မိုက်ကယ်ဂျက်ဆင် လက်အိတ် လေလံတွင် ဈေးကောင်းရ

alt

နိုဝင်ဘာ (၂၁)ရက် နေ့က နယူးယောက် တွင် မိုက်ကယ် ဂျက်ဆင်၏ အမှတ်တရ ပစ္စည်းများကို လေလံတင် ရောင်းချခဲ့ရာ ၎င်း ၀တ်ဆင်ခဲ့သော စိန်စီသည့် သဏ္ဍာန် တောက်ပသော ကျောက်များဖြင့်

စီခြယ် ထားသည့် လက်အိတ်ကို ဒေါ်လာ ၃သိန်းခွဲဖြင့် ၀ယ်ယူသွား ခဲ့ကြောင်း သိရှိရသည်။

ဟောင်ကောင်မှ ကာဆီနို နှင့် ဟော်တယ်များ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟော့ဖ်မင်းမာက ယခု အမြင့်ဆုံး ဈေးကို ပေးခဲ့ခြင်း ဖြစ်ပြီး မူလက လေလံ တာဝန်ခံများသည် လက်အိတ် အတွက် အများဆုံး အနေဖြင့် ဒေါ်လာ ၅သောင်းသာ ရနိုင်မည် ဟုသာ အမြင့်ဆုံး မျှော်မှန်း ထားခဲ့ကြသည်။

ထို လက်အိတ်အား ဂျက်ဆင်၏ နာမည်ကျော် Moon Walk အကဖြင့် ဖျော်ဖြေသော ရုပ်မြင်သံကြား အစီအစဉ် အတွင်း (၁၉၈၃) ခုနှစ်က ၀တ်ဆင်ခဲ့ပြီး ထို့နောက်ပိုင်းတွင် ညာဖက် လက်အိတ်တဖက် ၀တ်ထားခြင်း သည် ဂျက်ဆင်၏ အထိမ်းအမှတ် အဖြစ် သတ်မှတ်ခံရသည် အထိ ရေပန်းစား လာခဲ့သည်။

လေလံပွဲကို နယူးယောက် မန်ဟက်တမ် ရင်ပြင်ရှိ Hard Rock ကဖေးတွင် ကျင်းပခဲ့ပြီး ဂျူလီယန် လေလံဌာနက တာဝန်ယူခဲ့ပြီး၊ ယခုပွဲတွင် ဂျက်ဆင်၏ ပစ္စည်းပေါင်း အမျိုး(၈၀)ကို ခင်းကျင်း ရောင်းချခဲ့ပြီး (၁၉၈၉) ခုနှစ်က ဖျော်ဖြေပွဲတွင် ဂျက်ဆင် ၀တ်ဆင်သော ဇစ်များ တပ်ထားသည့် ဂျာကင်အင်္ကျီ ကိုလည်း ဒေါ်လာ၁သိန်း ၆သောင်း ၆ထောင် ဖြင့် ရောင်းချ ခဲ့သေးသည်။

ဂျူလီယန် လေလံဌာနသည် လာမည့်နှစ် ဧပြီလအတွင်း ဂျက်ဆင်နှင့် ပတ်သက်သော ပစ္စည်းများအားလုံးကို အမှတ်တရ ခင်းကျင်း ရောင်းချမည့် လေလံပွဲကြီး တခု ကျင်းပနိုင်ရန် အားခဲ ထားကြောင်းလည်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here