အီရန် ရေပိုင်နက်တွင် ဖမ်းဆီးခံရသည့် ဗြိတိန် နိုင်ငံသားများ ပြန်လည် လွတ်မြောက်

alt

အီရန် နိုင်ငံမှ တပါတ်ကြာမျှ ဖမ်းဆီး ထားခြင်းကို ခံရသော ဗြိတိန်နိုင်ငံသား (၅)ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ကြေညာခဲ့သည်။

၎င်းတို့သည် ဘာရိန်း ရေပိုင်နက် အထင်ဖြင့် အီရန်နိုင်ငံပိုင် ပါရှန်း ပင်လယ်ကွေ့အတွင်း မှားယွင်း ၀င်ရောက်မိသဖြင့် အီရန် ရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှ လူမျိုး (၅)ဦးတို့သည် ဒူဘိုင်းတွင် ကျင်းပမည့် ရွက်လှေ ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ရေပိုင်နက် မှားယွင်း ၀င်ရောက်မိသဖြင့် အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။ အီရန်နိုင်ငံပိုင် ရေဒီယိုက ဒီဇင်ဘာ (၂)ရက်နေ့ နံနက်ပိုင်းတွင် ဗြိတိန် နိုင်ငံသားများကို ပြန်လွှတ်လိုက်ကြောင်း ကြေညာခဲ့သလို ဗြိတိန်ဘက်ကလည်း ယင်းသတင်း မှန်ကန်ကြောင်းကို အတည်ပြုခဲ့သည်။

အီရန် အစိုးရ၏ အာဏာအရှိဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဗြိတိန် နိုင်ငံသားများအား တရားမဝင် ပိုင်နက် ကျူးကျော်လာမှုကြောင့် ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့သည် မှားယွင်းမှု သက်သက်ဖြင့်သာ ရောက်ရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိသဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့သည်။

အသက်(၂၁)နှစ် အရွယ်ရှိ အိုလီဗာယန်းက ၎င်းတို့သည် အီရန် အာဏာပိုင်များ၏ စစ်ဆေး မေးမြန်းမှုများစွာကို ဖြေဆိုခဲ့ရကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ကံကောင်း ထောက်မစွာဖြင့် လွတ်မြောက်လာခြင်း အတွက် ကျေနပ်မိကြောင်း ယန်း က ဆိုသည်။ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ရွက်လှေစီး ဗြိတိသျှ (၅)ဦးအား ပြန်လွှတ်ပေးခဲ့သည့် အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ရှိကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

အီရန်သည် ယခင် ကတည်းက ဗြိတိသျှ လူမျိုးများအား ဖမ်းဆီးခဲ့သည့် သာဓက များရှိပြီး (၂၀၀၄) ခုနှစ်က ဗြိတိန် တော်ဝင်ရေတပ်မှ တပ်သား (၈)ဦးကိုလည်း အီရန် အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် နှစ်နိုင်ငံ အချင်းများမှုများ ဖြစ်ခဲ့ရသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here