော်ဆန်းလွင်လေ၊ သူဘာဖြစ် နေတာလဲ။ ဟ ကျော်ဆန်းလွင်တော့ ဟုတ်တာပေါ့ တပ်ရေးဗိုလ်ကြီးရ ၊ အခုဟာက ကျော်ဆန်းလွင်ကို မကောင်းဆိုးဝါး ဝင်ပူး နေတာကွ။ ငါ့ အထင်တော့ ငါတို့ တပ်ရင်းနေရာက အလျင်တုန်းက ရန်သူ နေခဲ့တဲ့နေရာ ဖြစ်မယ်။ တိုက်ပွဲဖြစ်လို့ သေဆုံးသွားတဲ့ရန်သူ့ အလောင်းကို ငါတို့ ဘားတိုက်ဆောက်တဲ့ နေရာမှာ မြုတ်ထားလို့ သူ မကျေမနပ်ဖြစ်ပြီး လာပြောတာ ဖြစ်ရမယ်။ ထိုအခါ – တပ်ရေးဗိုလ်ကြီးက – ဒါ – ဒါဆို – ငါတို့ ဘာလုပ်ရင်ကောင်းမလဲ၊ တပ်ရင်းမှာလည်း အသက် အကြီးဆုံးဆိုလို့ ဘကြီးဇော်ဘွားပဲ ရှိတယ်။ အယောင်ဆောင် သရဲ ဝင်ပူးနေသော ကျော်ဆန်းလွင်မှာ မျက်စေ့ကို ပြူးပြဲပြီး တပ်ရေးဗိုလ်ကြီးပဲ စိမ်းစိမ်းကြီး ကြည့်နေ၏။

ထိုစဉ် တပ်ရေးဗိုလ်ကြီးမှာ အသံတုန်တုန် ရီရီဖြင့်ကြောက်နေ၏။ ဟေ – မင်းနာမည် ဘယ်လိုခေါ်သလဲကွ ၊ ဗျာ – ကျနော် အဲ … အဲ .. သန့်ဇင် ပါ …ခင်ဗျ၊ အေး -ကောင်းပြီ ဒါဆို မင်းငါ့ဆီလာခဲ့ ဂုတ်ချိုး စားပစ်မယ်။ ငါ့စကား နားမထောင်တဲ့ အကောင် – မနက်ခင်းရောက်ရင် ဟော့ ဟိုသစ်ပင်အောက်မှာ ငါ့ကို ပူဇော် ပသရမယ်၊ ကြားလား။ ကြားပါတယ် ခင်ဗျ၊ ဟို – ဟို ကျနော်တို့ဆီမှာ အသက်အကြီးဆုံး လူကြီး ရှိပါတယ်ခင်ဗျ။ အေး -သွားခေါ်ချေ။ တပ်ရေး ဗိုလ်ကြီးမှာ ကြောက်ကြောက်နှင့် ဟေ့ကောင်တွေ ငါ့နောက် တယောက် အဖော် လိုက်ခဲ့ဦးလေကွာဟု ငိုသံပါကြီးနှင့် ပြောပြီးသုတ်သီးသုတ်ပျာနှင့် အဘစော်ဘွားကို သွားခေါ်သည်။ အဖိုးကြီးမှာ ဘုမသိ၊ ဘမသိနှင့် ရောက်ချလာပြီ၊ ဘယ်မှာလဲကွ – သရဲပူးတယ် ဆိုတာ၊ စော်ဘွားတဲ့ကွ! တဘွားတည်း ရှိတယ်။ မကြောက်လို့ ဒီကို လာတာကွဟု ကြံုးဝါး၍ ဘားတိုက်ပေါ်သို့ အတင်း ပြေးတက်လာသည်နှင့် လက်မှာလည်း သစ်သားချောင်းကြီး တချောင်း ကောင်းကောင်းကို ကိုင်၍ တက်လာသည်။

