အာဂျင်တီးနား အလှမယ်ဟောင်း တင်ပါးအလှ ခွဲစိတ်မှု ခံယူစဉ် သေဆုံးသွား

alt

အာဂျင်တီးနား နိုင်ငံ၏ အလှမယ် ဟောင်း ဆိုလန်ဂီ မက်ဂ်နာနို သည် တင်ပါးအလှ ခွဲစိတ်မှု တခု ပြုလုပ်ရင်း သေဆုံးသွားကြောင်း သိရှိရသည်။ အသက် (၃၈)နှစ်ရှိ ဆိုလန်ဂီသည်

သူမ၏ ခန္ဓာကိုယ် အလှအတွက် တင်ပါးကို တင်းရင်း ကျစ်လစ်စေရန် ခွဲစိတ်ရင်း အသက်ရှူမှု ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း အသက် မမီတော့ချေ။

နိုဝင်ဘာ (၂၉)ရက် နေ့က ကွယ်လွန် သွားသည့် အလှမယ် ဟောင်းတွင် (၈)နှစ် အရွယ် အမြွှာ ကလေးနှစ်ဦး ကျန်ရစ်ခဲ့သည်။ သူမသည် ဆေးရုံတွင် (၃)ရက်မျှ ကြာအောင် ဝေဒနာ ခံစား ခဲ့ရပြီးမှ သေဆုံးသွားခြင်းဟု မိတ်ဆွေ များက ပြောကြား ခဲ့ကြသည်။

သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည့် ဖက်ရှင်ဒီဇိုင်နာ ရောဘတ် ပီယေဇာ က ဆိုလန်ဂီသည် သူမ၏ တင်ပါးမှာ အလှအပ လျော့နည်း လာသည်ဟု ထင်မှတ်ကာ စိတ်ဖိစီးမှု ခံစားနေရပြီး သူမ၏ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းဖြစ်သော မော်ဒယ်ဘဝကို အဆုံးသတ် သွားမည်ကို စိုးရိမ်သဖြင့် ခွဲစိတ်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

ရောဘတ်က သူမသည် အလှအပ အတွက် အသက်စွန့် သွားရခြင်းဖြစ်ကြောင်း စိတ်မကောင်းစွာ ပြောဆိုခဲ့သည်။ ဆိုလန်ဂီသည် (၁၉၉၄)ခုနှစ်၊ အာဂျင်တီးနား မယ် အဖြစ် ရွေးချယ် ခံခဲ့ရသူဖြစ်သည်။ သူမသည် ကလေး နှစ်ဦးအား မီးဖွားပြီးချိန်က ရင်သား အလှအတွက် ခွဲစိတ်မှု ခံယူ ခဲ့သေးသည်။

ဆိုလန်ဂီသည် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း ဇာတိမြို့ ကော်ဒိုဘာမှ အာဂျင်တီးနား မြို့တော် ဗြူနိုအေးရီးသို့ တင်ပါးအလှ အတွက် ခွဲစိတ်ခံရန် ရောက်ရှိလာ ခဲ့သော်လည်း သူမ ချစ်ခင်သည့် ကော်ဒိုဘာသို့ ပြန်လာခွင့် မရနိုင်တော့ပေ။ 

အာဂျင်တီးနား နိုင်ငံသည် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှု အများဆုံး ပြုလုပ်သည့် နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့သောနှစ်က ခွဲစိတ်မှုပေါင်း (၅၀၀၀၀) ကျော် ပြုလုပ်ခဲ့ကြပြီး၊  ယင်းပမာဏသည် လွန်ခဲ့သည့် (၅)နှစ်နှင့် နှိုင်းယှဉ်ပါက (၆၀)ရာခိုင်နှုန်း များပြားလာခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here