အသက်၁၀နှစ် ကျောင်းသူအား မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် ဗြိတိန်ကျောင်းသား ထောင်ဒဏ်မှ လွတ်မြောက်

alt

အသက် (၁၁)နှစ်သာ ရှိသေးသည့် ကျောင်းသူလေး တဦးအား မုဒိမ်း ကျင့်ရန် ကြိုးပမ်းခဲ့သည့် (၁၅)နှစ်သား ဗြိတိန် ကျောင်းသားမှာ ထောင်ဒဏ်မှ လွတ်မြောက်သွားကြောင်း သိရှိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိန်းကလေး၏ မိသားစုက ဗြိတိန် တရားစီရင်ရေး ဥပဒေအား အားနည်း ညံ့ဖျင်းမှုများ ရှိနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့သည်။

တရားရုံးက ယခု သီတင်းပါတ် အတွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက် အတွင်း အမည်ဖော်ပြခြင်း မရှိသည့် ယင်း တရားခံ ယောက်ျားလေးအား အသက် ငယ်ရွယ် သေးသဖြင့် ငဲ့ညှာသော အားဖြင့် ထောင်မချဘဲ (၁)နှစ် အတွင်း သက်ဆိုင်ရာ လူကြီး၊ လူကောင်းများက ထိန်းသိမ်း စောင့်ရှောက်မှုဖြင့် ကောင်းမွန်စွာ နေထိုင်ရန် အမိန့် ချမှတ်ခဲ့သည်။

၎င်းသည် ကလေးမလေး ၎င်း၏ နေအိမ်အနီး ဆော့ကစားနေစဉ် တွန်းလှဲပြီး အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် မိန်းကလေးမှာ အလွန်ထိတ်လန့် ခြောက်ခြားနေကြောင်း သူမ၏ မိသားစုက ဆိုသည်။ တရားရုံးက သက်ဆိုင်ရာ တာဝန်ရှိသူ များအား (၁၅)နှစ် သားလေး၏ စိတ်အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် တာဝန် ပေးထားပြီး တရားခံနှင့် မိသားစုအား မိန်းကလေးနှင့် သူမ၏မိသားစုထံ ၀န်ချတောင်းပန်ရန် အမိန့် ချမှတ်ခဲ့သည်။

ဗြိတိန်နိုင်ငံ ဥပဒေအရ အရွယ် မရောက်သေးသည့် ကလေးငယ် တဦးကို မုဒိမ်းကျင့်ရန် ကြံစည်ခြင်းသည် ထောင်ဒဏ် တသက်အထိ အပြစ်ပေး နိုင်သော်လည်း ယခုကဲ့သို့ ထောင်ဒဏ် လုံးဝမချဘဲ လွှတ်ပေးလိုက်ခြင်း အပေါ် လုံးဝ မကျေနပ်ကြောင်း မိန်းကလေး၏ မိခင်က ပြောကြားခဲ့သည်။

သူမ၏ သမီးသည် ဘဝတလျှောက် လွှမ်းမိုးနေမည့် ထိတ်လန့်စရာ အိပ်မက်ဆိုး တခုကို အရွယ်နှင့် မမျှတစွာ ကြံုတွေ့ခဲ့ကြောင်း တရားရုံးသည် ထိုအခြေအနေကို အစာနာ မဲ့စွာ မျက်ကွယ်ပြု ခဲ့ကြောင်း အမည်ဖော်ပြခြင်း မရှိသည့် မိန်းကလေး၏ မိခင်က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here