အမေရိကန် Ford Hood စစ်စခန်း ပစ်ခတ်မှု တရားခံအား လူသတ်မှုဖြင့် စွဲချက်တင်

alt

အမေရိကန် နိုင်ငံ၊ တက္ကဆက် ပြည်နယ် Ford Hood နောက်တန်း စစ်စခန်းတွင် ရမ်းကား ပစ်ခတ်ခဲ့သည့် တပ်မတော် စိတ်ရောဂါကု ဆရာဝန်အား လူသတ်မှု အပါအဝင် စွဲချက်(၃၂)ခုဖြင့် တရားရုံးတော်တွင်

စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာ (၂)ရက်နေ့ ရုံးချိန်း မတိုင်မီ ကတည်းက ဗိုလ်မှူး ဒေါက်တာ နီဒယ်ဟာဆန် သည် စွဲချက်(၁၅)ခုကို တွေကြံုခဲ့ရပြီး ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ (၅)ရက် နေ့က စစ်စခန်း အတွင်းတွင် ဘုရားသခင်သာ ကြီးမြတ်သည် ဟု အဓိပ္ပါယ်ရသည့် အာရပ် ဘာသာစကားကို အော်ဟစ်ကာ ပစ္စတို နှစ်လက်ဖြင့် အနည်းဆုံး အချက်(၂၀)မျှ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များက ဆိုကြသည်။

ဟာဆန်၏ လက်ချက်ကြောင့် တပ်သားများနှင့် အရပ်သား ရဲတပ်ဖွဲ့ဝင်များ သေကြေဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆုံးတွင် ရဲတဦးက ၎င်းကို ဒဏ်ရာရအောင် ပစ်ခတ်ကာ အကြမ်းဖက်မှုကို နိဂုံးချုပ် ပေးလိုက်နိုင်ခဲ့၍ အခင်းပစ်ခတ်မှု ရပ်တန့်ခဲ့ရသည်။

ယခုအခါ ဟာဆန်အား စစ်ခုံရုံးတင် စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ပြီး ဖြစ်သည်။ အမေရိကန် စစ်တပ်သည် ပစ်ခတ်မှု ဖြစ်ပွားစဉ်က မူမှန် မဟုတ်သော ဟာဆန်၏ စိတ် အခြေအနေနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်သွားရန်လည်း ပြင်ဆင် ထားသည်ဟု ဆိုသည်။

၎င်း အခြေစိုက်တပ်မှ လာမည့် (၄၅)ရက် အတွင်း ဟာဆန်၏ စိတ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက် များကို ထုတ်ပြန် သွားမည်ဟုလည်း သိရှိရသည်။ ဟာဆန်သည် အပစ်ခံရသည့် ဒဏ်ရာကြောင့် ဆေးရုံတွင် အချိန်ပြည့် စောင့်ကြည့်ခြင်း ခံနေရသော်လည်း ယခုအခါ နာလန်ထ စပြုလာပြီ ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း ဟာဆန်၏ စိတ်သည် ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်နေကြောင်း စစ်ဆေး တွေ့ရှိမည်ဆိုပါက ၎င်းသည် သေဒဏ်ကို ရှောင်လွှဲနိုင်ဖွယ် ရှိကြောင်းလည်း လေ့လာသူများက သုံးသပ် ပြောဆိုထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here