မန်ယူကို စွန့်ခွာရန် စိတ်ကူးမရှိဟု ဗီဒစ် ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် အသင်းကို စွန့်ခွာသွားရန် စိတ်ကူး မရှိကြောင်း ဆာဘီးယား လက်ရွေးစင် ခံစစ်မှူး နီမန်ဂျာဗီဒစ် က ပြောဆိုလိုက်သည်။

၎င်း၏ ဇနီးသည် အင်္ဂလန်မြေတွင် မပျော်မရွှင် ဖြစ်နေသဖြင့် ဗီဒစ်မှာ အသင်း ပြောင်းရန် ပြင်ဆင်နေပြီ ဟူသော သတင်းများအား ၎င်းက ပယ်ချခဲ့ပြီး ယူနိုက်တက်တွင် ဆက်ရှိ နေမည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

အသက် (၂၈)နှစ်ရှိ ဗဟို နောက်ခံလူသည် ယူနိုက်တက်၏ ခံစစ်ကြောင်း အတွက် အရေးအပါဆုံး ကစားသမားလည်း ဖြစ်သည်။ ယခုအချိန်တွင် ဗီဒစ်ကို စပိန်ထိပ်သီး ဘာစီလိုနာ၊ အီတလီထိပ်သီး အေစီမီလန် တို့အပြင် ဥရောပ ကလပ်အသင်း အမြောက်အမြားက စိတ်ဝင်စားလျှက် ရှိနေကြသည်။

သို့သော်လည်း ဗီဒစ်က ယူနိုက်တက်တွင် ကစားရခြင်းကို ကျေနပ် ပျော်ရွှင်နေသဖြင့် အသင်းပြောင်းမည် မဟုတ်ဟု ဆိုသည်။ ထို့အပြင် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် နှောင့်နှေးနေခြင်းမှာလည်း ပြဿနာ မရှိကြောင်း၊ မကြာမီ အပြီးသတ် အဆင်ချော လိမ့်မည်ဟု ယုံကြည်ကြောင်း ဗီဒစ်က ပြောကြားခဲ့သည်။

ယူနိုက်တက်သည် လူငယ်များကို အခြေပြုကာ မျိုးဆက်သစ် အသင်းတခုကို တည်ဆောက်နေကြောင်း၊ ထိုအသင်းတွင် အစိတ်အပိုင်း တခုအဖြစ် ပါ၀င်ရခြင်းမှာ ၎င်းအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းလည်း ဗီဒစ်က ၀န်ခံခဲ့သည်။

ဗီဒစ်က အသင်းတွင် ပုံမှန်ခြေစွမ်း မရမှုနှင့် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်နေရသည့် အသင်းဖော်အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ရီယိုဖာဒီနန် ကိုလည်း ကာကွယ် ပြောဆိုခဲ့ပြီး မိမိနှင့် ဖာဒီနန်တို့သည် အတူတွဲ ကစားရသည့် အချိန်တိုင်း အကောင်းဆုံး ခြေစွမ်းပြနိုင်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here