မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုအတွက် တာဝန်ရှိသူ များအား အရေးယူပြီ

ခိုင်ရွှန်းလဲ့ရည်နှင့် သူမ၏ အမေ | Photo: snapshot-newsပြည်တွင်းရှိ သတင်း ဂျာနယ် များတွင် အကျယ် တဝင့် ရေးသား ဖော်ပြကြ ပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီး တို့ကို နို၀င်ဘာလ ၃၀ ရက် နေ့က စတင်ပြီး၊ မြန်မာ နိုင်ငံ ဆေးကောင်စီ က

စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်ခဲ့ကာ ယနေ့ နံနက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီ က ပြည်တွင်း ဂျာနယ် များအား ခေါ်ယူပြီး သတင်း ထုတ်ပြန် ပေးခဲ့ကြောင်း သိရှိရသည်။

စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ဆေးပညာဆိုင်ရာ အငြိမ်းစားပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ပြီး စုံစမ်း စစ်ဆေးမှုများကို သီတင်း တပတ်ကြာ ပြုလုပ်ခဲ့ကာ ယခုကဲ့သို့ အရေးယူခဲ့ကြောင်းလည်း သိရှိရသည်။

အသက် ၁၅နှစ် အရွယ် ၉တန်း ကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက် နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဝမ်း ဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးက အူ အတက်ရောင် ရောဂါဖြစ်နေသည်ဟု ပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက် နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမှုများ ပုဂ္ဂလိက ဆေးရုံများ နှင့် အစိုးရ ဆေးရုံများတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ယခု ပြည်တွင်း သတင်းဂျာနယ်များ၏ သတင်း ဖော်ပြမှုကြောင့် လူအများသိရှိခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို ဖေါ်ထုတ်ရာတွင်လည်း ပြည်တွင်း သတင်းဂျာနယ်များတွင် အခြေအနေနှင့် အချိန်အခါ အရ သက်ဆိုင်သူ မိသားစုဝင်များ ၏ အတည်ပြုချက် တခုကိုသာ ဖေါ်ပြနိုင်ခဲ့သော်လည်း၊ ယခုကဲ့သို့ ဖြစ်ရပ်မှန်များ သတင်းများအား ဆက်လက် ဖေါ်ပြနိုင်အောင်လည်း ကြိုးစားသွားမည် ဖြစ်ကြောင်း အမည်မဖေါ်လိုသော အဆိုပါဂျာနယ် အယ်ဒီတာတဦးက လူထုအသံအား  ပြောကြား သွားခဲ့သည်။

ကြေညာချက် အပြည့်အစုံ

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးဆေးခန်း တခုတွင် လူနာ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်

(၂-၁ဝ-၂ဝဝ၉)

(၁) ခွဲစိတ် ကုသခဲ့သော ဆရာဝန်ကြီးသည်

(က) လုပ်မှား ကိုင်မှား ဆုံးဖြတ်ချက် မှားခြင်း (Clinical Mistades)
(ခ) လူနာ လုံခြံုမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှု အားနည်းခြင်း (Preoperative and Post-operative Assessment )
(ဂ) တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းခြင်း (Responsibility and Accountability) တို့ကို တွေ့ရှိရပါသည်။

သို့ပါ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ကု ဆရာဝန်ကြီးအား ဆေးကုသခွင့်လိုင်စင် (၅)နှစ် ရပ်စဲရန် (De-licensing) ဆုံးဖြတ်သည်။

(၂) ယင်းဖြစ်စဉ်တွင် ပူးတွဲ တာဝန်ရှိခဲ့သော

(က) မေ့ဆေးဆရာဝန်
(ခ) ပထမ လက်ထောက်ခွဲ စိတ်ဆရာဝန်
(ဂ) သမားတော်ကြီး
တို့အားလည်း ပြင်းထန်စွာ သတိပေးရန် ဆုံးဖြတ်သည်။

(၃) ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် အထူးကု ဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ထိရောက်မှုနှင့် လုံခြံုမှုရှိသော စံနစ်နှင့် လုပ်ကိုင်ချက်များ အားနည်းနေသည်ကို တွေ့ရှိရသည်။

သို့ပါ၍ အဆိုပါ အထူးကုဆေးခန်းအား နောက်နောင် အလားတူကိစ္စများ မဖြစ်ပေါ်စေရန်

(က) ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်သည်။
(ခ) လုံခြံု စိတ်ချရ၍ အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု စံနစ် (Safe and competent health care system) ကို စီစဉ် ဆောင်ရွက်ထားရေး အတွက် သတိပေး ဆုံးဖြတ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here