နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများကို မှတ်တမ်း တင်ခဲ့သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခံရ

alt

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ ဘဝ အခြေအနေ မှန်ကို မှတ်တမ်းတင် ဗီဒီယို ရိုက်ခဲ့သည့် အလွတ်တမ်း ကင်မရာမင်း ၂ ဦးအား ဂုဏ်ပြုဆု ချီးမြှင့်မှုကို နိုဝင်ဘာ (၂၀)ရက်

နေ့တွင် လန်ဒန်၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရှိရသည်။

ဆုချီးမြှင့်ခံ ပုဂ္ဂိုလ်မှာမူ ထိုပွဲသို့ တက်ရောက် လက်ခံကာ ဆုယူနိုင်မည် မဟုတ်ပေ။ T ဟုသာ အမည် ဖော်ပြသော ပုဂ္ဂိုလ်သည် ရန်ကုန်မြို့၊ အင်တာနက် ကဖီးတခုတွင် အဖမ်းဆီး ခံရပြီး ယခုအခါ အင်းစိန် ထောင်ထဲတွင် ချုပ်နှောင် ခံထားရသည်ဟု ဆိုသည်။

ယင်းသည် (၄)လကြာ ချုပ်နှောင် ခံရပြီးနောက် စွဲချက် မကြာမီ တင်ခံ ရဖွယ်ရှိပြီး ထောင်ဒဏ် (၁၀)နှစ်မျှ အနည်းဆုံး ချမှတ်ခံရရန် နီးစပ်နေသည်။ Rory Peck ဆုသည် အလွတ်တန်း ကင်မရာမင်းများ အတွက် အကောင်းဆုံး မှတ်တမ်းများကို ပြုစု ရိုက်ကူးနိုင်သည့် အခြေအနေ အလိုက် ဂုဏ်ပြု ချီးမြှင့်သော ဆုဖြစ်သည်။

မြန်မာ နိုင်ငံသည် သတင်း လွတ်လပ်ခွင့် အတင်းကြပ်ဆုံး နိုင်ငံတခုဖြစ်ပြီး နာဂစ်ဒဏ်သင့် ဒေသများ၏ အခြေအနေမှန်ကို သတင်း မီဒီယာများက ဖော်ထုတ်ခွင့်ကို ပိတ်ပင် ထားမြစ်ထားခဲ့သည့် ဒေသတခု ဖြစ်သည်။ ထိုဒေသများသို့ အကူအညီ ပေးရေး လုပ်ငန်းများ သွားရောက် လုပ်ကိုင်သည့် သတင်းထောက် များမှာလည်း အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်းကို ခံနေရဆဲ ဖြစ်သည်။

ယခုဆုရ မှတ်တမ်းမှာ (၂၀၀၈)ခုနှစ်၊ မေလက မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မွှေနှောက် တိုက်ခတ်သွားသည့် မုန်တိုင်းကြီးကြောင့် မိဘမဲ့ ဖြစ်သွားသည့် ကလေးငယ်များ၊ အပျက်အစီးများ၊ သေဆုံးသူများ၏ အလောင်းများ အပါအဝင် အစိုးရ၏ ဒုက္ခသည်များ အပေါ် လျစ်လျူရှုမှု များကိုပါ မှတ်တမ်းတင် ပြသထားသည်။

T၏ လုပ်ဖော်ကိုင်ဖက် မြန်မာ နိုင်ငံသား Z ဆိုသူမှာလည်း ယခုအခါ ထိုင်းနိုင်ငံတွင် ပုန်းရှောင် နေထိုင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here