တရုတ်ဟက်ကာ အန္တရာယ်ခြိမ်းခြောက် နေပြီလော !

ကမာ္ဘ့ အံ့ဘနန်း မဟာတံတိုင်းကြီးပေါ် အမေရိကန် သမတ ဘားရက်အိုဘားမား လမ်းလျှောက်အပြီး အိမ်ဖြူတော် အပြန်မှာ နှစ်စဉ်ပုံမှန် ကွန်ဂရက်လွှတ်တော်ကို တင်ပြနေကြ ဖြစ်တဲ့ အမေရိကန် – တရုတ် စီးပွားရေးနဲ့ လုံခြံုရေးရာ သုံးသပ်ချက် အစီရင်ခံစာမှာ တရုတ်ဟာ အာရှပါဝါ အဖြစ် ဆိုက်ဘာ နည်းပညာ စစ်ပွဲအတွက် ရင်းနှီးမြှပ်နှံမှုတွေ အကြီးအကျယ် ပြုလုပ်နေပြီး၊

သူလျှိုအသစ်တွေ စုဆောင်းမှုတွေလဲ အရှိန်တိုးမြှင့် လုပ်ဆောင်နေတယ် လို့ အမေရိကန် စစ်တပ်က ဝါရင့် ဗိုလ်မှူးကြီး ဂယ်ရီ မက်ဂလောင်မ် ပြောကြား လိုက်ပါတယ်။ ဒီ စုံစမ်းရေးမစ်ရှင် ကို ဦးဆောင်နေတဲ့ အမေရိကန် ကာကွယ်ရေး ဋ္ဌာနက စာမျက်နှာ ၃၆၇ ရွက်ရှိတဲ့ အစီယင်ခံစာမှာ ၂၀၀၈ ခုနှစ် တနှစ်ထဲမှာပဲ မလိုလားအပ်တဲ့ တရုတ်ဆိုက်ဘာ အနှောက်အယှက် ၅၄၆၄၀ လောက်ကို ရှာဖွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုတယ်၊ ဒါဟာ ဟိုယခင်အစောပိုင်း နှစ်တွေထက် စာယင် ၂၀ရာခိုင်နှုန်း တိုးမြင့်လာပြီး၊ ဒီကနေ ခြေရာခံရာက ယခုနှစ်မှာ အဆင့်များစွာ ခုန်တက်ပြီး ၆၀ရာခိုင်နှုန်း အထိ တိုးမြှင့် ထပ်မံတိုက်ခိုက် လာပါတယ်လို့ မစ်ရှင်ဥက္ကဋ္ဌ ဖြစ်သူ ကာရိုလင်း ဘာသိုလိုမြူ က ထပ်ဆင့် ပြောကြားလိုက်ပါတယ်။

ဒီဆိုက်ဘာ တိုက်ခိုက်မှုတွေက ကမာ္ဘ့ နေရာအနှံ့က လာတတ်ပေမဲ့ အဓိက လက်သည် တရားခံက တရုတ်ပါပဲ၊ ဒီလမ်းစကို ဘယ်က စရသလဲဆိုယင် တရုတ်မျိုးချစ် ဟက်ကာတွေက တရုတ်အစိုးရနဲ့ ဝါဒရေးရာ ကွဲပြားနေပြီး သဟဇာတ မဖြစ်တဲ့ နိုင်ငံရပ်ခြားရောက် အတိုက်ခံတွေ ကွန်ပြူတာကို ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွဲ တိုက်ဖျက်ရာ ကနေ သိရှိခဲ့ရတာပါ။ တရုတ်အတိုက်ခံတွေ အဆိုအရ ပြည်မကြီး အစိုးရဟာ မနာလို ရန်သို မုန်းတီးမှုတွေရှိပြီး အမေရိကန် ဆိုက်ဘာနည်းပညာ လောကထဲကို သူလျှိုတွေ၊ ဖျက်လိုဖျက်ဆီး အွန်လိုင်း ဆော့ဖ်ဝဲလ် တွေနဲ့ နှောက်ယှက် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မကြာသေးမီ ကာလဖြစ်တဲ့ အောက်တိုဘာလ ၁၄ရက်နေ့က တရုတ်နိုင်ငံ ဘီဂျင်းကိုသွားမဲ့ ရှီကားဂိုး အိုးလ်ဟာရယ် နိုင်ငံတကာ လေဆိပ်မှာ အမေရိကန် ဖို့တ်မော်တာ ကုမ္မဏီက ဝန်ထမ်းဟောင်း Mike Yu (aka) Xiang Dong Yu ( အသက်-၄၇နှစ်) ကို ဖမ်းဆီး လိုက်ပါတယ်၊ အမှုကတော့ ဒေါ်လာ ၂၄သန်းကနေ ၃၂သန်း တန်ကြေးရှိတဲ့ အမေရိကန် ဖို့တ် ကားကုမ္မဏီ ရဲ့ ကုန်သွယ်မှုဆိုင်ရာ ထိပ်တန်းလှို့ဝှက်ချက် စာမျက်နှာ ၄၀၀၀ လောက်ပါတဲ့ အထောက်အထားတွေ သူ့လက်တော့(ပ်) ထဲမှာ ရှိနေလို့ပါပဲ။ မိုက်ခ်ဟာ အမေရိကားမှာ တကိုယ်ရေ တကာယ ၂၂နှစ်တာ နေထိုင်ခဲ့သူ ဖြစ်ပြီး မီချီဂန်ပြည်နယ် ဝက်(စ်)လဲန်းမှာ နေထိုင်သူပါ၊ ဖို့တ်ကုမ္မဏီ ဝန်ထမ်းဟောင်း တယောက် ဘီဂျင်းအသွား သူ့ ကွန်ပြူတာထဲမှာ ဘာကြောင့် အယင် ကုမ္မဏီဟောင်း ထိပ်တန်း လှို့ဝှက်ချက်တွေ ပါသွားရပါသလဲ ဆိုတာ စဉ်းစားဖို့ မလိုပါလို့ ဗဟို အစိုးရ ထောက်လှမ်းရေးက ပြောဆိုလိုက်ပါတယ်။