ကျနော်တို့လည်း ဇါတ်တော့ မထင်မှတ်ပဲ ရှုတ်ချေပြီ မဖြစ်ချေတော့ဘူး တွက်မိပြီး – ဟေ့ ကျော်ဆန်းလွင် သရဲကနေ ထွက်လိုက်တော့၊ ဟိုမှာ အဘိုးကြီး ဒုတ်ကြီးနဲ့ တကယ်လာနေပြီ အဘိုးကြီးက တကယ်တွယ်မယ့် ပုံကွ၊ မြန်မြန်လုပ်။ ဒါတောင် အဘိုးကြီး ဘားတိုက်ပေါ်လည်း ရောက်လာရော သရဲဝင်ပူးနေသည့် ကျော်ဆန်းလွင်မှာ သရဲကထွက်ပြီး – ငါဘာဖြစ်သွားတာလဲဟု အကယ်ဒမီရှော့ခ် လုပ်ေနေသေးသည်။ မင်း သရဲ ဝင်ပူးတာလေကွာ မသိဘူးလား။ ဟေ-ဟုတ်လား! ဘာတွေ ပြောသွားသေးလဲဟု ပြောတော့ ကျနော် ပါးစပ် ပိတ်ထား၍ မရတော့။ စောင်နှင့်ပါးစပ် ပိတ်ပြီး ရယ်နေတော့သည်။

အဘဦးစော်ဘွားမှာ – စိတ်ကြီးဝင်သွားပြီး – တွေ့လား ငါ့ကို ဘယ်လောက် ကြောက်သလဲဆိုတာ သိပြီလားကွ၊ ရွာမှာလည်း စော်ဘွားတို့ အရက်မူးပြီး ရွာရိုးကိုးပေါက် လျှောက်ဆဲနေတာ ဘယ်သူမှ မပြောရဲဘူး၊ ဟောဒီ ကျောကုန်းမှာ ကြည့်စမ်း ကောင်လေး၊ တွေ့လား အေး-အဲဒါ ဝက်ကုန်း ထိုးထားတာကွ၊ ဝက်ကုန်းက ဘယ်သူမှ ရိုက်သတ်လို့ မသေဘူးမှတ်ထား။ ထိုအခါ ကျော်ဆန်းလွင်မှာ အဘိုးကြီး၏ စကားပြောပုံ ကိုယ်ရေသွေပုံကို ကြည့်ပြီး ခေါင်းခါ လည်ခါနှင့် ခြင်ထောင်ထဲ ဝင်သွားတော့သည်။ ကျနော်တို့မှာ ထိုတည အချင်းချင်း တီးတိုး ကြိတ်ကြံသော အကြံတွေနှင့် သဘောကျပြီး ရယ်၍မဆုံး ဖြစ်ကြရသည်။ မနက်မိုးလင်းသော် တပ်ရေး ဗိုလ်ကြီးမှာ – ရဲဘော် ကျော်ဆန်းလွင်ကို ညက အဖြစ်တွေ စိတ်နာ၍လားမသိ အလုပ်တွေ ဖိခိုင်းနေတာ တွေ့ရသည်။ နောက်နေ့တွေ၌ ကျနော်တို့ တပ်ရေးဗိုလ်ကြီးကို ကြောက်တတ်မှန်း သိသော်လည်း မစကြရက်ကြတော့။

တပ်ရင်းတွင် မတူခြားနားသည့် ထူးခြားမှုလေးတွေ ရှိခဲ့ကြသည်။ ယင်း ထူးခြားမှုလေးတွေကို တော်လှန်ရေး တာဝန်ကျရာ အခန်းကဏ္ဍ ထမ်းဆောင်ကြရင်း မေ့၍မရသည့် အဖြစ်အပျက်တွေ ပြန်ပြောင်းအောက်မေ့မိသည်၊ ငေးမောရင်း စိတ်ထဲ ခံစားမှုလေးတွေ ရင်ထဲ ရောက်ရှိလာသည်။ ခံစားမှုတွေ ပြီးဆုံးသော နောက်ကွယ်တွင် သူတို့ ကျနော့်အနားမှာ မရှိကြတော့။ ထိုအခါ သူတို့၏ ရုပ်ပုံတွေ ပြန်ပြောင်းအောက်မေ့ မြင်ယောင်မိရသည်။

