ဥရောပမှာ ခုန်ချကြရာဝယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ပြည်ပ နိုင်ငံတခုကနေ နော်ဝေကို ၀င်လာဖို့ကိစ္စက ဥရောပနိုင်ငံ တနိုင်ငံကို ရောက်လာပြီ ဆိုရင် လာရတာ အတော်လေး လွယ်သွားပါပြီ။ ဘာလို့လည်း ဆိုတော့ ဥရောပနိုင်ငံ အချင်းချင်း ဗီဇာမလိုပဲ လာရောက်ခွင့် သဘောတူထားလို့ပဲ ဖြစ်ပါတယ်။

နမူနာ အမြင်ရှင်းအောင် ပြောပြရရင် ဥေရောပ နိုင်ငံတခုကို ၀င်ခွင့် လည်ပတ်ခွင့်ရရင် လေကြောင်းလိုင်းက မဟုတ်ပဲ ကုန်းကြောင်းနည်းနဲ့ တခြားတနိုင်ငံကို စစ်ဆေးမေးမြန်းမှု မရှိသလောက်နဲ့ ၀င်လာနိုင်ကြပါတယ်။ လေကြောင်းနဲ့ ဥရောနိုင်ငံအချင်းချင်း တရားဝင် ဗီဇာမလိုပဲ လာခွင့်မရှိတဲ့ နိုင်ငံကလူ ရောက်လာမယ် ဆိုရင်တော့ လေဆိပ်နေပြီး နောက်ကြောင်း ပြန်ဖို့သာရှိပါတယ်။ နော်ဝေနိုင်ငံထဲ ရောက်လာကြပြီ ဆိုရင် လုပ်လေ့ရှိတာ နှစ်မျိုးရှိကြပါတယ်။ တချို့က တရားမဝင် ခိုးနေကြပြီး အလုပ်လုပ်ကြတယ်။ ပိုလန်နဲ့ အရှေ့ ဥရောပနိုင်ငံတွေ ဘက်က အဲလိုလုပ် ကြတာ များပါတယ်။ နောက်တမျိုးကတော့ နော်ဝေ နိုင်ငံထဲရောက်တာနဲ့ နိုင်ငံရေး ဒုက္ခသည်အဖြစ် လျှောက်ပြီး ခိုလှုံခွင့် တောင်းခံ လိုက်ကြတာမျိုးလည်း ရှိပါတယ်။ အလုပ်ခိုးလုပ်တဲ့ လူတွေအကြောင်း ဦးစွာ တင်ပြလိုပါတယ်။

ဒီလူတွေက နော်ဝေမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရင်လည်း နော်ဝေ အစိုးရက ငြင်းပယ်ခံရဖို့ သေချာသလောက် ဖြစ်ပြီး မိခင် လာရင်းနိုင်ငံကို ပြန်အပို့ခံရမှာ စိုးတာရယ်၊ ပြီးတော့ နော်ဝေနိုင်ငံမှာ တရားဝင် နေခွင့်ရမယ့် လမ်းကြောင်းအတိုင်း သွားရင် နော်ဝေ စကားသင်ရ၊ နော်ဝေက ချမှတ်တဲ့ စည်းကမ်းအရ ဟိုသင်တန်း တက်ရ၊ ဒီသင်တန်း တက်ရနဲ့ အလုပ်လုပ်ခွင့်က အနည်းဆုံး တနှစ်ကျော်လောက် စောင့်ရမှာ ဖြစ်တာတွေကြောင့် ငွေအမြန်ရပြီး မိခင်နိုင်ငံ ငွေအမြန် ပြန်ပို့ချင်တာတွေ ရယ်စတဲ့ အကြောင်း အမျိုမျိုးတွေကြောင့် တရားမဝင် နေကြ အလုပ်လုပ်ကြ ရတာများပါတယ်။ နော်ဝေနိုင်ငံထဲကို ခိုးဝင်လာကြတဲ့ သူအများစုဟာ တရားမဝင် အလုပ် လုပ်ကြရပြီဆိုရင် လုပ်အားခ ထိုက်တန်စွာ မရတတ်ကြပါဘူး။ ပုံမှန်အားဖြင့် နော်ဝေ အစိုးရက တရားဝင် သတ်မှတ်ထားတဲ့ တနာရီ လုပ်အားခ ၁၂၈ ခရိုနာကို မရကြပဲ အများအားဖြင့် ခရိုနာ ၆၀-၀န်းကျင်နဲ့ လုပ်ကြရတာ များပါတယ်။ တချို့တွေလည်း အလုပ်ရှင်နဲ့ အဆင်ပြေရင် ဒီထက် ပိုရကြတယ်လို့လည်း သိရပါတယ်။