နောက်သက်သေ တခုကတော့ ကနေဒါ အခြေစိုက် Information Warfare Monitor (IWM) သုတေသီ အဖွဲ့တခုက ၁၀လကြာ တရုတ်ဆိုက်ဘာ သူလျှိုတွေ လှုပ်ရှားမှုကို အင်တာနက်ဆိုင်ရာ သုတေသန ပြုထားတဲ့ ရလဒ်ကတော့ တရုတ်ရဲ့ ရန်သူတော်လို့ သတ်မှတ်ခြင်း ခံထားရတဲ့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို သူနဲ့ ပါတ်သက်နိုင်တဲ့ နိုင်ငံပေါင်း ၁၀၃ နိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိက ကွန်ပြူတာ စစ္စတမ်တွေကို Hack ထားခြင်း ခံရတယ်လို့ ဆိုပါတယ်၊ မတ်လ ၁၀ရက်နေ့ ထုတ်ပြန်တဲ့ IWM ကြေညာချက်မှာ တရုတ်ပြည် နယ်ခြားအနီးက အိန္ဒိယတောင်ပေါ်မြို့လေး ဖြစ်တဲ့ ဒရမ်းဆလာမြို့က အဝေးရောက် တိဗက် အစိုးရရုံးခန်းက ဒလိုင်းလားမားရဲ့ ကွန်ပြူတာ အသစ်ကြီးမှာ တရုတ် အပါအဝင် နိုင်ငံအတော်များများက IP လိပ်စာတွေနဲ့ တပါတ်ကို ဒါဇင်နဲ့ချီပြီး ဝင်ရောက်ခဲ့တဲ့ ခြေရာတွေ တွေ့ရှိတယ်လို့ စစ်ဆေးရေးမှူးတွေက ထုတ်ဖေါ်လိုက်ပါတယ်။

အထူးသဖြင့် ကတော့ ဒလိုင်းလားမားကို လက်ခံထားတဲ့ အိန္ဒိယနိုင်ငံက ကမာ္ဘအနှံ့ရှိ သံရုံးတွေက ကွန်ပြူတာတွေထဲ အဓိကထား ဝင်ကြည့်ပြီး အချက်အလက်တွေ ယူသွားတာ များတယ်လို့ ဆိုပါတယ်၊ တရုတ် ဟက်ကာတွေက သူတို့လိုချင်တဲ့ ကွန်ပြူတာ စစ္စတမ်တွေထဲကို အင်တာနက် ဝဘ်ပေ့ချ်တွေ ဖွင့်ယင်ပေါ်လာတဲ့ ကြော်ညာတွေလို ဆော့ဖ်ဝဲလ်ယားတွေ malware တွေနဲ့ ချိန်သားကိုက် တိတ်တဆိတ် သွင်းယူပြီး လိုချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို ဝင်ရောက် ရှာဖွေယူပါတယ်၊ လွန်ခဲ့တဲ့ နွေရာသီ မတ်လ ကုန်ပိုင်းလောက် ကပဲ Hack လုပ်ခဲ့ခြင်းခံရတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ ထိုင်း၊ နယ်သာလန်၊ တောင် ကိုရီးယား နဲ့ အခြားနိုင်ငံ များစွာကိုပါ။ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ လတ်ဗီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပင်း၊ အီရန်တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနတွေ အပါအဝင် အခြားသော ကွန်ပြူတာ အလုံးပေါင်း ၁၂၉၅ ရဲ့စစ္စတမ်တွေထဲ ဝင်ရောက်ခဲ့တယ်လို့ IWM သုတေသီတွေက ပြောပါတယ်။

