ဆရာရန်ကုန်ဘဆွေရဲ့ ရွှေဝါပြည်

ဆရာရန်ကုန်ဘဆွေရဲ့ ရွှေဝါပြည် စာအုပ်အဖုံး

ဒီတခေါက် လူထုအသံ စာအုပ်စင်ကဏ္ဍ အတွက် စာအုပ်အညွှန်းအနေနဲ့ ဆရာ ရန်ကုန်ဘဆွေရဲ့ စိတ်ကူးယဉ်ပုံပြင် တပုဒ်ဖြစ်တဲ "ရွှေဝါပြည်" ဆိုတဲ့ စာအုပ်လေးကို ညွှန်းဆို တင်ပြပေးပါ့မယ်။

ပုံပြင်တပုဒ်လို့ စာရေးသူက သုံးနှုံးလိုက်တဲ့ အတွက် စာဖက်သူတို့အဖို့ စိတ်ထဲမှာ ဘဝင်မကျစရာ ဖြစ်သွားပါလိမ့်မယ်။ နောက်ပြီး … ဆရာ ရန်ကုန်ဘဆွေက ပုံပြင်ရေးသလား၊ ဆိုတာကိုပါ ပြန်မေးစရာ ရှိပါလိမ့်မယ်။

ဟုတ်ကဲ့ … ရေးပါတယ်။ ဆရာ ရန်ကုန်ဘဆွေက ပုံပြင်တပုဒ် ရေးပါတယ်။ အဲဒီပုံပြင်က လူကြီးများ ဖတ်ဖို့အတွက် ပုံပြင်တပုဒ်ပါ။ ဆရာ ရန်ကုန်ဘဆွေ ကိုယ်တိုင်က … "မေမေ့ ရင်ခွင်ထဲတွင် မျက်စိလေး ပေကလပ် ပေကလပ်နှင့် အင်း … လိုက်ရင်း ဇိမ်ရှိရှိ အိပ်ပျော်ရသလို မေမေ့ ရင်ခွင်နှင့် ဝေးခဲ့သော လူကြီးတွေအဖို့ ဇိမ်နှင့်မှီရင်း ၀မ်းလျားမှောက်ရင်း အရက်သောက်ရင်း ဇိမ်ရှိရှိ အတွေးနယ်ချဲ့ နိုင်သော လူကြီးတွေ အတွက် ကြေးမုံရိပ်လို ထင်နိုင်သည့် ပုံပြင်" ဟု … ထိုစာအုပ်နှင့် ပတ်သက်ပြီးလည်း ညွှန်းဆို ထားခဲ့သည်။

ထို "ရွှေဝါပြည်" စာအုပ်မှာ ဆရာ ရန်ကုန်ဘဆွေ ရေးသားခဲ့သော စာပေလက်ရာ များစွာထဲမှ လွန်စွာမှ ထင်ရှား ကျော်ကြားလှသော စာအုပ်တအုပ် ဖြစ်သည်။ ထိုစာအုပ်မှာ မြန်မာနိုင်ငံ "ဖ.ဆ.ပ.လ" အစိုးရနှင့် တော်လှန်ရေး ကောင်စီ တက်လာပြီး ဗိုလ်ချုပ်နေဝင်း အစိုးရတို့ကို လှောင်ပြောင် သရော် ရေးသားချက်ကြောင့် ပိတ်ပင် ခံထားရသော စာအုပ်တအုပ် ဖြစ်သည်။

ယခု မြန်မာ့စာပေ လောကတွင်လဲ ပြန်လည် မထုတ်ဝေတော့ သဖြင့် မူရင်းစာအုပ်မှာ လွန်စွာမှ ရှားပါးလှသည်။ ဈေးလည်း လွန်စွာမှ ကြီးမြင့်လှသည်။ ရှာဖွေဖတ်ရှုမည့် မိတ်ဆွေများအဖို့ စာအုပ် အဟောင်းဆိုင်များတွင် မိတ္တူကိုသာ ၀ယ်ယူ ဖတ်ရှုနိုင်တော့မည် ဖြစ်ပါသည်။

ထိုစာအုပ်ကို စာနယ်မြေပုံနှိပ်တိုက်မှ ထုက်ဝေခဲ့ပြီး၊ စာအုပ် ထုတ်ဝေသော ခုနှစ် သက္ကရာဇ် ကိုမူ မတွေ့ရှိရပါ။ စာအုပ်ထုတ်ဝေစဉ် ကတည်းက ရိုက်နှိပ်ထည့်သွင်း မထားခြင်း ဖြစ်နိုင်သည်ဟု စာရေးသူ၏ ထင်မြင်မိသည်၊ ခန့်မှန်း ယူဆချက်အရ ထိုစာအုပ်ကို ၁၉၆၂ – ၆၃ ခုနှစ်တဝိုက်တွင် ထုတ်ဝေခဲ့သည်ဟု မှန်းဆရသည်။