နေထိုင်ဖို့ကတော့ သူတို့လူမျိုးတွေ နေတဲ့အိမ်မှာ အဆင်ပြေသလို အချို့က နေခ-စားခ ပေးလို့ဖြစ်စေ။ ပြေလည်မယ့် နည်းအမျိုးမျိုး သုံးပြီး နေထိုင်ကြတာ များပါတယ်။ တရားဝင် အိမ်ငှားနေဖို့တော့ အတော်မလွယ် ပါဘူး။ တရားဝင် အိမ်ငှားမယ်ဆိုရင် နော်ဝေနိုင်ငံထဲ တရားဝင်နေ ခွင့်ရှိတဲ့သူကသာ ငှားခွင့်ရှိပါတယ်။ အိမ် လခကိုလည်း ဘဏ်ကနေ တရားဝင် ဘဏ်အကောင့်ချင်း လွှဲသွင်းပေးကြရပါတယ်။ တရားမဝင် ၀င်လာ ကြပြီး တရားမဝင်လုပ် နေကြတဲ့တဲ့အတွက် နော်ဝေမှာ အဲလိုလူမျိုးတွေ ဘဏ်မှာ တရားမဝင် ပတ်စပို့ပြပြီး တရားဝင် ဘဏ်အကောင့် ဖွင့်ခွင့် မရှိပါဘူး။ ဒါကြောင့် တရားဝင် အိမ်ငှားခွင့် မရှိကြတာပါ။ ပြီးတော့ တခြား နစ်နာချက်တွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒါတွေ ကတော့ သူတို့ဟာ တရားဝင်နေခွင့်မရှိတဲ့ သူတွေဖြစ်တဲ့ အတွက် အစိုးရ အသိအမှတ်ပြု အသက် မွေးဝမ်းကြောင်း သင်တန်းမှန်သမျှ တက်ခွင့် မရှိကြပါဘူး။ ပတ်စပို့ သုံးပြီးလုပ်ရမယ့် လုပ်ငန်းမှန်သမျှ ဘာမှ လုပ်ခွင့် မရှိကြပါဘူး။ အရှင်းဆုံး နမူနာပြ မြင်အောင်ပြောရရင် လေကြောင်းလိုင်းတွေနဲ့ ခရီးသွားချင်ရင် ပတ်စပို့သုံး လက်မှတ်ဝယ်ရမှာမို့ သူတို့တွေ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားခွင့် မရှိကြပါဘူး။ အဆိုးဆုံးကတော့ မကျန်းမာလို့ရှိရင် အစိုးရ ဆေးရုံတွေကို တရားဝင် ဆေးကုခွင့် မရှိပါဘူး။ အစိုးရဆေးရုံ တက်ရင် တရားဝင် နိုင်ငံကူးလက်မှတ်ဖြစ်စေ၊ နော်ဝေနိုင်ငံသား မှတ်ပုံတင်ဖြစ်စေ ပြနိုင်မှ ဆေးရုံက လက်ခံ ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် ကုမယ်ဆိုရင်တော့ သီးသန့်ကိုယ်ပိုင် ဆေးကုခန်းတွေမှာ ကုကြရတာ များပါတယ်။