စစ်ကြောင်းက ကေအန်ယူ တပ်မဟာ(၂)၊ မုန်းခရိုင်၊ အင်တိုင်း တောစပ်များတွင် ရှေ့တန်း တာဝန်ယူနေရသည်။ သပြေတန်း၊ ဗရာဏသီ၊ သရက်တန်း၊ လှည်းလမ်းကူး၊ ဇရပ်ကြီး စသည့်ဒေသများနှင့် လေးနာရီဝေးသည့် အရှေ့တောင် တောစပ်တွင် လုံခြံုရေးအထူး သတိရှိစွာ လှုပ်ရှားမှုပြုရသည်။ ကျနော်တို့ စစ်ကြောင်းကို ဦးဆောင်သူမှာ တပ်ရင်းမှူး ရဲဘော်ဆန်းလင်း ဖြစ်သည်။ အောက်ကွင်း ယူဂျီ( မြေအောက် အလုပ်အဖွဲ့ ) ကိစ္စနှင့် တောင်ခြေသို့ လျှိ့ဝှက်ဆင်းသွားပြီး စစ်ကြောင်း၌ ရဲဘော်ရဲနိုင်ကို ယာယီ တာဝန်ယူထားရန် ညွှန်ကြားထားခဲ့သည်။ ကျနော်တို့ စစ်ကြောင်းနှင့်အတူ မဟာမိတ် စစ်ကြောင်းမှူးမှာ ဗိုလ်ဂျောမေ ဟုသိရသည်။ ကျနော်တို့နှင့် မဟာမိတ် ပူးပေါင်း စစ်ကြောင်းသည် ရှီဂိုလာ တောင်ကျောကုန်းပေါ်တွင် စခန်းချကြသည်။ ရှီဂိုလာတောင်၏ အနီးအနားပတ် ဝန်းကျင်တောင်များထက် စာလျှင် အမြင့်ဆုံးတောင်ဟု ခန့်မှန်းရသည်။ ရေကလည်း ရှားသည်။ စခန်းချသည့် နေရာ၏ညာဘက် မျက်စောင်းထိုးတွင် – ခဲတဲ – ဟုခေါ်သော ကရင်ရွာကလေး တရွာတွေ့ရသည်။ အနောက်ဘက် မျက်စောင်းထိုးတွင် တောင်ငူ၊ ထန်းတပင်၊ ဇရပ်ကြီး စသည့်မြို့ပြများကို မှိုင်းပြပြ မြင်နေရသည်။ ရှီဂိုလာနှင့် တံဘိုးထမ်း ခပ်လှမ်းလှမ်းတွင် တိပ်ပု ဆိုသည့်နတ်စား ကရင်ရွာလေး တရွာရှိသည်။ ညဘက်ရောက်သော အခါ တောခေါ်သံလားဟု ထင်ရလောက်သော လေတိုက်သံကြီးမှာ ကျောကို စိမ့်သွားမတတ် ခြောက်ခြားမိသည်။ အိပ်ဖန်စောင့် အဖြစ်တော့ ကင်းစောင့်ကြရသည်။