ဒီလို ကျူးကျော်မှုတွေ တွင်တွင်ကြီး လုပ်နေတဲ့ တရုတ်ကို တိုက်ခိုက်မှုခံရတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ပြောရေးဆိုခွင့် ရှိသူက တရုတ်ရဲ့ GhostNet လို့ဆိုတဲ့ တိုက်ခိုက်မှုဟာ မည်သည့် နည်းပညာ အကာကွယ် ပေးထားတဲ့ စစ္စတမ်ကိုမဆို တရုတ်က ကျူးကျော်နိုင်တယ်လို့ ယိုးစွပ်လိုက်တယ်၊ ဒါကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနကလည်း ထပ်ဆင့် ထောက်ခံလိုက်ပြီး သူတို့ဟာ မည်သည့် အကာကွယ်မဆို လျှင်မြန်စွာ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဘီဂျင်း အစိုးရကတော့ ဒီဆိုက်ဘာ မှုခင်းအတွက် ခါးခါးသီးသီး ငြင်းဆန်နေခဲ့ပြီး အင်္ဂလန်က လန်ဒန် – တရုတ် သံရုံးကတော့ ရန်သူတော် ဒလိုင်းလားမားဟာ တရုတ်အစိုးရ အပေါ် နားလည်မှု လွဲမှားစေမဲ့ လုပ်ဆောင်မှုတွေ ကင်ပိန်း ပြုလုပ်နေတယ်လို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီအခင်း အဖြစ်အပျက်ကို ကမာ္ဘကျော် သတင်းဋ္ဌာန ဖြစ်တဲ့ စီအဲန်အဲန် သတင်းဋ္ဌာနက ဆာရာစင်ဒါ က ဒလိုင်းလားမားကို တွေ့ဆုံ မေးမြန်းရာမှာ

ကနေဒါ အခြေစိုက် သုတေသနအဖွဲ့ တွေ့ရှိချက် ရလဒ်တွေအရ တိဗက်အစိုးရ ( ပြည်ပ ) ကိစ္စနဲ့ ပါတ်သက်ပြီး အွန်လိုင်းကြော်ညာတွေ ပုံစံတွေလုပ်ပြီး တရုတ်ဟက်ကာတွေ Hack တာ ဘာပြောချင်ပါသလဲ ?

ဆိုတော့ ဘုန်းတော်ကြီးက ….

သူတို့တွေ ဘုန်ကြီးကို များများ ထောက်လှမ်းဖို့ လိုအပ်ပါတယ်လို့

… ရယ်မောစွာနဲ့ ဖြေဆိုပါတယ်၊ ဆက်လက်ပြီး စင်ဒါ က

ဒီဖြစ်ရပ် နောက်ကွယ်တွေမှာ တရုတ်အစိုးရ ပါဝင် ပါတ်သက်နေတယ်လို့ ထင်ပါသလား ?

… ဆိုတော့ ဘုန်းတော်ကြီးက

ပဒေ လျော့ရဲပြီး လူပေါင်းများစွာ နေထိုင်တဲ့ နိုင်ငံဆိုတော့ သူတို့ပါတယ် မပါဖူးဆိုတာ အတတ် ဘယ်ပြောလို့ ရပါ့မလဲ မသိစေချင်လို့ ခိုးဝင်ပါတယ် ဆိုမှ ဟုတ်ရင်လဲ ဝန်ခံ နိုင်ပါ့မလား