ကျွန်တော့် လက်တွေ့ဖြစ်ရပ်တခုနဲ မြင်သာအောင် ပြောရရင် ၂၀၀၇ တုန်းက အူ အတက်ရောင်လို့ ကျွန်တော့် မိတ်ဆွေတယောက် ဆေးရုံ တက်ရရှာပါတယ်။ သူ့ကုတင်ဘေးမှာ အင်္ဂလန် နိုင်ငံသားတယောက် ဗိုက် အောင့်လို့ဆိုပြီး လီလီဟမ်းမားမြို့ကနေ လွှဲစာနဲ့ တက္ကစီတစီးကာ ယော်ဗစ်မြို့ဆေးရုံကို ရောက်လာပါတယ်။ ဆေးရုံကနေ သူ့ကို နေရာချထားပေးပြီး လိုအပ်တဲ့ အထောက်အထားတွေ တောင်းပြီး လူနာ မှတ်ပုံတင်စာရင်း တင်သွင်းရာမှာ သူက နော်ဝေကို တရားမဝင် ၀င်ရောက်လာပြီး တရားမဝင် အလုပ် လုပ်နေတဲ့သူ ဖြစ်နေလို့ ပြီးတော့ ၀င်ငွေခွန် ပေးဆောင်ထားခြင်း မရှိလို့ ကုတင်သာ ပေးထားပြီး ဆေးကုသမှု မပေးသလို ဆေးရုံ စာလည်း မရရှာပါဘူး။ သူ့ကို သက်သာရုံပဲ လုပ်ပေးထားပါတယ်။ သူက ကျွန်တော်ကို လာမိတ်ဖွဲ့တော့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ ရောက်လာကြကြောင်း ရှင်းပြတော့ သူမြန်မာနိုင်ငံကို သိကြောင်း။ သူ့အဖိုးက တချိန်က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံမှာ အမှုထမ်းခဲ့ဖူးကြောင်း ရှင်းပြပါတယ်။ သူက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေ သူသိကြောင်း၊ တချို့ကို ပြောပြတော့ ကျွန်တော်တို့အဖွဲ့နဲ့ မိတ်ဆွေဖြစ်သွားပြီး အဖွဲ့ကျ သွားပါတယ်။ နောက်တော့ ဆေးရုံမှာ အစာလာပို့တဲ့ ၀န်ထမ်းက ထိုင်းအမျိုးသမီး ဖြစ်နေတော့ အကျိုး အကြောင်းရှင်းပြပြီး ပိုတဲ့ အစာတွေထဲက အချို့ကို ပိုယူလာပေးဖို့ ရှင်းပြတော့ သူ့အတွက် အစားအသောက် အဆင်ပြေသွားပါ တယ်။ နောက် သုံးရက်လောက်ကြာတော့ သူလာတဲ့ လီလီဟမ်းမား ဆေးရုံကို တက္ကစီကားနဲ့ ပြန်ပို့ လိုက်ပါတယ်။ နောက်ဘာဆက်ဖြစ်လဲ မသိတော့ပါ။

အော်စလိုမြို့တော်ကြီးမှာ ဖြစ်သွားတဲ့ ဖြစ်တဲ့ ဖြစ်ရပ်ကတော့ တိုင်းသိပြည်သိ ဟိုးလေး တကျော်ဖြစ်သွားရတဲ့ ကိစ္စပါ။ ဖြစ်ရပုံက အာဖရိကတိုက်သား တရားမဝင် ၀င်လာတဲ့ သူတယောက် လမ်းကူးမလို့ မီးပွိုင့်မှာ စောင့်နေတုန်း လဲကျ သွားပါတယ်။ ဘေးမှာရှိတဲ့ သူ့ဇနီးက ဆေးရုံ အရေးပေါ်ကားကို လှမ်းခေါ်တယ်လို့ ဆိုပါတယ်။ တချို့ သူတွေက အရေးပေါ် ရဲဖုန်းကိုဆက်လို့ ရဲလည်း ရောက်လာပါသတဲ့။ သူ့ကို စစ်ဆေးကြည့်တော့ တရား မဝင် ၀င်လာတဲ့ သူတယောက်ဖြစ်လို့ ရဲနဲ့ ဆေးရုံအရေးပေါ် လူနာတင်ယာဉ်က ဒီအတိုင်းထားခဲ့ပြီး ပြန်လှည့် သွားကြပါသတဲ့။ သူ့ဇနီးက နော်ဝေနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးထားပြီး သူ့အမျိုးသားကတော့ မိသားစု ပြန်လည် ပေါင်းစည်းခွင့် မရခင် ခိုးဝင်လာပြီး