ဖမ်းဆီးရမိသည့် တာလီဘန် အကြမ်းဖက်သမား အိုစမာဘင်လာဒင်နှင့် တွေ့ဆုံခဲ့ဟု ဆို

alt

ပါကစ္စတန် အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသည့် တာလီဘန် အကြမ်းဖက် သမားက ၎င်းသည် ယခုနှစ် အစောပိုင်း က အိုစမာဘင် လာဒင်နှင့် တွေ့ဆုံခဲ့ ကြောင်း ၀န်ခံပြောဆို လိုက်သည်။

အမေရိကန် ထောက်လှမ်းရေး ဌာနက အမည်ဖော်ပြခြင်း မရှိသော ယင်း တာလီဘန် တပ်ဖွဲ့ဝင်၏ ထွက်ဆိုချက် ကို အတည် မပြုနိုင်သေးသော်လည်း အသေးစိတ် စုံစမ်းမှုများ ပြုလုပ်သွား မည်ဟု ပြောကြားခဲ့သည်။

အမေရိကန် နှင့် ပါကစ္စတန် တို့သည် ပါကစ္စတန် နှင့် အာဖဂန်နစ္စတန် နယ်စပ်အနီး သောင်းကျန်းနေသည့် တာလီဘန် အကြမ်းဖက် တပ်ဖွဲ့များအား ပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ် နေဆဲ ဖြစ်သည်။

ပါကစ္စတန် စစ်တပ်က ဖမ်းဆီးခံရသည့် အကျဉ်းသားက ယင်းသည် ယခုနှစ်၏ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ တလ လအတွင်း ဘင်လာဒင်အား တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ၎င်းသည် (၂၀၀၁) ခုနှစ်၊ နယူးယောက် WTC အမြွှာမျှော်စင် တိုက်ခိုက်မှုကြီး နောက်ပိုင်း အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ကို အကြိမ် အတော်များများ မြင်တွေ့ခွင့် ရခဲ့ကြောင်း ပြောကြားသည်ဟု ဆိုသည်။

ဘင်လာဒင်အား တွေ့ဆုံခွင့် ရရန် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင် စီစဉ်ကြောင်း၊ ဘင်လာဒင်သည် အာဖဂန်နှင့် ပါကစ္စတန် နယ်စပ်တွင် (၂)ပါတ်မျှ (၃)ပါတ် အထိ ယခုနှစ် အစောပိုင်းတွင် နေထိုင် သွားခဲ့ကြောင်း ၎င်းက ဖြေဆိုခဲ့သည်။ ဘင်လာဒင်သည် တနေရာ ထဲတွင် နေထိုင်လေ့ မရှိကြောင်း၊ ယင်းသည် ဂါဇနီမှ ရောက်လာခြင်း ဖြစ်ပြီး ထိုမှ ပြန်ထွက် သွားချိန်တွင် မည်သည့်နေရာသို့ ဦးတည်နေသည် ဆိုကြောင်းကို မည်သူ့ကိုမျှ အသိ မပေးကြောင်း ယင်း တာလီဘန် တပ်ဖွဲ့ဝင်က အစစ် ခံထားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေးသည် ယခု ထွက်ချက်ကြောင့် ဘင်လာဒင် သေ၊ မသေနှင့် ပတ်သက်ပြီး ပိုမိုအတွေး ပွားစရာများ ဖြစ်လာရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here