ခနော်နှီခနဲ့ ဆောက်ထားသော ဝါးတဲ ကိုယ်စီဆောက်ထားကြပြီး မြေကျင်းတူး၍ ထိုကျင်းထဲ ဝါးဆစ်ဗူးနှင့် ရေနွေးတည်၍ မအိပ်သေးခင် စကားစမြည် ပြောကြသည်။ စကားပြောကြရာတွင် ရဲဘော်ရဲနိုင်မှာ သရဲအကြောင်း၊ ရွာအကြောင်း အပြောကောင်း၍ ကျနော်တို့ မအိပ်နိုင်ပဲ နားထောင် ကောင်းကောင်းနှင့် နားထောင် နေမိ၏။ လာရောက် နားထောင်ကြသည့် အထဲတွင် ရဲဘော်သက်နိုင်ဝင်း(ဂေါက်ကြီး) လည်းပါသည်။ ဂေါက်ကြီးမှာ လူကောင်ကြီးသလောက် အကြောက်အလန့် သိပ်ကြီးသည်။ ရဲဘော်ရဲနိုင်မှ စုန်းမအကြောင်း၊ သရဲအကြောင်း ပြောရာတွင် ပုံသဏ္ဍာန်၊ မျက်နှာ အမူအယာ တထေရာတည်း ဖြစ်အောင် ပြောတတ်သည်။ ထိုအခါ ဂေါက်ကြီးမှာ နားရွက်မလှုပ်၊ အသက်ပြင်းပြင်း မရှုတမ်း နားထောင်နေသည်။ စကားဝိုင်း ကောင်းနေချိန်တွင် ရဲဘော်ရဲနိုင်က – တော်ပြီကွာ နောက်နေ့မှ ဆက်ပြောတာပေါ့ – ဟု ပြောပြီး ကိုယ့်တဲ ကိုယ်ပြန်ကြရသည်။ ဂေါက်ကြီး ကြောက်တတ်မှန်းသိ၍ အတည်ပေါက်နှင့် ပြောလိုက်သေးသည်။ မင်းတို့နဲ့ စကားပြောရင်း ငါ အပေါ့သွားတော့ ဂေါက်ကြီးတဲ ခြေရင်းက ဆံပင် ဖားယားကြီးလိုလို တွေ့လိုက်သလိုပဲ၊ ငါလည်း အပေါ့ မသွားရဲတာနဲ့ ဒီကိုပြန် လာတာဟု လှန့်ထားခဲ့သည်။

ဂေါက်ကြီးမှာ လူကလည်းများ ၊ ကြောက်လည်း ကြောက်၊ ဒီကြားထဲသူ့ကို ငကြောက်ဟု အပြောခံရမှာကို စိုး၍ မကြောက်ဘူး ဆိုသည့် ပုံစံနှင့် သူ့တဲသို့ ခြေသံ မကြားအောင် ပြန်လာပြီး အသက်ပြင်းပြင်းရှုပြီး မုဒုံစောင် ခပ်ပါးပါးကို ခေါင်းပူးခြံု၍ အိပ်မပျော်ပဲ အကြောက်ကြီးနေ၏။ ပြီးတော့ မနေနိုင်၍ သူ၏တဲဘေးမှ ရဲဘော် တယောက်ကို ဘေးမှ လူတွေမကြားအောင် – ဟေ့ကောင် သန်းဌေး၊ ငါ့အနားလာ အိပ်ပါလားကွ၊ ဆေးလိပ်နှစ်လိပ် တိုက်မယ်။ – အောင်မာ မင်းဖာသာမင်း အိပ်ပါလားကွ ဆိုယင် ထိုည ဂေါက်ကြီးအဖြစ် သရဲကြောက် ရောဂါနှင့် ကမာ္ဘပျက်မတတ် ကြောက်နေသည်ကို ကျနော်တို့ ဟာသ ဖြစ်နေခဲ့ရသည်။ တရေးနိုးတော့ လူငြီးသလို ငိုရှိုက်သံလို ခပ်ညင်းညင်း နားထဲကြားနေရသည်။ ဘယ်သူကမှ ဒီလောက်အေးတဲ့ အချိန် လာနောက်မည်မဟုတ် တကယ် သရဲများလား၊ ဟုတ်သေးပါဘူး၊ နပ်ချေးရှုံ့သံ၊ ပြီးတော့ အမေရေ သားကိုကယ်ပါဦး အဟီး ဟီး ။ ကျနော် မနေတတ်တော့ – ထိုအခါ ရင်ထဲတွင် ခံစားမှု ဘယ်လိုမှ မကောင်း ဂေါက်ကြီးကဲ့သို ့ဝမ်းနည်းမှု ကူးစက်နေမိသည်။