တရားမဝင်နေသူ လို့ဆိုပါတယ်။ ခက်တာက နော်ဝေမှာ ခုန်ချတယ်လို့ခေါ်တဲ့ တရားမဝင် ၀င်လာပြီး ခိုလှုံခွင့်တောင်းသူတွေမှာ မိသားစုလိုက် တပြိုင်တည်းလာတာ မဟုတ်ရင်၊ ခိုလှုံခွင့်ရပြီးမှ မိခင်နိုင်ငံကလူကို ပြန်လက်ထပ်တာမျိုး ဆိုရင် အဲဒီသူက တရားဝင် ၀င်ငွေရှိတဲ့ အလုပ်ပြနိုင်မှ၊ လာမယ့် လူကို အစစအရာရာ တာဝန်ယူနိုင်မှ ခေါ်ခွင့်ပေးပါတယ်။ နောက်တော့ ဘေးမှာ ရှိတဲ့ သူ့ဇနီးက တက္ကစီငှားပြီး ဆေးရုံပို့ပါတယ်။ ဥပဒေနားလည်တဲ့ သူက အကြံပေး လို့ထင်ရဲ့။ နောက်တော့ ဇနီးသည်က ဆေးရုံရောက်မှ ရှေ့နေငှားပြီး စောစောက အရေးပေါ်လူနာတင် ယာဉ်မောင်းနဲ့ ရဲကိုတရားစွဲ ပါတော့တယ်။

အဲဒီသတင်းက နော်ဝေ သတင်းစာတွေမှာရော ရုပ်မြင်သံကြား ချာနယ်တွေမှာပါ သတင်း တက်လာတယ်။ နောက်တော့ ကျောင်းတွေမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ အငြင်းအခုန် လုပ်လာကြတယ်။ နော်ဝေလူမျိုးတွေနဲ့ နိုင်ငံရေး ခိုလှုံခွင့်ရထားကြသူတွေ ကြားမှာလည်း ဆွေးနွေးမှုတွေ သဲသဲလှုပ် လုပ်လာကြတယ်။ တချို့ကတော့ နော်ဝေနိုင်ငံထဲ ခိုးဝင်လာသူကို နော်ဝေ ဥပဒေအရ ဆက်ဆံရမှာ ဖြစ်တယ်လို့ ဆွေးနွေးသူတွေ လည်းရှိကြပါတယ်။ တချို့က သူ-နော်ဝေနိုင်ငံထဲကို ခိုးဝင်လာတာက တပိုင်း၊ လူ့အခွင့်အရေးအရ လူသားတယောက်ကို အသက်ဆက် ရှင်သန်ခွင့်ကို ကူညီရမှာက တပိုင်းဆိုပြီး တင်ပြကြတယ်။ နောက်တော့ နော်ဝေအစိုးရက လူ့အခွင့်အရေးအရ ကူညီမှု ပျက်ကွက်တဲ့အတွက် သူ့ဝန်ထမ်းတွေကို အရေးဖို့ တရားရုံးက ဆုံးဖြတ်ချက်ချတယ်လို့ သိရပြီး၊ နောက်ပိုင်း သက်ဆိုင်ရာက လူနာရှင်ကို တောင်းပန်တယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံထဲ ရောက်လာကြတဲ့ တရားမဝင် ၀င်လာသူတွေက အချိန်တိုအတွင်း ငွေရဖို့ တချို့က မူးယစ် ဆေးဝါးရောင်းဝယ်တာတွေ လုပ်ကြတာရှိပါတယ်။ တချို့က ခိုးဆိုးလုယက်တာ လုပ်ကြတယ်လို့ ဆိုကြတယ်။ တလောက တီဗွီ သတင်းမှာ ခိုလှုံခွင့် လျှောက်ထားဆဲဖြစ်သူ လူငယ်တွေက ကားတွေခိုးပြီး နှင်းတောထဲ ၀ှက်ထားတာ ကား ၅စီး ရှာဖွေတွေ့ရှိကြောင်း ရုပ်မြင်သံကြားက ကားတွေနဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ တချို့က ခိုလှုံခွင့်လျှောက်ထားဆဲ ကာလမှာပဲ ထောက်ပံ့ကြေးငွေနဲ့ မလောက်လို့ဆိုပြီး လမ်းဘေးမှာ တောင်းရမ်းတာတွေ လုပ်လာကြတာလည်း ရှိပါတယ်။ ကလားထလဲ-ဆိုတဲ့ အပတ်စဉ်စာစောင်မှာ ဆိုရင် အာဖရိကတိုက်သူ ၄ဦး ပြည့်တန်ဆာလုပ်ပြီး ညဦးပိုင်း လမ်းမပေါ်မှာ လူငယ်တွေ မြှူဆွယ်နေစဉ် ဖမ်းလိုက်ရကြောင်း ဖော်ပြထားပါတယ်။

အခုဆိုရင် နော်ဝေ နိုင်ငံသားတွေက ပြည်ပ နိုင်ငံသားတွေ အဝင်များလာလို့ နော်ဝေနိုင်ငံမှာ ရာဇဝတ်မှုတွေ ထူပြောလာကြောင်း ပြစ်တင်ဝေဖန် လာကြတာ ရှိလာပါပြီ။ နော်ဝေနိုင်ငံထဲမှာ တရားမဝင် ၀င်လာကြပြီး တရားမဝင် အလုပ်မျိုးစုံ လုပ်နေကြတဲ့ သူတွေကို သောင်းဂဏန်းချီပြီး ရှိနေပြီဖြစ်လို့ ရဲက လိုက်လံရှာဖွေ အရေးယူနေကြာင်း သတင်းတွေမှာ ဖော်ပြတာလည်း မကြာမကြာ ကြားနေရပါတယ်။ တရားမဝင် လာရောက်ပြီး ခိုလှုံခွင့်တောင်းရာက ပြည်တော်ပြန်ရတဲ့ အဖြစ်အပျက်တခုကို ပြောပြချင်ပါသေးတယ်။ သူတို့ကတော့ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်နိုင်ငံကပါ။ အသက်အားဖြင့် ၂၂ နဲ့ ၂၃ ၀န်းကျင်တွေ လောက်ရှိမယ့် ကောင်လေး ၂ ယောက်နဲ့ ကောင်မလေး ၂ ယောက်ပါ။ သူတို့က အလုပ်လုပ်ချင်လို့ ပွဲစားအားကိုးပြီး ပြည်ပ နိုင်ငံကို ထွက်လာကြတာပါ။ ဖြစ်ချင်တော့ သူတို့က အင်္ဂလန်ကို သွားချင်ကြတာ။ ပွဲစားက နော်ဝေက ပိုအခြေအနေ ကောင်းတယ်ဆိုပြီး ပို့လိုက်လို့ နော်ဝေမှာ ၂၀၀၇ – နှစ်ဆန်းပိုင်း လောက်က ခုန်ချပြီး နိုင်ငံရေးအရ ခိုလှုံခွင့် တောင်းကြရတာပါ။ ပွဲစားက နော်ဝေထဲမှာရှိတဲ့ လူခံကို ဆက်လုပ်ဖို့ အကူအညီတောင်းတော့ ကျွန်တော်တို့ နေတဲ့ ယော်ဗစ်မြို့ ကို ခုန်ချပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ပါလေရော။ လျှောက်ရာမှာ ပိုခိုင်အောင်ဆိုပြီး သူတို့ အသက်တွေကို ၁၆ နှစ် ဆိုပြီးပြတယ်။ ဒီတော့ သူတို့ကို နော်ဝေအစိုးရက အသက် ၁၈ နှစ်မပြည့်တဲ့ သူတွေဆိုပြီး နော်ဝေ အုပ်ထိန်းသူနဲ့ ထားတယ်။ ဘယ်သွားသွား အုပ်ထိန်းသူ အစောင့်ပါတယ်။ ကျောင်းတက် ခိုင်းထားပါတယ်။ ကျောင်းရောက်တော့ မြန်မာ ကျောင်းသားတွေနဲ့ သူတို့ကို အတူထားပါတယ်။

