အာဖဂန်နစ္စတန်သို့ အမေရိကန်စစ်သားများ ထပ်မံစေလွှတ်ရေး သမ္မတအိုဘားမား ဆုံးဖြတ်ဖွယ်ရှိ

alt

ဘာရက်အိုဘားမား သည် ၎င်း၏သမ္မတ သက်တမ်းတွင် ပထမဆုံး အကြိမ်အဖြစ် မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ချက် တခုကို ဒီဇင်ဘာ (၁)ရက် နေ့တွင် ချမှတ်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

အမေရိကန် သမ္မတသည် လူထုထောက်ခံမှုကို သိပ်မရတော့သည့် အာဖဂန်နစ္စတန် စစ်ပွဲအတွက် နောက်ထပ် အမေရိကန် စစ်သည် သောင်း ဂဏန်းမျှ ပို့လွှတ်သွားမည့် အမိန့်ကို ထိုနေ့တွင် ကြေညာရန် စီစဉ်ထားပြီ ဖြစ်သည်။

ဝါရှင်တန်မှ လာသော သတင်းများအရ အိုဘားမားသည် အာဖဂန်သို့ အမေရိကန်စစ်သည် (၃၀၀၀၀) မှ (၃၅၀၀၀)ကြား အထိ အင်အားဖြည့် ပို့လွှတ်သွားမည်ဟု သိရှိရသည်။ အိုစမာဘင်လာဒင် အား ဖမ်းဆီးနိုင်ရေး အတွက် သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်က စတင်ခဲ့သော စစ်ပွဲသည် (၈)နှစ်ကြာသည် အထိ အဆုံးမသတ် နိုင်သေးသလို စစ်သည်ကျဆုံးမှု အရေအတွက် များပြားလာခြင်း ကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

အိုဘားမား အနေနှင့် ရွေးကောက်ပွဲ ကာလက ၎င်းပြောဆိုထားသည့် အတိုင်း အီရတ်တွင် အမေရိကန်တပ်များ ရုတ်သိမ်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သော်လည်း လတ်တလော ဆုံးရှုံးမှုများကြောင့် အာဖဂန်သို့ စစ်တပ်များ တိုးမြှင့် ပို့ဆောင်ရေး အတွက် ဖိအားများ ကြံုနေရသည်။

သို့သော်လည်း သမ္မတသည် ဒီဇင်ဘာ (၁)ရက် နေ့တွင် ၎င်း၏ ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ပထမဆုံး ထုတ်ပြန် ကြေညာရန် စီစဉ်နေပြီ ဖြစ်သည်။ စက်တင်ဘာလ အတွင်း အိုဘားမားက အာဖဂန်သို့ တပ်များပို့ဆောင်ရေး စီမံကိန်းနှင့် စပ်လျဉ်းပြီး မိမိတို့သည် သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ကြောင်း၊ သို့သော်လည်း သမိုင်းဆိုသည်မှာ လက်တွေ့နှင့် ကွဲပြားကြောင်း၊ အမေရိကန်သည် မြစ်ထဲသို့ နှစ်ကြိမ်ဆင်းရန် မကြိုးစားကြောင်း၊ သို့သော်လည်း အာဖဂန်သည် ဗီယက်နမ် မဟုတ်သလို စစ်ပြုရသည့် ရည်ရွယ်ချက် မှာလည်း ကွဲပြားသဖြင့် စစ်တပ်များ တိုးမြှင့် ပို့လွှတ်သွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here