မြန်မာနိုင်ငံသို့ စေတနာရှင် ကျွမ်းကျင်ဝန်ထမ်းများ တောင်ကိုရီးယား ထပ်မံစေလွှတ်မည်

alt

တောင်ကိုရီးယား အစိုးရသည် မြန်မာ နိုင်ငံတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စေတနာရှင် ကျွမ်းကျင် ၀န်ထမ်းများ ထပ်မံပို့လွှတ် သွားမည်ဟု သိရှိရသည်။

ကိုရီးယား နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ နည်းပညာနှင့် ကျန်းမာရေး ကဏ္ဍများ အတွက် စေတနာရှင် ကျွမ်းကျင်သူများ ပို့လွှတ်ပေးမည်ဟု နိုဝင်ဘာ (၂၃)ရက် နေ့က အတည်ပြု ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည်လည်း တောင်ကိုရီးယား နိုင်ငံသို့ အစိုးရ သစ်တောဌာန ၀န်ထမ်းများအား သစ်တော ထိန်းသိမ်းရေးဆိုင်ရာ ပညာတော်သင် လုပ်ငန်းများ အတွက် စေလွှတ် ခဲ့သေးသည်။ KOICA သည် ယင်း ၀န်ထမ်းများအား ဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ် ဆောင်ရွက်ကာ လာမည့် (၂)နှစ်တာ ကာလအတွင်း မြန်မာ့သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများ တိုးတက်လာစေရန် သင်ကြားမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

KOICA သည် (၁၉၉၇)ခုနှစ် နောက်ပိုင်း တောင်ကိုရီးယား စေတနာရှင် ကျွမ်းကျင်သူ (၁၀၄)ဦးကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး (၁၉၉၁)ခုနှစ် ကတည်းက မြန်မာနိုင်ငံ အစိုးရဌာနများမှ တောင်ကိုရီးယားသို့ ပညာတော်သင် လာရောက်ခွင့် ရသူ အရေအတွက်မှာ (၁၀၀၀)ကျော်သွားပြီ ဖြစ်သည်။

မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အစိုးရများသည် နည်းပညာ ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီထားပြီး တောင်ကိုရီးယား အစိုးရက ယင်းကိစ္စအတွက် KOICA အား တာဝန် ပေးထားသည်။ KOICA သည် မြန်မာ နိုင်ငံတွင် (၁၉၉၁)ခုနှစ် ကတည်းက ရုံးစိုက်ကာ သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်သော အကူအညီ အထောက်အပံ့ များအား ပေးပို့ပေးနေသည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here