သိတယ်မဟုတ်လား။ မြန်မာနဲ့ တရုတ်တွေ့တော့ မြန်မာတွေထဲက တချို့က တရုတ်လို နားလည်တော့ တရုတ်လို နှုတ်ဆက်ကြ ခင်ကြပါရော။ နောက်တော့ တရုတ်တွေက သူတို့လည်း နော်ဝေစကား နည်းနည်းပြော တတ်လာရော သူတို့ အဖြစ်အပျက်ကို မြန်မာတွေကို ပြောပြပါလေရော။ သူတို့က နော်ဝေ ကျောင်းမတက်ပဲ အလုပ်ရနိုင်တဲ့နည်း ရှိ-မရှိ စ မေးတော့တာပါပဲ။ မြန်မာတွေထဲက တချို့က နော်ဝေ ရောက်တာ ၄ နှစ် ၅နှစ်လောက် ရှိနေပြီဆိုတော့ နော်ဝေအကြောင်း သိသင့်သလောက် သိနေကြပြီ ဆိုတော့ နော်ဝေ ဥပဒေနဲ့ စည်းကမ်းတွေ အကြောင်း ရှင်းပြကြပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာပါပဲ။

တရုတ် လူငယ်လေးတွေက ပြည်ပမှာ ငွေရှာဖို့ ရောက်လာကြတာ။ တယောက်ဆိုရင် တရုတ်ပြည်မှာ ဘွဲ့ရခဲ့ ပြီးသားတဲ့။ ကျောင်း ဆက်မတက်ချင်ကြောင်း၊ ဒီမှာ အလုပ်လုပ်လို့ မရနိုင်ရင် တခြား တနိုင်ငံတခုကို ကူးလို့ ရနိုင် မရနိုင် မေးပါတော့တယ်။ မြန်မာတွေက သိသလောက်ရှင်းပြတော့ သူတို့ နော်ဝေမှာ ဒီအတိုင်း ကျောင်းတက်နေပြီး ကျောင်းပြီးမှအလုပ် ရနိုင်မယ်ဆိုရင် နောင် ၅ နှစ်လောက် စောင့်ရဦးမယ်။ နော်ဝေ အစိုးရကတော့ ခိုလှုံခွင့် ပယ်ပြီဆိုရင် တရုတ်ပြည်ပြန်မဲ့ လေယာဉ်ပေါ် တင်လိုက်မှာပါ။ ဒီကြားထဲ ခိုလှုံခွင့်လျှောက်တာ အပယ်ခံရရင် ပြည်တော်ပြန် ရတော့မယ် ဆိုတော့ စဉ်းစားခန်း ၀င်ကြရပါပြီ။ နော်ဝေမှာ ဆက်နေကြ မရလား။ နောက်ဆုတ်ကြ မလား။ လမ်းရွေးကြရပါမယ်၊ ဖြစ်ချင်တော့ သူတို့ ရောက်လာကြပြီး တနှစ်လောက် အကြာမှာ နော်ဝေမြောက်ပိုင်းမှာ ခိုလှုံခွင့်တောင်းထားတဲ့ တရုတ် ၆ ယောက် နော်ဝေနိုင်ငံထဲမှာ ၅ နှစ်ကျော်တဲ့ အချိန်မှာ ခိုလှုံခွင့် မပြုပဲပယ်ချပြီး တရုတ်ပြည်ပြန် အပို့ခံရတဲ့သတင်း သူတို့ဆီ ရောက်လာပါတယ်။ တရုတ်ပြည်ဖြစ်ပေမယ့် တိဘက်ပြည်နယ် က လာတာဆိုရင် အဖြေက တမျိုးဖြစ်မှာပါ။ ကျွန်တော်တို့ မြို့ကို ရောက်လာကြတဲ့ ဒီတရုတ်လူငယ် ၄ယောက်က မြန်မာပြည်မှာ ရွှေ ၀ါရောင် တော်လှန်ရေးဖြစ်တဲ့ သတင်းကြားတော့ သူတို့ ကရွှေဝါရောင် တော်လှန်ရေးကို သူတို့ဆီမှာ ဖြစ်တဲ့ တိဘက်က အရေးအခင်းနဲ့ ထပ်တူထားပြီး မနှစ်မြို့ကြတာ တွေ့ရပါတယ်။

