၂ကြိမ်မြောက် ရုရှားလက်နက်ရုံ ပေါက်ကွဲမှု အနည်းဆုံး လူ၈ဦး သေဆုံး

alt

နိုဝင်ဘာ (၂၃)ရက် နေ့က ရုရှားနိုင်ငံတွင် လက်နက်ရုံ တခု ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ(၈)ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ မော်စကို မြို့တော်မှ အရှေ့တောင်ဘက် မိုင်(၅၅၀) အကွာရှိ ယူလီယာနော့ဗ် အရပ်တွင်

ဖြစ်ပွားခဲ့သည့် ရေတပ် လက်နက်တိုက် အမှတ်(၃၁) ပေါက်ကွဲမှုကြောင့် သေဆုံး သွားသူများ အားလုံးသည် စစ်သားများဖြစ်ပြီး ဗုံးကျွမ်းကျင်သော သီးသန့်တပ်ဖွဲ့မှ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက အတည်ပြုသည်။

လွန်ခဲ့သော (၁၀)ရက် ကလည်း ယင်း နေရာတွင်ပင် ပေါက်ကွဲမှု တခုဖြစ်ပွား ခဲ့ဖူးသေးသည်။ သေဆုံးသူများမှာ ဖောက်ခွဲရေး ပစ္စည်းများကို ကုန်တင်ကား တစင်းပေါ် နေရာချနေစဉ် အဖြစ်ဆိုးနှင့် တိုးသွားခြင်းဟု သိရသည်။

ပြီးခဲ့သည့် တကြိမ် ပေါက်ကွဲမှုမှာ အသုံးမလိုသော လက်နက် ခဲယမ်းများကို ဖျက်ဆီးရာမှ ဖြစ်ပွားခဲ့ပြီး လူ(၂)ဦး မီးလောင် သေဆုံးခဲ့သည်။ ယခုတကြိမ် ပေါက်ကွဲမှုကို မိုင်ပေါင်းများစွာ ကွာဝေးသော နေရာမှပင် ကြားရပြီး မီးခိုးလုံးကြီးများ ကိုလည်း လူအများက တွေ့မြင် ခဲ့ရသည်။

ပေါက်ကွဲမှုကြောင့် နောက်ထပ် လူ(၂)ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။ ရုရှား စစ်တပ်သည် ယခုကိစ္စ နှစ်ခုလုံးနှင့် ပတ်သက်သော အသေးစိတ် အကြောင်းအချက် များကို စုံစမ်းနေဆဲ ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လက်နက်တိုက် အမှတ်(၃၁)တွင် လက်နက်ကြီး ကျည်ဆန်များအပြင် အခြားသော မီးလောင်အား ပြင်းထန်သည့် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိုလှောင် ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here