လို့ ပြောဆို ဖြေကြားဖူးပါတယ်။

ကြိမ်ဖန်များစွာ အမေရိကန်စစ်ဋ္ဌာနချုပ် ပင်တဂွန် ဝင်ရောက်ခဲ့တဲ့ ထဲမှာ အကျော်ကြားဆုံး ဖြစ်ရပ်ကတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ ကွန်ပြူတာကို မနှစ်ကဂျွန်လမှာ ဝင် Hack ခြင်းပါပဲ၊ တရုတ် ဟက်ကာတွေ စစ်ဝန်ကြီးရဲ့ ကွန်ပြူတာထဲက လိုချင်တဲ့ အရာက မဟာဗျူဟာမြောက်တဲ့ F-35 ဖိုက်တာ ဂျက်တိုက်လေယာဉ် ဘလူးပရင့် တွေနဲ့ အမေရိကန် လေတပ်ရဲ့ လေကြောင်းလမ်းညွှန် စီမံခန့်ခွဲမှု အထောက်အထားတွေ ပါပဲလို့ ဒီနှစ် ဧပြီလထုတ် ဝေါလ်စထရိ ဂျာနယ်မှာ ဖေါ်ပြ ထားဖူးပါတယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အမေရိကန် သမတ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလများဆီက သူတင်ကိုယ်တင် ကြဲနေတဲ့အချိန် သမတလောင်း ဘားရက်အိုဘားမား နဲ့ ဂျွန်မက်ကိန်း တို့ရဲ့ ကွန်ပြူတာ တွေထဲကို စိမ့်ဝင်ထိုးဖေါက် ခံရတယ်လို့ အမေရိကန် ဗဟို ထောက်လှမ်းရေးက Newsweek မဂ္ဂဇင်းကို ပြောကြားလိုက်ပြီး သူတို့ ထင်ကြေးကတော့ ဝင် ဟက်သူ တွေကတော့ တရုတ် နဲ့ ရုရှား ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။ Source မဖေါ်ပြလိုတဲ့ တရုတ်ဟက်ကာ ၂ယောက်က People’s Liberation Army (PLA) လို့ လူသိများတဲ့ တရုတ်တော်လှန်ရေး တပ်မတော်က ၂၀၅၀မှာ တကမာ္ဘလုံးကို တရုတ်က အီလက်ထရောနစ် နည်းပညာ လွှမ်းမိုးမှု ရှိအောင် စွမ်းဆောင်နေတယ်လို့ ပြောကြားဖူးပါတယ်။ ပြီးခဲ့တဲ့လကပဲ ဂျာမန်အစိုးရ ကွန်ပြူတာ စစ္စတမ်တွေ ဖြစ်တဲ့ ဂျာမန်အဓိပတိ မစ္စအိန်ဂျလာမာကဲလ်ရဲ့ ကွန်ပြူတာနဲ့ အခြားဝန်ကြီး ၃ဦးရဲ့ ကွန်ပြူတာ စစ္စတမ်တွေထဲ တရုတ်စစ်တပ်က ချိုးဖေါက်ဝင်ရောက်ဖို့ ကြိုးပမ်းဖူးတယ်လို့ ဂျာမန်မဂ္ဂဇင်း Der Spiegel မှာ ဖေါ်ပြထားပါတယ်၊ နယ်သာလန်က နေတိုး စစ္စတမ်တွေထဲလဲ ထိုးဖေါက် ဝင်ရောက်ဖူးပါတယ်။ ဒီလို ကြိမ်ဖန်များစွာ ပြုကျင့်နေတဲ့ တရုတ်ရဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှုတွေကို လွန်ခဲ့တဲ့နှစ် ဩစတြေလျမှာ ပြုလုပ်ခဲ့တဲ့ အေပက်ထိပ်သီး အစည်းအဝေးမှာ တရုတ် သမ္မတ ဟူကျင်းတောင်ကို သေနတ်ပစ်ကောင်းတဲ့ အမေရိကန် သမ္မတဟောင်း ဂျော့ချ်ဘုရှ် က ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်ရဲ့ ကွန်ပြူတာကို ဝင်Hackတဲ့ ကိစ္စမေးတော့ ဟူကျင်းတောင်က မဖြေဖို့ ငြင်းဆန် ခဲ့ဖူးပါတယ်တဲ့။

