အာဖဂန်ရောက် ဗြိတိန် စစ်သမီးများ ကိုယ်ဝန်ရှိသဖြင့် နေရပ်ပြန်ပို့ရ

alt

ပြီးခဲ့သော (၆)လအတွင်း ဗြိတိသျှ စစ်မှုထမ်း အမျိုးသမီး (၁၀)ဦးတို့သည် ကိုယ်ဝန် ရှိနေကြောင်း စစ်ဆေးတွေ့ရှိပြီး နောက် အာဖဂန်နစ္စတန် စစ်မြေပြင်မှ အမိမြေသို့ ပြန်ပို့ခံရကြောင်း သိရှိရသည်။

ဗြိတိန် တပ်မတော်တွင် တင်းကြပ်သော စည်းမျဉ်းများ ပြဌာန်းထားပြီး ကိုယ်ဝန် ရှိနေသော စစ်သမီးများကို စစ်ရေးတာဝန် ထမ်းဆောင်ခွင့် မပြုချေ။

ယင်း အမျိုးသမီးများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ အပါအဝင် မည်သို့မည်ပုံ ကိုယ်ဝန်ရလာသည်ကို စစ်ဆေးမှုများ ခံကြရမည် ဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော် အတွင်း လိင်နှင့် ပတ်သက်သည့် စည်းမျဉ်းများကို ယခင် ကတည်းက တင်းတင်းကြပ်ကြပ် ပြဌာန်းထားကြောင်း သတိပေးခဲ့သည်။

အာဖဂန်တွင် ဗြိတိန်မှ စစ်သမီး(၇၀၀) နှင့် စစ်သား(၈၅၀၀)တို့ တပ်စွဲထားပြီး ၎င်းတို့သည် ရှေ့တန်းတွင် တပ်စွဲထားစဉ် လိင်ဆက်ဆံမှု မပြုရဟူသည့် No Touching မူဝါဒကို ကာကွယ်ရေး ၀န်ကြီးဌာနက ပြဌာန်း ထားခဲ့သည်။

ယခုနှစ် ဧပြီလမှ အောက်တိုဘာလ အတွင်း အာဖဂန်ရောက် ဗြိတိန်စစ်သမီး (၁၀၀)ကျော်ကို ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၀)ဦးတွင် ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိပြီးနောက် နေရပ် ပြန်ခဲ့ရသည်။ အချို့တို့သည် စစ်ပွဲတွင် အာရုံစိုက်နေပြီး ကိုယ့်ကိုကိုယ် ကိုယ်ဝန် ရှိနေကြောင်းပင် မသိဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

ဗြိတိန် စစ်တပ်တွင် အမျိုးသမီးများအား တိုက်ခိုက်ရေး တာဝန် ပေးလေ့မရှိဘဲ ဆရာဝန်နှင့် သူနာပြုများ အဖြစ်သာ စစ်မှုထမ်းစေသည်။ ကာကွယ်ရေး ၀န်ကြီးဌာန၏ ကြေညာချက်အရ ဗြိတိသျှ စစ်သမီး (၄)ဦးတို့သည် လာမည့်နှစ် အတွင်း စစ်သမီးတို့၏ အခန်းကဏ္ဍ အတွက် သမိုင်းသစ်ကို ရေးထိုးမည်ဖြစ်ကာ ပထမဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်မောင်း များအဖြစ် ရှေ့တန်း စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here