သူအိပ်နေသည့် နေရာသို့ ကျနော်ရောက်သွားပြီး နှစ်သိမ့်ပေးရင်း ရွှွေှနှင်းဆီ ဆေးလိပ်ကို ခိုးရှိုက်ဖွာရင်း မီးခိုးတွေကို မှုတ်ထုတ်နေရင်း အတွေးတွေ ဝေစီနေမိသည်။ မနက်ရောက်တော့ တပ်ရင်းမှူး အောက်ကွင်းမှ ပြန်ရောက်လာသည်။ ထိုကိစ္စ သိသွား၍ ထိုသို့ ဆော့ နောက်၍ မလုပ်ကြရန် တပ်ရင်းမှူးမှ ပြောပြီး ဒိုက်ဆယ်ချက် ထိုးခိုင်း၍ ရဲဘော်ရဲနိုင် ဒိုက်ထိုး လိုက်ရသည်။

နောက်တခု ရှိသေး၏။ တပ်ရင်းတွင် ဖြစ်သည်။ တပ်ရင်းမှာ ထိုအချိန်က သံလွင်ကမ်းဘေး သောလဲထတွင် ဖြစ်သည်။ ရဲဘော်ဆွေဦး သံလွင်မြစ်၌ ရေနစ်၍ အလောင်းကို လိုက်ရှာရာတွင် သူ့မွဲထ ဂိတ်စခန်းတွင် ဆယ်ယူရ ရှိသည်။ သူ့မွဲထ ဂိတ်မှာ အများအားဖြင့် မူဆလင် ဘာသာဝင်များ နေထိုင်ကြသည်။ အလောင်းကို သွားယူကြသည့် သူများမှာ ရဲဘော်မုတ်ဆိတ်နှင့် ရဲဘော်မြင့်လွင်(ကော်လာသူး) ဖြစ်သည်။ ထိုနှစ်ယောက်မှာ မွတ်ဆလင်များနှင့် အလောင်းကို လုနေရသည်။ ရွာသားများ ရေနစ်သူမှာ မိမိတို့ မူဆလင်အမျိုး ဖြစ်၍ အစ္စလမ်ဘာသာ ထုံးတမ်းအရ သူတို့ ကိုယ်တိုင် သဂြင်္ိုလ်မည်ဟု ပြောကြသည်။ အလောင်း သွားယူသည် နှစ်ယောက်မှာလည်း မူဆလင် ရုပ်ပေါက်နေသည်။ ရေနစ်သေသူ ရဲဘော်ဆွေဦး၏ မျက်နှာပေါက် ကလည်း မူဆလင် ရုပ်ပေါက်သည်။ အမှန်က ရဲဘော်ဆွေဦးမှာ တောင်ငူဇာတိ ခပေါင်းတံတား အနီးတွင် နေသူဖြစ်သည်။ လူမျိုးမှာ ဗမာလူမျိုးဖြစ်သည်။ ထိုပြဿနာ အတော်ကလေး ဖြေရှင်း ယူလိုက်ရသည်။ အလောင်းကိုမနည်း တောင်းပန်ပြီး တပ်ရင်းသို့ ပြန်သယ် လာခဲ့ကြသည်။