ပင်တဂွန်ကို ၂၀၀၅ခုနှစ် ၁နှစ်ထဲမှာပဲ အကြိမ်ပေါင်း ရ၉၀၀၀ ကျူးကျော် ဝင်ရောက်တာ ခံရပြီး၊ အကြိမ်ပေါင်း ၁၃၀၀ က စည်းကျိုးပေါက်ပြီး၊ တပ်မ ၁၀၁၊ လေထီးခုန်ဗုံးကျဲ တပ်ရင်း ၈၂ နဲ့ အမှတ် ၄ ခြေမြန်တပ်ရင်း က အချက်အလက်တွေ ပါသွားဖူးတယ်လို့ သိရှိရပါတယ်။ ၂၀၀၆ခုနှစ် နိုဝင်ဘာလကလည်း အမေရိကန်ရေတပ် အကယ်ဒမီ ကောလိပ်ရဲ့ နက်ဝပ်ခ်ကို အတင်းကာရော ပိတ်ပစ်ဖို့ ရက်သတ္တပါတ်ပေါင်းများစွာ ကြိုးပမ်းဖူးပါတယ်၊ ပင်တဂွန်ဟာ ကွန်ပြူတာ အလုံးပေါင်း ၅သန်းကျော်နဲ့ နက်ဝပ်ခ် ၁သိန်းကျော်တို့ ကို နိုင်ငံပေါင်း ၆၅နိုင်ငံကနေ ချိတ်ဆက် အသုံးပြု နေရပါတယ်လို့ ပင်တဂွန် နက်ဝပ်ခ် ဆန်းစစ်လေ့လာသူ ဂျင်မ် မဲန်းနစ်ခ် ပြောကြားပါတယ်။ ဟက်ကာတွေ တိုက်ခိုက်တတ်တဲ့ ပုံသဏ္ဍာန် ၆မျိုးရှိပြီး Malware ၊ Hacking ၊ Botnets ၊ Keystroke loggers ၊ Denial of service attacks ၊ Phishing and spoofing ၊ တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီတော့ ဘီဂျင်းအစိုးရ ကိုမေးချင် စမ်းပါဘိ၊ ကွန်ပြူတာ အွန်လိုင်းနက်ဝပ်ခ် ဆိုတာ အခုခေတ်မှာ ကြိုက်တဲ့နေရာ လွှင့်မျောနိုင်တာ မှန်ပေမဲ့ မိမိဖါသာ မကြိုးပမ်းပဲ ဘာကြောင့် အမေရိကန် နည်းပညာလောကရဲ့ လှို့ဝှက်ချက်တွေ ရရှိဖို့ အားသွန်ခွန်စိုက် ဘီလျံဒေါ်လာတွေ သွန်းလောင်းထည့် ကုန်ကျခံ နေပါသလဲ၊ မိမိနိုင်ငံလည်း ယခုအခါ စီးပွားရေးအရ အလွန်ချောင်လည်နေပြီး လပေါ်တက်နိုင်သည့် နည်းပညာများစွာ ရှိပါရဲ့နဲ့ အဘယ်ကြောင့် ဂုဏ်သရေရှိ လူကြီးလူကောင်း မဆန်ချင်ပါသနည်း။

ပင်တဂွန် ဂျွန်လ တိုက်ခိုက်မှုအတွက် ဂျော့ချ်ဘုရှ် မေးတုန်း မဖြေခဲ့မိတာ တရုတ်တို့ အရှက်ရစွာ ကံကောင်းနေ၍ ဖြစ်မည်၊ ထိုအချိန်က ဘုရှ်က ပင်တဂွန် source အရ ဘယ်သူလုပ်တယ် ဆိုတာ သေခြာပေါက် သိနေခဲ့တာဟု ဖိုင်နင်ရှယ် တိုင်းမ်း သတင်းစာကြီးတွင် ရေးသား ထားခဲ့ဖူးပြီး၊ တလောက ဂျာမန်အဓိပတိ အိန်ဂျလာမာကဲလ်၏ ကွန်ပြူတာ ဝင်နှိုက်တော့လည်း မာကဲလ်က ခပ်ဆတ်ဆတ် အမျိုးသမီးဆိုတော့ ချက်ခြင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဆီ ဖုန်းကောက်ဆက်ပြီး

ကျမတို့ တယောက်နဲ့ တယောက် ဥပဒေသတွေ လေးစားသမှု ပြုကြရအောင်လို့

ပြောခဲ့တာမျိုးတွေကို တရုတ်တို့ ခြိမ်းခြောက်မှုနှင့် အရှက်တရား ကွဲပြားပါလေစဟု ……. တွေးနေမိသည်။

ဇာမဏီရိုင်း

LEAVE A REPLY

Please enter your comment!
Please enter your name here