ဒီတော့ မြန်မာတွေက မင်းတို့ တိဘက်လာတာ မဟုတ်ရင် သူတို့လို ပြန်ရဖို့ ဖြစ်နိုင်တယ်။ မင်းတို့ တရုတ် ပြည်က ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်လို့ ကြေငြာထားတဲ့တယ်။ စီးပွါးရေးလည်း အရမ်းတိုးတက်နေပြီလို့ မင်းတို့ အစိုးရက ကြေငြာထားတော့ မင်းတို့ဝန်းကျင်က လူကြီးတွေ မေးမြန်းကြည့်ဖို့ လိုမယ်လို့ အကြံပေးကြတယ်။ အခုနော်ဝေ မြောက်ပိုင်းက ပြန်အပို့ခံရတဲ့ ဒီသတင်း အတိုင်းဆိုရင် သူတို့ရဲ့ နော်ဝေမှာ နေရေး၊ စီးပွါးရှာရေး ဟာ မသေချာတော့ပါဘူး။ ဒီတော့ တရုတ်လူငယ်တွေ ဖေဖော်ဝါရီ လကုန်မှာ ကျောင်းမတက်ကြတော ့ပါဘူး။ နော်ဝေက ပြန်ဖို့ ပြင်ကြပါတယ်။ အဲဒီထဲက ဖိန်းဆိုတဲ့ တရုတ်မလေးကတော့ သူ့ရှေ့ဆက် ဘာလုပ်သင့်လဲ မြန်မာတွေကို အသေးစိပ် တိုင်ပင်ပါတယ်။ သူမက ဘီဂျင်းမြို့ပေါ်ကပါ။ သူ့အမေမှာ အလုပ်ရုံတခုလည်း ပိုင်တယ်။ ပြီးတော့ စတိုးဆိုင်ကြီး တခုလည်း ပိုင်ပါတယ်။ သူက ကိုယ်ပိုင် စီးပွါးခွဲတခု ထောင်ချင်လို့ ပြည်ပနိုင်ငံ တခုခုကို ထွက်ခဲ့ရာက နော်ဝေကို ရောက်ခဲ့ကြောင်း ၊ သူ့နိုင်ငံပြန်ရင် သူကိုယ်တိုင်က ဘွဲ့ရပြီးသားဖြစ်လို့ သူ့မိဘ လုပ်ငန်းမှာ အုပ်ချုပ်သူ ဖြစ်နိုင်ကြောင်း၊ နော်ဝေမှာတော့ ပြည်ပနိုင်ငံသားတွေ လုပ်ရတဲ့ ထုံးစံအတိုင်း အောက်ခြေ အလုပ်တွေသာရဖို့ များကြောင်း၊ နော်ဝေ ပညာရေး ဆိုတာကလည်း နော်ဝေ ဘာသာရပ်ကို အားပြုပြီး သင်တာဆိုတော့ သူ ဘွဲ့ရဖို့ အတော်ခက်မှာ ဖြစ်တာရယ်။ ဘွဲ့ရဖို့ဆိုတာ အချိန်တွေ အများကြီး ကြာဦးမှာရယ်ကြောင့် သူလဲတခြား ၃ယောက်နဲ့အတူ ပြန်ရင်ကောင်းမယ် ထင်တယ်လို့ မျက်ရည်ဝဲရင်း ပြောပြရှာပါတယ်။ ဒါနဲ့ သူတို့တတွေ ၂၀၀၉ မတ်လဆန်းပိုင်း ပထမအပါတ်မှာပဲ တရုတ်ပြည်ကို ပြန်သွား ရရှာပါတယ်။ လေယာဉ်ပေါ် တက်ခါနီးမှာ ဖိန်းဆိုတဲ့ တရုတ်မလေးက အတန်းဖော် မြန်မာကျောင်းသူ ကျောင်း သားတွေကို တဦးချင်းစီ ဖုန်းနဲ့နှုတ်ဆက် သွားရှာပါတယ်။

အလားတူ ဖြစ်ရပ်တခု ကတော့ မြန်မာပြည်ကနေ နော်ဝေကို ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာ သင်္ဘောသား ၃ ဦးလည်း ပြန် နှင်ထုတ် ခံရကြောင်း ၂၀၀၈ နှစ်ကုန်ပိုင်းက ကြားသိရပါတယ်။ နောက်တော့ သူတို့ ဒိန်းမတ်မှာ ဆက်လက်ပြီး ခိုလှုံခွင့် တောင်းတဲ့ အကြောင်းသာ သိရပြီး နောက်ထပ် သတင်း မကြားရတော့ပါ။

နော်လီမိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here