အလောင်းက ကြာကြာထား၍ မရသောကြောင့် အာဇာနည် ဗိမ္မာန်တွင် သဂြိုလ် လိုက်ရသည်။ ရေနစ်သောသူ အိပ်သည့်နေရာ ဖြစ်သော ဘားတိုက်တွင် သူ့နေရာလေး၌ သူ့အကျင်္ီစလေး ခေါက်ထားပြီး ထမင်း တပန်းကန်၊ ရေတခွက်၊ ပန်းတအိုး၊ ဖယောင်းတိုင်များ ထွန်းညှိထားကြသည်။ ထိုည ဘားတိုက်ပေါ်တွင် ရဲဘော်တချို့ မအိပ်နိုင်ပဲ ဇယ်တောက်ခုံ၌ ရေအဝ သောက်ကြေး တောက် ကစားကြသည်။ ထိုအထဲတွင် ဂေါက်ကြီးလည်း ပါသည်။ ဂေါက်ကြီးမှာ ဇယ်တောက်တမ်း ကစား၍ မကြာခဏ ရေသောက်ရသည်။ နောက်ဆုံး လောင်ကြေးမှာ ရေအခွက်ပေါင်း နှစ်ဆယ့်ငါးခွက် ကြေးဖြစ်သည်။ တပ်ရေး ဗိုလ်ကြီးမှ – ဂေါက်ကြီးကွ တဂေါက်ထဲရှိတယ်၊ မင်းတို့ကို မကြောက်လို့ ဇယ်တောက်တာကွ ဟု မြောက်ပေးသည်။ ဂေါက်ကြီးကလည်း ရင်အုပ်ကြီးကို ဖွင့်ကော့ထားပြီး – ပေးစမ်းရေပုန်း ဟုဆိုပြီး ပုံးထဲမှ ရေတွေ တခွက်ပြီးတခွက် ရှုံးတိုင်း လှိုင်လှိုင် သောက်နေတော့သည်။

ဂေါက်ကြီးကြည့် လည်းလုပ်ဦး ဆွေဦးက ရေနစ်လို့ သေတယ်၊ မင်းကျမှ ရေသောက်လို့ ကျော်မကောင်း ၊ ကြားမကောင်း ဖြစ်ကုန်ဦးမယ်! ဟုဆိုတော့ ဂေါက်ကြီးက ခင်ဗျားတို့ ကျုပ် အခွင့်အရေးကို မချိုးဖောက်ပါနဲ့ ကျုပ်မှာ သောက်ဖို့ အခွင့်အရေးရှိတယ် ဟုဆိုပြီး ဆက်သောက် နေတော့၏။ ပုံးထဲမှ ရေမှာ သုံးပုံတပုံခန့် ကျန်တော့သည်။ ဂေါက်ကြီး၏ ဗိုက်မှာ ရေတွေ သောက်ထား၍ ဖောင်းကားနေ၏။ ရေအခွက်စေ့ သွားပြီး မကြာလိုက် ဂေါက်ကြီးမှာ အင်တင်တင်၊ ဂင်တင်တင် မအီမလည် ဖြစ်ကာထပြီး ဘားတိုက်ဘေး၌ ခါးဝက်သာသာ ကာရံထားသော ပျဉ်ကာပေါ်သို့ သူ၏ ဗိုက်အိုးကြီးတင်ပြီး ဖိချလိုက်ရာ ရေတံလျှောက်မှ ရေတွေ ကျနေသလား အောက်မေ့ရသည့် ရေတွေ အန်ချလိုက်ပုံ ဆည်ရေဖေါက်ချလို့ တမံတုတ် မမှီသည့်ပုံ၊ မကြာပါ ထိုနေရာတွင် အာဂ ဂေါက်ကြီး ပျော့ခွေသွားသည်။ ရဲဘော်များက သူ့အိပ်ရာရှိရာသို့ ရွေ့မ၍ပို့ပေးကြသည်။

