ဖိလစ်ပိုင်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မသင်္ကာသူအား စွဲချက်တင်မည်

alt

နိုဝင်ဘာ (၂၃)ရက် နေ့က ဖြစ်ပွား ခဲ့သည့် ရွေးကောက်ပွဲ ဆန့်ကျင်မှု အစုလိုက် အပြံုလိုက် သတ်ဖြတ်မှုကြီး အတွက် အဓိက မသင်္ကာသူအား စွဲချက် တင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရ ရှေ့နေများက ပြောကြား လိုက်သည်။

ဒေသဆိုင်ရာ မြို့တော်ဝန် တဦး ဖြစ်သည့် အန်ဒယ်အန်ပါတွန် ဂျူနီယာ သည် ယခုအခါ မနီလာတွင် ဖမ်းဆီး ခြင်း ခံထားရပြီ ဖြစ်သည်။ ၎င်းသည် သက်ဆိုင်ရာ နယ်ပယ်တွင် နိုင်ငံရေးဩဇာ ကြီးမားသူ တဦးဖြစ်ပြီး ဖိလစ်ပိုင် ရဲတပ်ဖွဲ့က အနည်းဆုံး လူ(၅၇)ဦး သေဆုံးခဲ့သည့် အကြမ်းဖက် ပစ်ခတ်မှုကြီးအား အဓိက ကြိုးကိုင်ခဲ့သူ အဖြစ် ယူဆရကြောင်း ပြောဆိုထားသည်။

ဖိလစ်ပိုင် တောင်ပိုင်း မာဂွီဒါနာအိုတွင် အမတ်လောင်း တဦးအား ထောက်ခံသည့် မိသားစုများ၊ သတင်းထောက်များ ပါ၀င်သော ယာဉ်တန်းကို အကြမ်းဖက် သမားများက တားဆီးကာ တောထဲဖမ်းခေါ်ပြီး သတ်ဖြတ်ခဲ့မှုကြောင့် လူပေါင်းများစွာ သေကြေရသော အဖြစ်သည် ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းတွင် အညစ်ထေးဆုံး အကြမ်းဖက်မှုကြီး အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။

အန်ပါတွန် က ရဲများသည် ၎င်းအား မှားယွင်း ဖမ်းဆီးထားခြင်းသာ ဖြစ်ပြီး ၎င်းသည် ထိုကိစ္စနှင့် ပါတ်သက်ပြီး ဘာမှမသိကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် စစ်ဖက်ဆိုင်ရာ ရဟတ်ယာဉ် တစင်းနှင့်အတူ ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် လာရောက်ခဲ့သူ ဖြစ်သည်။ ရဲများအနေနှင့် မိမိအား မသင်္ကာကြောင်း သိရှိရပြီးနောက် မိမိသည် အပြစ်မရှိသဖြင့် ပုန်းအောင်းနေစရာ မလိုဟု ခံယူကာ ကိုယ်တိုင် လာရောက် အစစ်ခံခြင်းဟု အန်ပါတွန်က ပြောကြားခဲ့သည်။

သတင်းများအရ အန်ပါတွန် သည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်သည် ယာဉ်တန်းတွင် ပါ၀င်လာမည်ဟု ယုံကြည်သဖြင့် အကြမ်းဖက် သမားများအား ယင်း ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ရန် ခိုင်းစေခဲ့ခြင်းဟု မျက်မြင် သက်သေတဦးက ရဲတပ်ဖွဲ့ထံတွင် အစစ်ခံ ပြီးနောက် ရဲများက အန်ပါတွန်အား အဓိက မသင်္ကာသူအဖြစ် ခြေရာခံ ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here