ဆရာ ရန်ကုန်ဘဆွေ ပုံပြင် စာအုပ်တွင် မြန်မာ ရှင်ဘုရင်ခေတ် လက်ထက်တော်ကြီးဟု ခေါ်ဝေါ်ကြသော မင်းတုန်း မင်းတရားကြီး လက်ထက်မှ တော်လှန်ရေး ကောင်စီခေတ် ဗိုလ်ချုပ်နေဝင်း အစိုးရတို့ လက်ထက်တိုင် မြန်မာ့နိုင်ငံရေး ခရီးကို ပုံပြင်ကားချပ် ပြု၍ရေးဖွဲ့ထား၏၊ မြန်မာပြည်ကိုလည်း ရွှေဝါပြည်ဟု ထိုစာအုပ်တွင် ပြောင်းလဲ သုံးနှုံးထားခဲ့၏၊ မြန်မာ့နိုင်ငံရေး သမိုင်းကို ဇာတ်အိမ်ကို ပုံပြင် သဖွယ်ပြု၍ သမိုင်းတွင် ထင်ရှားသော အခန်းကဏ္ဍ မှ ဦးဆောင်ပါ၀င် လှုပ်ရှားခဲ့သူများကို အမည်များ ပြောင်းလဲပြီး ပုံပြင်သဖွယ် ရေးသား ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်သည်။

ထိုစာအုပ်တွင် ထင်ရှားစွာ သိမြင်နိုင်သည်မှာ ဆရာရန်ကုန်ဘဆွေ၏ တိုင်းပြည် အပေါ်ထားရှိသော စေတနာ၊ တော်လှန်ရေး ကါလက အနစ်နာခံခဲ့သော စိတ်ဓါတ်၊ သူ့အတွေးခေါ် အဘိဓမ္မာ တို့ကို ထင်ရှားစွာ သိမြင်နိုင်သည်။ ဆရာ ရန်ကုန်ဘဆွေရဲ့ အဘိဓမ္မာ နှင့် နိုင်ငံရေး အယူအဆတို့ကို ကြိုက်နှစ်သက်သူ စာဖတ်ပရိသတ်များ အဖို့ တစိမ့်စိမ့် ဖတ်ရှုနိုင်မယ့် စာအုပ်တအုပ်လဲ ဖြစ်သည်။

နောက် ပုံစံတမျိုးနဲ့ ထူးခြားစွာ အရသာခံပြီး ဖတ်နိုင်တာ ကတောပ၊ ဆရာ ရန်ကုန်ဘဆွေက မြန်မာ့နိုင်ငံရေး သမိုင်းနယ်ပယ်မှာ ရှိတဲ့ ထင်ရှားသော ပုဂ္ဂိုလ်များကို ပုံပြင်သဖွယ်ပြုပြီး အမည်များ ပြောင်းလဲ ရေးသားထားတဲ့ အတွက် မြန်မာ့နိုင်ငံရေး ကားချပ်မှာ ထင်ရှားသော ပုဂ္ဂိုလ်များရဲ့ လုပ်ရပ်ကို သိထားသူ စာဖတ် ပရိသတ်များအဖို့ ဒီအမည်ဟာ ဘယ်သူ့ကို ပြောထားတာပါလိမ့်၊ ဒီအမည်ကတော့ ဘယ်ပုဂ္ဂိုလ်ကို ရည်ညွှန်းတာပါလိမ့်၊ ဒီစာကြောင်းလေး ကတော့ဖြင့် ဘယ်အစိုးရကို ဝေဖန် တိုက်ခိုက် ထားတာပါလိမ့် ..ဖြင်…တစိမ့်စိမ့်တွေးတော အရသာခံကာ ဖတ်ရှုနိုင်သော စာအုပ်ကောင်း တအုပ်ဖြစ်သည်။ အထူးခြားဆုံး အချက်ကတော့ ဆရာ ရန်ကုန်ဘဆွေက ကြိုတင်ပြီးတော့ နိမိက်ပြဟောဆိုချက် ထုတ်သွားတာလား မထင်တတ်ိပါဘူး။ ရွှေဝါပြည်ကြီးရဲ့ နောက် ဆုံး တိုင်းပြည်ပျက်ခန်း နိဂုံးကို ရေးသားခဲ့ပါတယ် ။

ရွှေဝါပြည်ကြီးမှာ ခေါင်းဆောင် အချင်းချင်း မညီမညွတ်ဖြစ်မှုကြောင့် ပြည်တွင်းစစ်ကြီး နောက်ဆုံးတွင် ဖြစ်ပွားခဲ့သည်။ ထိုပြည်တွင်း စစ်ကြီးကြောင့် နြူကလီးယား လှောင်ကန်ကြီးကို လက်နက်ကြီး တခုဖြင့် ပစ်ခတ်မိပြီး ထို နြူကလီးယား ကန်ကြီး ပေါက်ကွဲကာ ရွှေဝါပြည်ကြီး ပျက်စီး သွားခဲ့ရသည်။

ယခု တွေ့ရှိခဲ့ရသော ဘင်္ဂလား ပင်လယ်အော်ကြီးမှာ ရှေးယခင်က ရွှေဝါပြည်ကြီး တည်ရှိခဲ့သော နေရာဖြစ်သည်ဟု ရွှေဝါပြည်ကြီး၏ နိဂုံး၌ ရေးသားခဲ့သည်။

ယခုအခါတွင် မြန်မာပြည်တွင်လည်း နြူကလီးယား လျိူ့ဝှက်စီမံကိန်းအား လုပ်ဆောင်နေပါသဖြင့် ထိုရွှေဝါပြည်ကြီး၏ နိဂုံးအတိုင်း ဖြစ်လာမည်လားဟု တွေးဆရင်း ဒီစာအုပ်စင် ကဏ္ဍလေးအတွက် ဒီတလ ရေးသားတင်ပြ ညွှန်းဆို လိုက်ရပါတယ်။

ကိုကို 

LEAVE A REPLY

Please enter your comment!
Please enter your name here