တရေးနိုးလျှင် ဂေါက်ကြီး ထမင်းဆာတတ်မှန်း သိ၍ ရဲဘော်ဒဿက ၂မိနစ်ခန့် လျှောက်၍ သွားရသော ထမင်းစားဆောင် သွားရာလမ်းတွင် ကြိုတင်စောင့်နေ၏။ ဂေါက်ကြီး မှာ သုံးတောင်ထိုး ဓာတ်မီးကြီးထိုး၍ ဘားတိုက်ပေါ်မှ ငေါက်စိုက ်ငေါက်စိုက်နှင့် စားဖိုသို့့ဝင်စဉ် လမ်း၌ ရုတ်တရက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းတွေကြီး၊ မျက်လုံးတွေ ကျယ်သွားသည်။ ဂေါက်ကြီး ကြောက်ကြောက်နှင့် ဓာတ်မီးထိုးကြည့်ရာ လူနှင့်လည်းမတူ၊ ခွေးနှင့်လည်းမတူ၊ ဇဝေဇဝါ ဖြစ်နေသော မျက်စေ့ကို သေချာပွတ်သပ်၍ ထပ်ကြည့်ပြန်ရာ ကိုယ့်ရို့ကားယား ပုံကြီးကိုကြည့်ပြီး ပါးစပ်ပြဲကြီးနှင့် အသံကုန်အော်ကာ အမေလေးဗျ – ကယ်ကြပါဦး- သ – သရဲ၊ အဲ…လေ ဟုတ်ဘူး-ဖင်ကြီး- ဖင်ကြီး။ ဂေါက်ကြီး အော်သံကြားရ၍ ဘားတိုက်ပေါ်မှ ဇယ်တောက် နေကြသော ရဲဘော်များ ပြေးဆင်းလာကြသည်။

ဘာဖြစ်တာလဲ – ဂေါက်ကြီး – ဆွေဦး (ရေနစ်သေဆုံးသူ) ကိုတွေ့လို့ လား?

ဟုတ်ဘူး – ဟ – ဟိုမှာ ဖင်ကြီး၊ အဲဟုတ်ဘူး – ဟုတ်ဘူး

နောက် လူများလာတော့ အကြောက်ကင်းပြီး အမြင်ရှင်းသွားပုံ ရသည် အေပေး ဒဿ ငါ့ကိုနောက်တယ်။

ဒဿမှာ ခွက်ထိုးခွက်လန် ရယ်၍ မဆုံးဖြစ်နေသည်။ ဂေါက်ကြီး ကြောက်တတ်မှန်း သိ၍ ဒဿမှ လန်ကွပ်တီနှင့် ဂေါက်ကြီးလာမည့် လမ်းဘက်သို့လေးဘက် ထောက်၍ အမှောင်ထဲမှ ပြထားသောကြောင့် ဂေါက်ကြီးအော်သံက သရဲဖြစ်လိုက် ဖင်ဖြစ်လိုက် ဖြစ်၍ နေတော့သည်။

ထိုဖြစ်ရပ်တွေကို စဉ်းစားရင်း ယခုဂေါက်ကြီး ဘယ်မှာများ ရောက်နေသလဲ စုံစမ်းမေးမြန်း ကြည့်တော့ သရဲကြောက်သူ သူဟာ တပ်မဟာ(၆) နယ်မြေက ရွာတရွာမှာ ခရစ်ယာန် ဓမ္မဆရာတယောက် ဖြစ်နေတယ်ဟု ကြားရ၍ အံ့ဩ၍ မဆုံး ဖြစ်နေမိသည်။ တကယ် ဓမ္မဆရာ ဆိုရင်တော့ လေးစားနေမိမှာ အမှန်ပါ။ တကယ်မဖြစ်ပဲ သူဟာ မရှိတော့ဘူး ဆိုရင်တော့လည်း စာရေးသူတို့ သူ့ကို ယခင်က တိုင်းပြည်အတွက် စွန်လွှတ် စွန့်စားခဲ့ကြတဲ့ ရဲဘော်ရဲဘက် စိတ်တွေနဲ့ ဆက်လက် ရှာဖွေနေမိဦး မှာပါ။

ကျည်ဝေဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here