တရုတ်နိုင်ငံမှ အဆိပ်သင့်နို့မှုန့် ပြုလုပ်ခဲ့သူ နှစ်ဦးအား သေဒဏ် ချမှတ်လိုက်

alt

တရုတ် နိုင်ငံသည် ကလေးငယ်များ အား သေကြေစေခဲ့သည့် အဆိပ်သင့် နို့မှုန့် ပြုလုပ်သူ နှစ်ဦးအား နိုဝင်ဘာ (၂၄)ရက် နေ့က သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

၎င်းတို့ ပြုလုပ်သော နို့မှုန့်များကြောင့် ကလေး(၆)ဦး သေဆုံးပြီး (၃၀၀၀၀၀) ကျော် နာမကျန်း ဖြစ်ခဲ့ရသည်။ ဖြန့်ဖြူးခဲ့သူ ဇန်ယူဂျန် အား တရုတ် တရားရုံးတော်က ပြည်သူ့ လုံခြံုမှုကို ထိပါးစေမှု အတွက် သေဒဏ် ချမှတ်ခဲ့ပြီး ဂျန်ဂျင်ပင် မှာမူ မယ်လမင်းပါသော နို့မှုန့်များ ပြုလုပ်ခြင်း အတွက် သေဒဏ် စီရင် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ချမှတ်ထားသည့် ပြစ်ဒဏ်အတိုင်း သေဒဏ် စီရင်မှုကို မတ်လအတွင်း ပြုလုပ်မည်ဖြစ်သည်။ ရှီဂျီဇောင်း တရားရုံးက ယခုစီရင်ချက်ကို ချမှတ် လိုက်သော်လည်း ဘေဂျင်းရှိ တရုတ် ပြည်သူ့တရားရုံးသို့ တရားခံများ အနေနှင့် အယူခံဝင်ခွင့် ရှိနေသေးသည်။ အကယ်၍ ထို ပြစ်ဒဏ်အတိုင်း ဗဟိုရုံးတော်မှ အတည်ပြုခဲ့ပါက တရားခံများအား သေစေလောက်သည့် ဆေးဝါးများ သွေးကြောထဲ ထိုးသွင်း သေစေမည် ဖြစ်သည်။

နို့မှုန့် များအတွင်း မယ်လမင်းဓာတ် လွန်ကဲစွာ ပါ၀င်နေခြင်းကြောင့် ကလေးများ သေဆုံးရခြင်းသည် တရုတ်နိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး အစားအသောက် အဆိပ်သင့်မှု တခုအဖြစ်လည်း မှတ်တမ်း ၀င်ခဲ့သည်။ ယင်းတို့ အသုံးပြုသော မယ်လမင်းသည် အဓိက အားဖြင့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရန် သုံးစွဲခြင်းဖြစ်ပြီး ပမာဏ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကလေးများ သေဆုံးရခြင်း ဖြစ်သည်။

ဇန်သည် မွေးမြူရေး လုပ်ငန်းရှင် နှင့် လယ်သမား တဦးဖြစ်ပြီး ဂျန်နှင့် ပူးပေါင်းကာ ပရိုတိန်း ကြွယ်ဝသော နို့မှုန့်များအဖြစ် ဟန်ဆောင်ကာ မယ်လမင်းကို အများအပြား သုံးစွဲထားသည့် နို့မှုန့်များ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စတွင် ပူးပေါင်း ပါ၀င်သည့် ဂျန်၏အစ်ကို ဂျန်ဂျင်ဇူး မှာမူ ထောင်ဒဏ်(၇)နှစ် ချမှတ်ခံရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း ဖြစ်ပွားခဲ့သည့် နို့မှုန့် ပြဿနာအတွက် လူ(၂၁)ဦး စွဲချက် တင်ခံရပြီး ကျန်ပုဂ္ဂိုလ် များကိုလည်း နှစ်ရှည် ထောင်ဒဏ်များ အသီးသီး ချမှတ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here