ငါးဖမ်းလှေ ၄စင်းနှင့် သင်္ဘောသား ၄၀ မြန်မာရေတပ် ဖမ်းဆီးထားဟု ထိုင်ဝမ် ပြောကြား

alt

နိုင်ငံအတွင်း တရားမဝင် ငါး ဝင် ဖမ်းသည်ဟု ယူဆရသဖြင့် ထိုင်ဝမ် သင်္ဘောသား အယောက်(၄၀)အား မြန်မာရေတပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။

၎င်းတို့သည် ထိုင်ဝမ် ငါးဖမ်းလှေ (၄)စင်းဖြင့် ငါးဖမ်းနေသူများ ဖြစ်ပြီး ထို သတင်းကို ထိုင်ဝမ် ငါးလုပ်ငန်း အုပ်ချုပ်မှုအဖွဲ့ ဒုတိယ ဒါရိုက်တာ ဆေဇူယော က အတည်ပြုခဲ့သည်။

ထိုင်ပေ အခြေစိုက် တရုတ် Times သတင်းစာ ကမူ ကပ္ပတိန်များသည် ထိုင်ဝမ်လူမျိုးများ ဖြစ်ကြသော်လည်း သင်္ဘောသားများက ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အများစု ဖြစ်ကြောင်း သတင်းများက အတန်ငယ် ကွဲလွဲစွာ ဖော်ပြ နေကြသည်။

၎င်း ငါးဖမ်းစက်လှေ (၄)စီး တို့သည် နိုဝင်ဘာ (၁၈)ရက် နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းမှ စတင် ထွက်ခွာလာခဲ့ပြီး နောက်တရက်တွင် မြန်မာ့ရေတပ်က ယင်းတို့အား နောက်ယောင်ခံ လိုက်နေကြောင်း သတင်းပို့ခဲ့ပြီး နောက် ရေဒီယို အဆက်အသွယ် ပြတ်တောက် သွားခဲ့ရသည်ဟု ဆိုသည်။ ဆေ က မည်သည့် အကြောင်းကြောင့် ငါးဖမ်းလှေများကို ဖမ်းဆီးသည် ဆိုသော အချက်အား တိတိကျကျ မသိရသေးကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

တရုတ် Times ကမူ ယင်း လှေများသည် မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပြီး၊ နိုင်ငံတကာ ရေကြောင်း ဥပဒေများအရ နိုင်ငံတနိုင်ငံသည် ၎င်း၏ကမ်းလွန်မှ ရေမိုင်(၂၀၀) အကွာအထိကို နိုင်ငံပိုင် စီးပွားရေးဇုန် အဖြစ် သတ်မှတ် ထားနိုင်ပြီး ထိုနေရာမှ ရရှိသော သဘာဝ ရင်းမြစ်များအား ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ် အစိုးရ နိုင်ငံခြား ဆက်ဆံရေးဌာနသည် ယခု ဖြစ်ရပ်အတွက် စုံစမ်းမှုများ ဆောင်ရွက်နေပြီး သင်္ဘောသားများ အမြန်ဆုံး လွတ်မြောက်ရန် ကြိုးပမ်းပေးနေကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်  တရားမဝင် ငါးဖမ်းလှေမှ နိုင်ငံခြားသားပေါင်း ၁၂၀ခန့် နာမည်ဆိုး နှင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင် ချုပ်နှောင် ထားသည်ဟု သိရှိရပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် ငါးဖမ်းလှေ ၁၀စင်းခန့် အားလည်း ဖမ်းဆီး ထားသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here