လာအို ဆီးဂိမ်းတွင် မြန်မာ အလေးမအဖွဲ့ ရွှေတံဆိပ်ရရန် မျှော်လင့်နေ

alt

မြန်မာနိုင်ငံ အလေးမ အဖွဲ့သည် (၂၅)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ရန် မျှော်လင့် နေကြောင်း သိရှိရသည်။ လာအို နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဗီယန်ကျန်း တွင် ကျင်းပမည့် အရှေ့တောင် အာရှ၏

အကြီးကျယ်ဆုံး အားကစား ပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး မြန်မာ့အလေးမ အဖွဲ့မှ အမျိုးသား (၃)ဦးသည် (၅၆) ကီလို၊ (၆၉)ကီလို နှင့် (၇၇) ကီလိုတန်း များတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အမျိုးသမီး ပြိုင်ပွဲဝင် (၃)ဦးမှာမူ (၅၈) ကီလို၊ (၆၃)ကီလို နှင့် (၆၉) ကီလိုတန်း များတွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ရွှေ တံဆိပ် မျှော်လင့်နေကြောင်း သိရှိ ရသည်။ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲ အတွက် ရည်ရွယ်ကာ ဇန်နဝါရီလ ကတည်းက ပြိုင်ပွဲဝင် အားကစားသမား (၁၉)ဦးကို စခန်းသွင်း လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ အလေးမ အဖွဲ့သည် အားကစား သမားများ၏ တဦးချင်း စွမ်းရည် တိုးတက်စေရန် ဩဂုတ်လ အတွင်းက ရှန်ဟိုင်း အမျိုးသမီး အလေးမ အဖွဲ့နှင့် ပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့သေးပြီး၊ ထို့အပြင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ရေး ရည်မှန်းချက်ဖြင့် တရုတ်နည်းပြ တဦးကို ငှားရမ်းကာ အပူတပြင်း လေ့ကျင့်ထားကြောင်း သိရှိရသည်။

မြန်မာ အလေးမအဖွဲ့သည် (၂၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု နှင့် ကြေးတံဆိပ် (၁)ခု တို့ကို ဆွတ်ခူး နိုင်ခဲ့သော်လည်း ထိုင်း နိုင်ငံတွင် ကျင်းပသည့် (၂၄)ကြိမ်မြောက် ပြိုင်ပွဲတွင်မူ ဆုတံဆိပ် တခုမှ မရရှိခဲ့ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here