အဏုမြူ ကာကွယ်ရေး စစ်ပွဲအတွက် အီရန် အကြီးအကျယ် စစ်ရေးလေ့ကျင့်နေ

alt

အီရန် နိုင်ငံက ယခု တနင်္ဂနွေ နေ့မှာပဲ လေကြောင်း ရန် ကာကွယ်ရေး အကြောင်းပြချက်နဲ့ သူတို့ပိုင် နျူကလီး ယား စက်ရုံတွေကို တိုက်ခိုက် လာရင် ကာကွယ်သွားနိုင်ဖို့ ရည်ရွယ်ပြီး ၅ရက်

အကြာ အလွန်ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှု တွေကို အီရန်နိုင်ငံ အလယ်ပိုင်း၊ အနောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေမှာ အကြီး အကျယ် စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ အရှေ့ အလယ်ပိုင်းက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယမန်နေ့ စနေနေ့ တုန်းကပဲ အီရန် ဗိုလ်ချုပ် အာမက် မဂ္ဂါနီ က အီရန်နိုင်ငံက Fars သတင်းဌာနကို ပြောကြားခဲ့ရာမှာ အခုလို စစ်ရေး လေ့ကျင့်နေချိန်မှာ အီရန် နိုင်ငံအပေါ် ခြိမ်းခြောက်မှု မှန်သမျှကို အီရန် လေတပ်က တာဝန်ယူထားပြီး၊ ယခု လေ့ကျင့်မှု ကတော့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်မှုတွေ လုပ်လာခဲ့ယင် ကာကွယ်တဲ့ ပုံစံမျိုး လေ့ကျင့်မှုတွေကို လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ အီရန်နိုင်ငံက တော်လှန်ရေးမြို့စောင့် အထူးတပ်ဖွဲ့တွေနဲ့ အခြား ပါလီမန် ဘာစီးဂျ် လက်နက်ကိုင် တပ်ဖွဲ့အပြင်၊ အရပ်ဖက်က လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ပါ၀င်မှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီရန် လေတပ်မတော် အကြီးအကဲ ဗိုလ်မှူးချုပ် အလီ ဟာဂျီဇါဒက် ကတော့ အစ္စရေးလ်က အီရန်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စံနစ်ကို ကျော်လွှားပြီး ဝေဟင်ကနေ ဗုံးကြဲတာမျိုး လုပ်လာရင် အီရန်ဘက်က အစ္စရေးလ် စစ်စခန်းတွေကို မြေပြင်က မြေပြင်ပစ် တာတို တာလတ်ပစ် ဒုံးကျည်တွေနဲ့ ခုခံ တိုက်ခိုက်မယ်လို့ သူ့ရဲ့ တော်လှန်ရေးမြို့စောင့် အထူးတပ်ဖွဲ့ ဝဘ်ဆိုဒ် Sephahnews မှာ ပြောဆိုခဲ့ပါတယ်။

ကမာ္ဘ့ ကုလသမဂ္ဂနဲ့ ဥရောပ နိုင်ငံတွေက ဖိအားပေး နေတဲ့ကြားက အီရန်နိုင်ငံဟာ အငြင်းပွားစရာ အဏုမြူ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပြီး ယခုလို စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ တန်ပြန် တိုက်ခိုက်သွားဖို့ အသင့်ရှိနေကြောင်း ပြသသလို လုပ်ပြလေ့ ရှိတယ်လို့ စစ်ရေး လေ့လာသူတွေက ဆိုကြပါတယ်။

ဆက်လက်ပြီး အီရန်ဟာ နျူကလီးယား ကိစ္စနဲ့ ပတ်သက်လို့ သံတမန်ရေး နည်းလမ်းတွေနဲ့ မအောင်မမြင် ဖြစ်ခဲ့ရင် စစ်ရေးနဲ့ ဖြေရှင်းမယ့် နည်းလမ်းကိုလည်း လက်ဆုပ်လက်ကိုင် ပြုထားကြတယ်လို့ အရှေ့အလယ်ပိုင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here